မိခင်ပင့်

ငါ့ကို ချစ်လေ၊ ငါ့အမေ။

ငါ့ကို ချစ်၍
ငါချစ်လေရာ၊ သူ ချစ်ရှာ၏
ကဗျာချစ်သော ငါ့အမေ။

ကဗျာ ဟူသည်
လူ၏ဘဝ၊ လူ့အလှကို
ရသထွေပြား၊ ခံစားနိုင်အောင်
ဆိုင်ခင်းတတ်သူ၊ လူသား ဂုဏ်ရည်
မှန်ပေသည်တည့်။

လူ့ပြည်ကိုလည်း အမေချစ်သည်။

အမေဆန်ပြာ၊ သောအခါ၌
စာငယ်ငှက်ငယ် တရုန်းရုန်း။

ဟင်းကြွင်း စွန့်ရာ၊ ညနေခါ၌
ခွေးနာ ဝဲစား၊ အမေ့နား။

အမဲခြောက်လှန်း၊ တဲပေါက်တန်း၌
ကျီးကန်း အုံဖွဲ့၊ တဟဲ့ဟဲ့။

အမေ့အိပ်ရာ၊ နံဘေးမှာလည်း
ခြေဆာသော ခွေး၊ တကွေးကွေး။

ယခုခါတွင်
ချစ်စွာသော သား၊ သားချစ်သော ကဗျာ
အရာရာကို၊ ခွဲခွာပြီးလျှင်
တနေဝင်သည်
မိခင်မဲ့သည် ကြာချေပြီ။

ချစ်သည့် အမေ၊ မရှိချေလည်း
အမေကြည်နူး၊ နူးညံ့ဖူးသည့်
အိမ်ဦးကြမ်းပြင်၊ ငါ ထွက်ဝင်လျက်
အိမ်ပြင် ဝင်းစပ်၊ ငါလျှင် ရပ်လျက်
ရှစ်ရပ်ကို လှည့်၊ ဘယ်ညာ ကြည့်လျက်
ဖွဲ့သည့် ကဗျာ၊ ငါ၏ စာ၌
မေတ္တာကိန်းဘိ၊ ငြိမ်းခြင်း ရှိသည့်
အမိကိုယ်နံ့ သင်းပါလှည့်။   ။

ဆရာတင်မိုး နှင်းဆီပွင့်ပေါ်အိပ်ပျော်ခြင်း ကဗျာစာအုပ်ထဲကဖြစ်ပါတယ်။ ဆရာတင်မိုးကဗျာတွေ ဘယ်လောက်ကြာပါစေ တနေမဝင်။ ပေါ်လစီသတ်ပုံ ခုံမင်သူတို့ ရေးသားသည်များကား တစ်နေဝင်မည်တည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး