Measles ဝက်သက်သတင်း

ဝက်သက်ရောဂါမေးကြတာ မနည်းပါ။ အဲလိုကူးစက်ရောဂါဆိုရင် ဘယ်မြို့ဘယ်ရွာကလို့ပါ သိချင်တယ်။ ခက်တာက အသက်-ကျား-မ တောင်ပြောကြတာ မဟုတ်။ အခုပဲ သတင်းတွေတယ်။ တနိုင်ငံလုံးတွင် ဝက်သက်ရောဂါ အများဆုံး ဖြစ်ပွားတဲ့ ရန်ကုန်တိုင်း ၇ မြို့နယ်မှာ အသက် ၉ လမှ ၁၅ နှစ်အထိကလေးတွေကို ဖေဖော်ဝါရီ ၁၇ ရက်ကစပြီး ကာကွယ်ဆေး ထိုးပေးမယ်တဲ့။
လှိုင်သာယာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ ဒဂုံမြို့ သစ် (တောင်)၊ ဒဂုံမြို့သစ် (အရှေ့)၊ ဒဂုံဆိပ်ကမ်း။

ရန်ကုန်လူဦးရေက မြန်မာနိုင်ငံလူဦးရေရဲ့ ၁ဝ% လောက်ရှိတယ်။ ကာကွယ်ဆေးလွှမ်းခြုံနိုင်မှုက ၈၅% လောက်သာ ရှိတယ်။ ဝက်သက်ရောဂါဖြစ်ပွားမှုရဲ့ ၇၅% ဟာ ၁၅ နှစ်အောက်ကလေးတွေမှာ ဖြစ်တယ်။  ၂ဝ၁၇ ခုနှစ်တုန်းက တနိုင်ငံလုံး ဝက်သက်ရောဂါဖြစ်ပွားသူ ၁၂၈၃ ယောက်။ ၂ဝ၁၈ ခုနှစ်မှာ ၁၂၇၆ ယောက်နဲ့ ရန်ကုန်တိုင်းမှာ ၆၄၆ ယောက် ရှိခဲ့တယ်။

မေးခွန်းတွေအရ ကလေးတွေသာမက လူကြီးတွေလည်းဖြစ်နေတယ်။ အဲလိုမျိုးက အမေရိကနဲ့ ဥရောပနိုင်ငံတွေမှာလည်း ဖြစ်တဲ့အခါဖြစ်တယ်။

ဝက်သက်ရောဂါဟာ ဗိုင်းရပ်စ်ပိုးကနေဖြစ်တယ်။ အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်တယ်။ ကူးစက်မြန်တယ်။ ဖျား၊ နှာစေးချောင်းဆိုး၊ မအီမသာဖြစ်၊ မျက်စိနာ၊ ၂-၄ ရက်အတွင်း အနီစက်ထွက်ပေါ်မယ်။ ၁ဝ ယောာက်မှာ ၃ ယောက် လောက်က နောက်ဆက်တွဲရောဂါတွေဖြစ်တယ်။ ပြင်းထန်အဆုတ်ရောင်၊ ဝမ်းပျက်ဝမ်းလျှော၊ နားအလယ်ပိုင်းရောင်၊ ဦးနှောက်ရောင်တာတွေဖြစ်နိုင်တယ်။

ဗိုင်းရပ်စ်ပိုးဝင်ပြီးနောက် ၁၀ ရက်နဲ့ ၁၂ ရက်မှာ ရောဂါလက္ခဏာတွေပေါ်တယ်။ နေမကောင်းချိန် ၇ ရက်ကနေ ၂၁ ရက်အထိကြာနိုင်တယ်။ အနီစက်တွေပျောက်သွားပြီး ၄ ရက်ကြာအထိ သူများကို ကူးစက်နိုင်တယ်။

လူနာ ၁ဝဝ မှာ ၃ ယောက်ကနေ ၃ဝ ယောက်အထိ သေဆုံးနိုင်တယ်။ သေဆုံးမှုမှာ တနှစ်အောက် ကလေးတွေနဲ့ လူကြီးတွေက တနှစ်အထက်ကလေးတွေထက် ပိုတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကူးစက်ခံရရင် ပျက်ကျတာ၊ စောမွေးတာ၊ အလေးချိန်မပြည့်ကလေးမွေးတာ တခြား ကိုယ်ဝန်တွေထက် ပိုများတာတွေ့ရတယ်။

တကမ္ဘာလုံးမှာ နှစ်စဉ် ၁၆၄၀၀၀ ယောက် ဝက်သက်ကြောင့် သေဆုံးနေကြရတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး