Saluting မြန်မာစတေး

နာမာစတေးလို့ မကြားရတဲ့နေ့ မပြောရတဲ့နေ့ မရှိခဲ့တဲ့တိုင်းပြည်မှာ ၂၄ နှစ်ကြာခဲ့တယ်။ ကိုယ့်မွေးတဲ့တိုင်းပြည်မှာက မြန်မာစတေးတဲ့။

ကျွန်တော်တို့တတွေ ဒေလီကိုရောက်စမှာ အံ့သြခဲ့ရတယ်။ လူတွေ့ရင် အပြန်အလှန် လက်အုပ်ချီနှုတ်ဆက်ကြတယ်။ ဘာလူကြီးမှလည်း မဟုတ်၊ ဘယ်ယူနီဖေါင်းမှလည်း ဝတ်မထားသူတွေပါ။ အခုတော့ဗျာ မြန်မာပြည်ကြီးကိုသာ အံသြရပါတော့တယ်။ လူကြီးကို လက်အုပ်မချီရင် မြေမျိုတော့မလောက်ဖြစ်ကုန်ကြပြီ။

လက်အုပ်ချီတယ်လို့ပြောရင် ကန်တော့တာလို့ နားလည်ကြမယ်။ ကိုယ့်ထက် အသက်အရွယ်၊ ဂုဏ်ပညာကြီးတဲ့သူကို အရိုအသေပေးတာ၊ ပူဇော်တာ၊ ကန်တော့တာဖြစ်နိုင်တယ်။ လက်အနေအထား၊ လူကိုယ်ဟန်လဲ ခြားနားနိုင်တယ်။ Greeting နှုတ်ဆက်တာ၊ Saluting ဂါရဝပြုတာ (အလေးပြုတာ)၊ Prostration ထိုင်ကန်တော့တာတွေက မတူကြပါ။

လူမှုရေးမှာ လက်ဝါးဖြန့်ပြီး ပူးကပ်ထာတဲ့လက်က နှလုံးနေရာမှာကပ်ထားရတယ်။ သင့်ကိုတွေ့ရတာ ဝမ်းသာပါတယ်။ ဒီလိုပြောတာဟာ ကျွန်ုပ်ရဲ့နှလုံးကနေပါလို့ဆိုလိုတယ်။ လူကြီးသူမကို အရိုအသေပေးရာမှာလဲသုံးတယ်။ Humility သင်္ကေတလို့ဆိုပါတယ်။ လူသားဆန်တယ်။ တချို့ယဉ်ကျေးမှုမှာ ရိုသေသမှုနဲ့ဆိုရင် ကြီးတဲ့သူရဲ့ ခြေထောက်ကို လာထိရတယ်။ ဒါကြောင့် ဒီလိုလုပ်နည်းဟာ ဘာသာရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ စည်းကမ်းတွေအရ မူကွဲကြတယ်။

မြန်မာနိုင်ငံ ဗုဒ္ဓဘာသာထုံးစံဖြစ်တဲ့ အရိုအသေပေးသူက ကြမ်းပြင်မှာထိုင်ချပြီးမှ လက်အုပ်ချီရတယ်။ ထိခြင်းငါးပါးနဲ့ ပြည့်စုံမှသာ စနစ်ကျတယ်လို့ သတ်မှတ်ထားတယ်။ ထိုင်းနိုင်ငံမှာလည်း ထေရဝါဗုဒ္ဓဘာသာပေမဲ့ မတ်တတ်ရပ်နေရင်း လက်အုပ်ချီကြတယ်။ မဟာယာနဗုဒ္ဓဘာသာဝင် တိဘက်တွေ ဘုရားရှေ့ဝတ်ပြုတာက တရားထိုင်နည်း (ကျင့်နည်း) တခုအနေနဲ့ ဝမ်းလျားမှောက် ဒိုက်ထိုးသလိုလုပ်ရတယ်။ လက်နှစ်ဖက်ကိုခေါင်းပေါ်အထိမြှောက်ပြီး လက်အုပ်ချီ၊ လူကိုယ်က ကြမ်းပေါ်မှာ မှောက်ချရတယ်။

လက်နှစ်ဖက်ကို တခုနဲ့တခုဆုပ်ကိုင်၊ ရင်မှာအပ်၊ ခေါင်းကိုငုံပြီး၊ အပြန်အလှန်လုပ်နည်းက တရုပ်ရှေးယဉ်ကျေးမှုတခု ဖြစ်ပါတယ်။ အပြန်အလှန်လေးစာသမှုနဲ့ ဂါရဝပြုတာဖြစ်တယ်။ Zhou Dynasty ဇောင်မျိုးဆက်မှာစခဲ့တယ်။ Rites of Zhou နည်းနာတွေမှာ အဆင့်အတန်းအရ မတူတာတွေရှိတယ်။ ခရစ်ယန် Bible ဘိုင်ဘယ်မှာ လက်အုပ်ချီရမယ်လို့ မပါဘူးဆိုပြီး ထောက်ပြတာရှိတယ်။ God ဘုရားသခင်ကို အရိုအသေပေးနည်းတွေတော့ အမျိုးမျိုးလက်ခံ ကျင့်သုံးနေကြပါတယ်။

အိန္ဒိယမှာက အဲလိုလုပ်တာကို Namaste နာမာစတေး လုပ်တယ်လို့ခေါ်တယ်။ Namaskar နာမာစကား လို့လဲ မူကွဲရှိတယ်။ ယဉ်ကျေးတဲ့ နှုတ်ဆက်နည်းတခုပါ။ nama = bow နဲ့ te = you ဆိုတဲ့ Sanskrit ဆန်းစ်ခရစ် (သက္ကတ) စကားလုံး ၂ ခု ပေါင်းထားတာဖြစ်တယ်။ သင်နဲ့ကျွန်ုပ် အတူတူပါဘဲလို့ သဘောဆောင်တယ်။ သိထားဘို့က အသင် (အရှင်) သည် ကျွန်ုပ်ထက်မြတ်ပါပေ၏လို့ မဆိုလိုပါ။

လက်အုပ်ချီတာကို ဘာသာရေးနဲ့ ယဉ်ကျေးမှုအပြင် အိန္ဒိယအဖြစ်အပျက်တခုအရ စည်းကမ်းဖြစ်နေတယ်။ ၂ဝ၁၃ အောက်တိုဘာလထဲမှာ ဘယ်ဘာသာမှမကိုးကွယ်သူ အင်္ဂလိပ်စာဆရာတဦးဟာ သူ့လစာတိုးတာကို အဖြတ်ခံရလို့ ကျောင်းကိုတရားမစွဲခင်မှာ လက်အုပ်ချီနှုတ်ဆက်တာကို မလုပ်ဘဲဆန္ဒပြခဲ့တယ်။

မြန်မာပြည်မှာ လူလူချင်း (ဘုန်းကြီးရဟန်းမဟုတ်ဘဲ) မတ်တတ်ရပ်ရာကနေ လက်အုပ်ချီရတာကို မြန်မာ့ယဉ်ကျေးမှုလို့ ပြောရင် မမှန်ပါ။ ဓလေ့ထုံးစံလဲ အရင်ကမရှိခဲ့ပါ။ မြန်မာ့ယဉ်ကျေးမှုကိုဖျက်ဆီးနေတာပါ။ စစ်အစိုးရတက်တော့မှ လုပ်လာတာဖြစ်တယ်။ တိတိကျကျပြောရရင် အတင်းရိုက်သွင်းပေးထားတဲ့ ဥပဒေကဲသို့ အာဏာတည်စေတဲ့ စနစ်တခုသာဖြစ်ပါတယ်။ ယူနီဖေါင်းဝတ်ထားသူတွေကို အစိုးရဝန်ထမ်းတွေ၊ ဆရာဆရာမတွေ၊ ကျောင်းသားတွေက လက်အုပ်ချီနေကြရတဲ့ပုံကို ကျွန်တော်မသုံးပါ။ ကျေးဇူးပြုပြီး ကွန်မင့်မှာ အဲလိုပုံတွေကိုမတင်ကြဘို့ တောင်းပန်ပါတယ်။ မြန်မာစတေးကို စတေးကြစို့။ စတေးကို ဇဒေးလို့အသံထွက်တယ်။ သတ်တာ၊ မရှိတော့အောင်လုပ်တာ၊ ယဇ်ပူဇော်တာ။

ဒေါက်တာတင့်ဆွေ
၁၃-၂-၂ဝ၁၈
၁၃-၂-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး