Broken Heart Syndrome ရင်ကွဲနာ
အရပ်စကားကို ခေါင်းစဉ်လုပ်ထားပါတယ်။ ရင်နာတယ်လို့လည်းပြောကြတယ်။ အသည်းကွဲတယ်လို့လည်း မသဲမကွဲ ပြောတတ်ကြတယ်။
အီမိုးရှင်းဆိုတာ လူတိုင်းမှာဖြစ်တယ်။ စိတ်ခံစားမှုတွေထဲက ဝမ်းနည်းတာကို ပိုပြောလေ့ရှိကြတယ်။ အလွန်အကျွံ ဝမ်းနည်း ပူဆွေးခြင်း ဖြစ်တတ်ကြတယ်။ ပါဠိစကားစုတွေ မထည့်တော့ပါ။ ဆေးစာနဲ့ Profound emotional sadness ခေါ်တယ်။
အဲလိုဖြစ်ရင် စိတ်မှာသာဖြစ်ပေါ်ပြောင်းလဲတာမကပဲ ကိုယ်မှာလည်းဖြစ်တယ်။ သွေးဖိအားတက်မယ်။ နှလုံးခုန် မြန်လာမယ်။ ကြွက်သားတွေ အားနည်းလာမယ်။ ခုခံအားစံနစ်ကိုပါ သက်ရောက်တယ်။ ဟော်မုန်းတွေလည်းပါတယ်။ Cortisol ကော်တီဇောလ်လို့ခေါ်တယ်။ အဲဒီအစွမ်းကြောင့် ရင်ပတ်နေရာမှာ လေးလံကိုက်ခဲလာမယ်။ အသက်ရှူရတာ ခက်လာမယ်။ အစာအိမ်မှာ တမျိုးတမြည်ဖြစ်လာတယ်။
စိတ်ဆင်းရဲလို့ စိတ်ဓါတ်ကျလို့ ခေါင်းကိုက်မယ်။ နှလုံးအတက်ရနိုင်တယ်။ လေ့လာမှုတခုအရ စိတ်ဓါတ်ကျသူတွေမှာ နှလုံးအတက်ရတာ သာမန်လူတွေထက် ၅ ဆ ပိုဖြစ်တာတွေ့ရတယ်။ အဲလိုဖြစ်တာအတွက် ဆေးကုနည်းကို Stress Cardiomyopathy ခေါ်တယ်။
အသဲကွဲတယ်လို့ ပြောလေ့ရှိတာဟာ အမျိုးသမီးတွေမှာ ဆယ်ဆပိုဖြစ်ကြတယ်။ ဆောရီး။ Broken Heart Syndrome လို့ ခေါ်တယ်။ ပြောလေ့ရှိတယ်။ ငါ့ဘဝမှာ အသဲကွဲတာ ဘယ်နှစ်ခါရှိပြီလို့။ ရင်ပတ်နေရာ လေးလံလာပြီး နှလုံးခုန်တာ ပုံမမှန် ဖြစ်လာမယ်။ မြန်လိုက် ရပ်လိုက်ဖြစ်မယ်။ Arrhythymia လို့ခေါ်တယ်။ Beta blocker ဆေးပေးရတယ်။
ဖြစ်တတ်သူတွေ အတွေ့အကြုံကို သင်ခန်းစာယူသင့်တယ်။ ကိုယ့်ခန္ဓာကိုယ်ကပြောတာကို နားထောင်ပါလို့ အကြံပြုပါတယ်။ မူမမှန်ဖြစ်လာတာကို ရပ်အောင်ကြိုးစားပါ။ အရင်ဖြစ်ခဲ့တာထက် အချိန်တိုတိုနဲ့ ရပ်ပါစေ။ ငိုချင်ရင် ငိုလိုက်ပါ။ အော်ချင်ရင် အော်လိုက်ပါ။ အချိန်ကန့်သတ်မှု မထားပါနဲ့။ သူများက အဲလောက်ဆိုတော်ပြီလို့ ဖျောင်းဖျတာကိုလည်း နားမထောင်ပါနဲ့။ ကိုယ့်ရုပ်ပိုင်းလိုအပ်ချက်တွေကိုတော့ အနည်းဆုံးပြည့်မီပါစေ။ နူးညံ့တာ၊ နွေးထွေးတာ၊ ထိကိုင်ပွေ့ဖက်ခြင်းကနေ သက်သာစေမယ်။ နာတာရှည် နာကျင်ကိုက်ခဲမှုကိုတော့ မေ့မထားပါနဲ့။ လိုအပ်ရင် ဆရာဝန်ပြပါ။ အစားစားဘို့ မမေ့ပါနဲ့။ အိပ်ရေးမပျက်အောင် ဂရုစိုက်ပါ။ ရေချိုးပါ။ ခေါင်းလျှော်ပါ။ လမ်းလျှောက်ပါ။ နေရောင်နဲ့တွေ့ပါ။ အပေါင်းအသင်းတွေနဲ့ ထိတွေ့ဆက်ဆံပါ။ အားပေးကောင်းသူတွေ ရွေးပါ။ ဘာသာရေးလည်း အားကိုးပါ။ အိပ်ဆေးလိုရင် သောက်ပါ။ လိုအပ်ရင် စိတ်အထူးကုဆရာဝန်ပြပါ။ အဲတာအတွက် မရှက်ပါနဲ့။
စိတ်ခံစားမှုနဲ့ ကိုယ်ပိုင်းဆိုင်ရာဆက်စပ်မှုဟာ ဦးနှောက် Anterior cingulate cortex နေရာကို လေ့လာလို့ သိတာ ဖြစ်ပါတယ်။ ဗေးဂတ်စ်အာရုံကြောနဲ့လည်းဆိုင်တယ်။ အဲတာက ဦးနှောက်ပင်စည်ကနေ လည်ပင်း ဆင်းလာပြီး ရင်ပတ်နဲ့ ဝမ်းဗိုက်ကို အလုပ်လုပ်ပေးနေတာဖြစ်တယ်။ ပုံမှန်ထက်ပိုပြီး အလုပ်တွေများလာတယ်။ နာတာနဲ့ အန်ချင်တာ ဖြစ်စေတယ်။
စာနာစိတ်တမျိုးဖြစ်တဲ့ အင်ပသီကြောင့်လည်း ကိုယ့်အမျိုးအဆွေချစ်သူ မဟုတ်တာအတွက် အဲတာမျိုးတွေ ခံစားရနိုင်၊ ခံရနိုင်တယ်။ လူတွေမှာသာမကပါ အကောင်တွေမှာလည်း အဲလိုဖြစ်တယ်။ လေ့လာမှုတွေလုပ်ပေမဲ့ သိပ္ပံပညာရှင်တွေ အကုန်နားမလည်နိုင်သေးပါ။
ဒေါက်တာတင့်ဆွေ
၂၄-၂-၂၀၁၉

Comments
Post a Comment