Media Ethic - Medical Ethic မီဒီယာအက်သစ် ဆေးပညာအက်သစ် မြန်မာစာအက်သစ်

မင်္ဂလာပါဆရာ၊ ကျနော်တို့ Skynet Up To Date ကနေ တနိုင်ငံလုံး Broadcasting ထုတ်လွှင့်တဲ့ အပတ်စဉ်အစီစဉ်မှာ ကျန်းမာရေးကဏ္ဍတိုးချဲ့ထားတာရှိပါတယ်။ ဒီအစီစဉ်အတွက် ဆရာ့ဆီခွင့်မတောင်းပဲ ဆရာ့ကျန်းမာရေး Blog ကနေ ကူးကားထားတာတွေရှိပါတယ်။ ဆရာ့ကို credit ပေးခဲ့ပေမယ့် Media Ethic အရဆိုရင် ကျနော်တို့ လုံးဝမှားပါတယ်။ ဒါပေမယ့် ဆရာစိတ်မရှိဘူးလို့မျှော်လင့်ပါတယ်။ ဆရာ့ ကျန်းမာရေးဆောင်းပါတွေကို နောက်နောင်မှာလဲ ထပ်သုံးဖို့ အစီစဉ်ရှိတဲ့အတွက် ဆရာ့ဆီ ခွင့်တောင်းရင်း၊ ဘယ်လို credit ထိုးရမှာလဲ ဆိုတာမေးချင်လို့ပါဆရာ၊ အခု ကျနော် ထိုးခိုင်းတာကတော့ ဒီတပတ်တင်ဆက်ထားတဲ့ ကျန်းမားရေးအစီစဉ်ကို “မြန်မာနိုင်ငံသားများဘယ်မှာနေနေ ကျန်းမာစေရမည်” ဆိုတဲ့ ကျန်းမာရေး Blog page မှာ ဒေါက်တာတင့်ဆွေ ကိုယ်တိုင်ရေးသားထားတဲ့ ကျန်းမာရေးဆိုင်ရာကဏ္ဍကနေ အဓိကရယူပြီး၊ WHO အသိမှတ်ပြုတဲ့ အခြားကျန်းမာရေးဆိုင်ရာ page တွေကနေ ကူးကားတင်ဆက်ပေးထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံသားအားလုံး ကျန်းမာချမ်းသာကြပါစေလို့ အပိတ်ပြောခိုင်းပါတယ်။ With most respect, Benhur Aung San Lyan, Executive News Producer, Skynet Up To Date

ဟုတ်။ ကျန်းမာရေးစာတွေရေးတယ်ဆိုတာ လူအများ သိရှိ လိုက်နာ ကျန်းမာကြစေဘို့ဖြစ်ပါတယ်။ ကျွန်တော် ရေးထားတာတွေကို ဖတ်သူများ၊ လိုက်နာသူများ၊ ကျန်းမာရေးပိုကောင်းရင် အကျိုးရှိမယ်။ ကျွန်တော်အမည်မပါလဲ အကျိုးရှိရင် ရည်ရွယ်ချက်မြောက်ပါတယ်။ 

အခုလို ခွင့်ပြုချက်တောင်းတာအတွက် ကျေးဇူးတင်တယ်။ အချက် ၂ ချက်သာ ပြောပါရစေ။

၁။ မြန်မာလိုသတ်ပုံတွေနဲ့ အင်္ဂလိပ်စပယ်လင်တွေကို မပြင်စေလိုပါ။

၂။ ကျွန်တော်တို့တိုင်းပြည်မှာ မူပိုင်ခွင့်ကို အလေးထားတဲ့အကျင့်ကောင်းရှိစေချင်လို့ စာရေးသူအမည်ကို ဖော်ပြပေးစေချင်ပါတယ်။

ကနေ့ဖြစ်နေတာက ခေတ်အဆက်ဆက်က ကျောက်စာ၊ ပေစာ၊ စာအုပ်တွေကို သတ်ပုံပြင်ပြီး ထုတ်ဝေနေကြတယ်၊ ဒေါင်းလုဒ်စာအုပ်တွေ အွန်လိုင်းမှာတင်နေကြတယ်။ မြန်မာနိုင်ငံမှာသာရှိတဲ့ ပညာပိုင်းဆိုင်ရာမူပိုင်ခွင့် အလွဲသုံးစားခြင်းတမျိုးဖြစ်တယ်။ စော်ကားတာလို့မြင်တယ်။ မြန်မာစာကို ဖျက်ဆီးတာလို့မြင်တယ်။ ကိုယ့်စာကို ကိုယ့်သတ်ပုံနဲ့ရေးကြတာ သိပ်မပြောလိုပါ။

ဘယ်သူဖြစ်နေနေ ကျန်းမာရေးစာတွေ တင်ဆက်ပေးသူတွေလည်း ကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၃-၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး