Berlin Wall ဗယ်လင်တိုင်း နဲ့ ဘာလင်တံတိုင်း

Valentine နေ့ကို မြန်မာလိုရေးကြတာ တယောက်တမျိုး။ ကျွန်တော်က ဗယ်လင်တိုင်းနေ့လို့ရေးတယ်။ တချို့က ဘာလင်တိုင်းတဲ့။ ဖတ်တာ ချက်ချင်းတော့ ဘာလင်တံတိုင်းလား ထင်မိတယ်။ မြန်မာဘာသာပြန်ရေးထုံးက ဘီ ကို ဘ၊ ဗွီ ကို ဗ နဲ့ ရေးကြတယ်။ အဲတာလည်း အနီးစပ်ဆုံးယူတာပါ။ အေဘီစီရေးတိုင်း အေဘီစီသံမထွက်တာမျိုးလည်းရှိတယ်။

စစ်အေးကာလအတွင်း ၁၉၆၁ ခုနှစ်မှာ အရှေ့ဂျာမဏီမှာတည်ရှိတဲ့ ဘာလင်မြို့ကြီးကို ဆိုဗီယက်ကွန်မြူနစ်အစိုးရကနေ တံတိုင်းကြီးနဲ့ ပိုင်းခြားလိုက်တယ်။ ဘာလင်တံတိုင်းလို့ ခေါ်တယ်။ ကျွန်တော်က အသက် ၁၃ နှစ်သား၊ ၇ တန်း ရောက်နေပြီ။ ရေဒီယိုကနေ သတင်းတွေ နေ့တိုင်းကြားရတယ်။

နောင်နှစ်တွေကြာလာတော့ ပိုင်းခြားထားတာကို ဆန့်ကျင်သူတွေကနေ Graffiti art ခေါ်တဲ့ပန်းချီရေးနည်းနဲ့ ဘာလင်တံတိုင်းမှာ ရေးဆွဲကြတယ်။ အဲလိုရေးနိုင်တာက အနောက်ဖက်ခြမ်းမှာသာဖြစ်ပြီး အရှေ့ဖက်ခြမ်းမှာတော့ ဘာပန်းချီမှမရှိပါ။ အရှေ့ဘာလင်သားတွေ အနုပညာမတတ်လို့တော့ မဟုတ်ပါ။ ထုတ်ဖေါ်ပြသခွင့်မရလို့သာ။ တံတိုင်းကြီးကို ၁၉၈၉ မှာ ဖြိုချနိုင်လိုက်တော့ ကျွန်တော် အသက် ၄၁ နှစ်ရှိပြီ။ နိုင်ငံရေးထဲလည်းရောက်နေပြီ။

ပြည်ပနိုင်ငံရေးလုပ်စဉ်က ဘာလင်ကိုရောက်တော့ အဲဒီနေရာကို ရောက်အောင်သွားကြည့်ခဲ့တယ်။ နေရာအမှတ်အသားလောက်သာ ထားတယ်။ တံတိုင်းနေရာရဲ့အရှေ့ဘက်က လူနေတိုက်တာတွေက အဆင့်မမီတာ သတိပြုမိတယ်။ နိုင်ငံရေးစံနစ်ကနေ တိုင်းပြည်တိုးတက်မှု သက်ရောက်တယ်။

မတိုးတက်သေးတဲ့ မြန်မာပြည်မှာ မမြင်ရတဲ့ တံတိုင်းကြီး ရှိနေသလား။

ဒေါက်တာတင့်ဆွေ
၁၄-၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး