Around The World In 25 years ကမ္ဘာပတ်လည် ခရီးသည်

ကမ္ဘာပတ်လည် ရက်ရှစ်ဆယ် ပြဋ္ဌာန်းစာအုပ်ကို ငှားဖတ်တယ်။ ကျွန်တော်လည်း ခရီးတွေ အတော်သွားခဲ့ပြီးပါပြီ။ နှစ်ပေါင်းအစိတ်အတွင်းမှာ နိုင်ငံပေါင်းသုံးဆယ်ကို သွားခဲ့၊ လာခဲ့၊ နေထိုင်ခဲ့ရပါတယ်။

၁။ အိန္ဒိယ = ၂၄ နှစ် (၂၁-၁၂-၁၉၉ဝ မှ ၁၈-၉-၂ဝ၁၄ အထိ)
၂။ ထိုင်းနိုင်ငံ = အရေအတွက်မမှတ်မိ (တနှစ်မှာ ၂-၃ ခေါက်)၊
၃။ နီပေါ = ၆ ခေါက်၊
၎။ ကမ္ဘောဒီးယား = ၅ ခေါက်၊
၅။ ဂျာမဏီ = ၄ ခေါက်၊
၆။ အင်ဒိုနီးရှား = ၄ ခေါက်၊
၇။ ဖိလစ်ပိုင် = ၄ ခေါက်၊
၈။ ဒိန်းမတ် = ၃ ခေါက်၊
၉။ မလေးရှား = ၃ ခေါက်၊
၁ဝ။ သီရိလင်္ကာ = ၃ ခေါက်၊
၁၁။ စင်္ကာပူ = ၂ ခေါက်၊
၁၂။ ဆွီဒင် = ၂ ခေါက်၊
၁၃။ အီတလီ = ၂ ခေါက်၊
၁၄။ ဂရိ = ၂ ခေါက်၊
၁၅။ အိုင်ယာလန် = ၂ ခေါက်၊
၁၆။ ဆွစ်ဇာလန် = ၂ ခေါက်၊
၁၇။ ပိုလန် = ၂ ခေါက်၊
၁၈။ သြစတေးလျ = ၂ ခေါက်
၁၉။ တီမော-လက်ဆီ = ၁ ခေါက် (တလကြာ)၊
၂ဝ။ ကနေဒါ = ၁ ခေါက်၊
၂၁။ အင်္ဂလန် = ၁ ခေါက်၊
၂၂။ တရုပ်ပြည် = ၁ ခေါက်၊
၂၃။ ပါကစ္စတန် = ၁ ခေါက်
၂၄။ နော်ဝေ = ၁ ခေါက်၊
၂၅။ နယ်သာလန် = ၁ ခေါက်၊
၂၆။ ပြင်သစ် = ၁ ခေါက်၊
၂၇။ ဂျမေကာ = ၁ ခေါက်၊
၂၈။ ဂျော်ဒန် = ၁ ခေါက်၊ (ပုံ)
၃ဝ။ မွန်ဂိုလီယား = ၁ ခေါက်၊
၃၁။ အမေရိကား = ၄ ခေါက် (၁၈-၉-၂ဝ၁၄ ကစပြီး အခြေချနေထိုင်မီက)

ဂျာမဏီ ကိုလုံးမြို့ကို ရောက်ဖူးတယ်။ ကျွန်တော်တို့ငယ်ငယ်ကတော့ အော်လ် ဒီ ကိုလုန်း ရေမွှေးက မြန်မာပြည်မှာ နာမည်ကြီးတယ်။ ခွဲစိတ်ပညာသင်ရတော့ လိပ်ခေါင်းဖြစ်တဲ့နေရာကို ၄-၇-၁၁ ဂဏန်းနဲ့မှတ်သားရတာ မမေ့တော့ပါ။ ၄ နာရီ၊ ၇ နာရီနဲ့ ၁၁ နာရီနေရာတွေကနေ လိပ်ခေါင်းထွက်တယ်။ 4711 ဆိုတာ Eau de Cologne ရေမွှေးထုတ်တဲ့ အိမ်နံပါတ်ဖြစ်ပါတယ်။ လာလည်သူတိုင်း ရေမွှေးတခါသုံး ယူသွားဘို့ ပိုက်ဆံမပေးရပါ။ လက်ကိုင်ပုဝါတထည် ယူသွားတယ်။ အဲဒီရေမွှေးကုမ္ပဏီက ၁၇၉၉ ကတည်းက ဖေါ်မြူလာအတူနဲ့ ရေမွှေးထုတ်နေတာဖြစ်ပါသတဲ့။

လီယိုတော်လ်စထွိုင်းပုံပြင်တွေနဲ့ ရှိတ်စပီးယားပြဇာတ်တွေ သင်ခဲ့ရပြီး တကယ့်ဇာတ်ခုံမှာ ကပြခဲ့ရပါတယ်။ ဂါလီဗာ၏ ခရီးစဉ်များစာအုပ်ကို ကိုးတန်းမှာသင်ခဲ့ရတယ်။ ကျွန်တော်ကတော့ စိတ်ကူးယဉ်ခရီး မဟုတ်တာကိုသာ သွားခဲ့ပါတယ်။ အာနာပူရနာတောင်ထက်စာအုပ်ကို ဆယ်တန်းမှာသင်ခဲ့ရတယ်။ ဖြတ်ကျော်ရတော့ ချင်းတောင်တန်း။ နေရတာက ဟိမဝန္တာအောက်နားကပါ။ လီယာဘုရင်ကြီးပြဇာတ်ကို မကြည့်ဘူးပေမယ့် ဂျော်ဒန်ဘုရင်မိန့်ခွန်းပြောတာတော့ နားထောင်ခဲ့ရတယ်။ ဂျူးလီယက်ဆီဇာလို ဧကရာဇ်ကျဆုံးခန်းမျိုးတွေကို မြင်ခဲ့ရတယ်။ ဂျူးလူမျိုး ရှားလော့လို လောဘသမားမျိုးတွေ ကြုံဘူးတယ်။ ဟင်းမလက် ဒိန်းမတ်မင်းသားရဲ့ကြေကွဲဖွယ်ရာပြဇာတ်ထဲကလို စာအတုနဲ့ အတိုင်အတောခံရဖူးတယ်။

အစည်းအဝေးတွေသာ ခေါင်းထဲမှာရှိလို့ ရောက်တဲ့နိုင်ငံတွေမှာ စီစဉ်ပေးတဲ့ ဆိုက်ဆင်း ခေါ်လည်ပတ်ကြည့်ရှုတာကို မလိုက်ဖြစ်တာများတယ်။ နယူးယော့နှစ်ခေါက် လစ်ဗာတီရုပ်တုကို မရောက်ခဲ့ပါ။ ဂျာမဏီက နာဇီအကျဉ်းစခန်းတခုကို ရောက်ဖူးတယ်။ ဘာလင်တံတိုင်း ရောက်တယ်။ ဗီယက်နမ်စစ်သင်္ချိုင်း ရောက်ပါတယ်။ ပြင်သစ်ပြည်ရောက်ပေမဲ့ ပဲရစ်ကို မရောက်။ အီတလီရောက်တာလည်း ရောမကို မရောက်ခဲ့ရပါ။

လိမ့်နေတဲ့ကျောက်တုံးမှာ ရေညှိမကပ်ပါ။

ဒေါက်တာတင့်ဆွေ
၁၈-၂-၂ဝ၁၇
၁၈-၂-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး