Neem and BP တမာရွက်နဲ့ သွေးတိုး သို့မဟုတ် တမာရွက်ကို ရန်လုပ်သူများ

အညာ တမာရွက်ပို့စ်အောက်မှာ ကွန်မင့်တွေဖတ်ရတယ်။

၁။ အသွားမတော်တလှမ်း အစားမတော်တလုတ် နွေရာသီအချိန် ရာသီစာ တမာချဉ်ကိုတော့သွေးတိုးရှိသူတွေ သတိထား စားကြရလိမ့်မယ်နော်ဆရာ

၂။ တမာချဉ် အရမ်းကြိုက် သွေးတိုးရှိလို့ မစားရတာကြာပေါ့

၃။ ကြိုက်ပေမဲ့ သွေးတိုးနဲ့ မတဲ့ပါ

သုတေသနလုပ်ထားတဲ့ သွေးတိုးနဲ့မသင့်တဲ့အစားအစာ အဓိက ၅ မျိုးနဲ့ နောက်တအုပ်စုရှိတယ်။

1. Salt ဆိုဒီယမ်ကလိုရိုက် ခေါ် ဆား၊
2. Frozen pizza ပစ်ဇာ
3. Pickles တည်ချဉ်များ
4. Canned or bottled products ဗူးသွပ် အစာများ
5. Sugar သကြားနဲ့ သကြားပါအစာများ

နောက်အုပ်စုထဲမှာ ကြက်အရေပြား၊ အဆီပြည့်နွာနို့၊ အမဲသား၊ ဆိတ်သား၊ ထောပတ်၊ ထရန်စ်ဖက် ခေါ် ဆီ နဲ့ အရက် ပါတယ်။

သူတို့ဆီမှာ တမာရွက်မစားပါ။ မြန်မာပြည်မှာ စားသုံးကြတဲ့အစားအစာတွေထဲမှာ ဆိုဒီယမ်ကလိုရိုက် ခေါ် ဆားများများပါတဲ့ အစားအစာတွေ မသင့်ပါ။ တည်ချဉ်တွေ မသင့်ပါ။

ချဉ်ချဉ်၊ ခါးခါး၊ စပ်စပ် အရွက်နဲ့ အသီးတွေ တခုမှ သွေးတိုးနဲ့ မသင့်တဲ့စာရင်းထဲမှာ မပါ။

လူတချို့မှာ စိတ်အစွဲအလွန်ကြီးကြတယ်။ ထင်ထားတာ၊ ဆရာဝန်မဟုတ်သူ သူများပြောတာ စားမိလို့ ရောဂါဖြစ်တယ်လို့ ထင်မှတ်ကြတယ်။ သွေးဖိအားတိုင်းကရိယာနဲ့ မတိုင်းဘဲ သွေးတိုး တက်တယ် ကျတယ် မသိနိုင်ပါ။

အခြေခံအချက် ပြောပါမယ်။ ဆီးချိုမရှိသူ အချိုဘယ်လောက်စားစား၊ သွေးတိုးမရှိသူ အငန်ဘယ်လောက်စားစား ရောဂါမဖြစ်စေနိုင်ပါ။ ရောဂါရှိနေသူတွေကတော့ မနက်စာ၊ နေ့စာ၊ ညစာ အနပ်တိုင်းမှာ သတိထားကြရတယ်။ အချိုစားများလို့ ဆီးချိုဖြစ်မလာနိုင်။ ဆီးချိုရှိသူ အချိုမသင့်။ အငန်စားတိုင်း သွေးတိုးဖြစ်မလာနိုင်။ သွေးတိုးရှိသူ အငန်ရှောင်ရတယ်။

တမာရွက်နဲ့တို့တဲ့ ငပိရည်၊ ငပိချက်ထဲမှာ ဆားတွေပါတယ်။ တမာရွက်ထဲမှာ ဆားပါမနေပါ။ တမာချဉ်ဆိုတာ သရက်သီး ကုလားတည်လို တည်ချဉ် မဟုတ်ပါ။ လူတချို့မှာ စိတ်အစွဲ ကြီးကြတယ်။ အဲတာလည်း ရောဂါပဲ။

အမေရိကန်လူမျိုးအားလုံးရဲ့ ၂၉% မှာ သွေးတိုးရှိတယ်။ ၇၅ သန်း။ သူတို့တမာရွက် မမြင်ဖူးကြပါ။

ဒေါက်တာတင့်ဆွေ
၂၂-၂-၂ဝ၁၈
၂၂-၂-၂ဝ၁၉

အညာတမာရွက်

တူတယောက်က တင်ထားလို့

တမာတပင် အရှင်ပို့ပေး။ တမာတကိုင်း သည်အတိုင်းပို့လိုက်။

တမာရွက်ခူး ရေကူးလာခဲ့။ တမာရွက် ဖက်နဲ့ထုပ်ခဲ့။

ဆီးချဉ်သီး ဖောင်လုပ်စီးခဲ့။ အညာနွေ လေပါယူခဲ့။

ဒေါက်တာတင့်ဆွေ
၂၂-၂-၂ဝ၁၈
၂၂-၂-၂ဝ၁၉

စားတမာ ချိုလေမှ

စားတမာ ဟုတ် မဟုတ်ကို ဘယ်လို ခွဲခြားရမလဲ သိချင်ပါတယ်။

ကျွန်တော်က ရုက္ခဗေဒဆရာမဟုတ်လို့ အတိအကျ မရေးတတ်ပါ။ ဆောရီး။ တမာ ၆ မျိုးတောင်ရှိပါသတဲ့။

တမာပင်နဲ့ ညောင်ပင်တွေ မတူကြပါ။ ပိုပြီးစားကောင်းတဲ့ တမာရွက်နဲ့ ညောင်ရွက်လို့ရှိတယ်။ အကျင့်ရနေတော့ အပင်ကို မြင်တာနဲ့ သိတယ်။ ပင်စည်နဲ့ အကိုင်းထွက်ပုံကလည်း မတူ။ အခေါက်အရောင်လည်း မတူ။ အရွက်ပုံပန်းကလည်း မတူပါ။ စားတမာပင်က အခေါက်အရောင် ပိုမည်းတယ်။ ကိုင်းထွက်တာလည်း ကွဲပြားတယ်။ ညောင်ရွက်လည်း အရောင်ကအစ မတူပါ။ သေချာတော့ ရေးမပြတတ်ပါ။

ကိုယ်တိုင်ခူးသူမဟုတ်ရင် ခူးရောင်းသူတွေက နားလည်ကြလို့ ရွေး မေးဝယ်သင့်ပါတယ်။

ခုခေတ်မှာ မြို့ကြီးတွေမှာ ရောင်းတန်းတမာရွက်က တမင်တကာကို အပင်သေးသေးနဲ့ အချိန်မရွေးလိုလိုရအောင် လုပ်ထားတာတွေ များတယ်။ အဖူးတွေက ပိုများတယ်။ အညာက စားတမာအစစ်လောက် မကြိုက်ပါ။

တမာရွက်ကို ပြုတ်နည်းကလည်း လိုသေးတာ။ တောမှာတော့ ဆီးချဉ်သီးခြောက်နဲ့။

တို့စရာကလည်း ရွေးတယ်။ ငန်ပြာရည်၊ အညာငပိချက်၊ အောက်ငပိရည်။ ငန်ပြာရည်ချက်နည်းကလည်း အမျိုးမျိုး။ အချိန်မရ အမယ်မစုံတဲ့အခါ ပုလင်းထဲကငန်ပြာရည်ထဲ ငရုတ်သီးမှုန့်ထည့်တာနဲ့ပြီးရော။ အမှန်က ကြက်သွန်ဖြူ၊ နီ၊ ဆီနဲ့ အရောင်တင်ထည့်ကြတယ်။ ငန်ပြာရည်ကြော်ဆိုတာက တမျိုး။

အညာငပိချက်ကတော့ အလိုက်ဖက်ဆုံး။ မြို့ဆန်ချင်ရင် ငပိချက်ထဲမှာ ငပိတုံးလေး ပါလေရာပါရောထည့်ချက်ရတယ်။ အစပ်နဲ့ နံနံပင်ပါမှ ပြည့်စုံတယ်။

ကျွန်တော်ကတော့ စားတာပဲတတ်တယ်။ Smile!

ဒေါက်တာတင့်ဆွေ
၂၂-၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ