Mango Tree သုံးဖူးပေထွက် ကင်းသရက်ဖြင့်
ပေါက်လဲကင်းငုံ၊ ရာသီကုံနှင့်၊ ရဂုံသာတောင်း၊ ဟေမန်ပြောင်းက၊ တပေါင်း တန်ခူး၊ ဥသြကျူး၍၊ သုံးဖူးပေထွက်၊ ကင်းသရက်ဖြင့်၊ ပန်းငှက် ဓမ္မတာ၊ အမှန်သာတည့်။ (မဃဒေဝ)
နယူးဒေလီမှာနေရစဉ်က ရှေ့အိမ်ကသရက်ပင်မှာ ဝေဆာနေအောင်ဖူးနေတာကို အိမ်ရှေ့ထွက်တိုင်း မြင်နေရတယ်။ သရက်ရွက်နု၊ သရက်ဖူး၊ သရက်ကင်း၊ သရက်သီးစိမ်းနဲ့ သရက်သီးမှည့်တွေ ဆက်တိုက်လာတော့မယ်ဆိုတာ သိနေရပြီ။
မြန်မာလူမျိုးတွေက ထန်းတပင်လုံးအသုံးချနည်း၊ မန်ကျည်းတပင်လုံးအသုံးချနည်းမှာ ထူးချွန်ကြတယ်။ ဒေလီမှာက မန်ကျည်းဆို မန်ကျည်းသီးမှည့်တမျိုးကလွဲရင် ဘာမှသုံးတာမရှိ။ သရက်ဆိုရင် သရက်သီးမှည့်နဲ့ သရက်သီးကုလားတည် နှစ်မျိုးတည်းသာ စားတတ်ကြတယ်။ ကျွန်တော်တို့လို သရက်သီးစိမ်းကို ဓါးနဲ့ပေါက်တဲ့သရက်ချဉ်၊ ဓါးနဲ့ ရစ်လှီးပြီးတည်တဲ့ သရက်ချဉ်မရှိ။ သရက်အချဉ်ထုပ်လည်း မလုပ်တတ်ကြပါ။ မရမ်းသီးဆိုရင် အစိမ်းရောအမှည့်ပါ မရှိပါ။ သူတို့က ညောင်ရွက်၊ တမာရွက်လည်းမစားတတ်ကြပါ။ ကိုယ့်ထဲကိုယ့်ဟာ တယောက်ယောက်က ခူးဆွတ်ရောင်းပါမှ၊ ပေးပါမှ စားရတယ်။
အဝေးနေရသူတွေကပြောတဲ့ လွမ်းစရာတမ်းစရာတွေကိုဖတ်ပြီး၊ အထဲနေရသူတွေက တပမ်းသာတယ်လို့ ကျေနပ်ကြစေချင်ပါတယ်။ ဂျန့်ဖုဒ်တွေ၊ ဖတ်စ်ဖုဒ်တွေကို အဟုတ်မထင်ကြစေချင်ပါ။ မမြင်ရတာ ကြာပြီဖြစ်တဲ့ မုန့်ပျားသလက်နဲ့ ဖုန်းတချက်ခေါ်တာနဲ့ အရောက်လာပို့မဲ့ ပီဇာမလဲနိုင်ပါ။ နွေမှာ ဘာဂါမစားချင်ပါ၊ နွေစာသာ စားချင်ပါသည်။
အဲတာက တမြန်နှစ်က။ ဒီနေ့ညစာ မရမ်းသီးစိမ်းထောင်းနဲ့ စားရတယ်။ ပုံမရိုက်အားပါ။ ပဲဟင်း၊ ပန်းမုန်လာကြော်၊ ငပိချက်၊ သင်္ဘောရွက်တို့၊ ပုစွန်ဟင်းလား ငါးဟင်းလားတော့ မသိ၊ မတို့မိ။ စားကောင်း၏။
ဒေါက်တာတင့်ဆွေ
၁၆-၂-၂ဝ၁၈
၁၆-၂-၂၀၂၀

Comments
Post a Comment