Sunday, December 31, 2017

My Dream စာစီစာကုံး

ကျောင်းသားဘဝမှာ စာစီစာကုံးရေးကြရတယ်။ ကျွန်တော် ဘာတွေရေးခဲ့လဲ မမှတ်မိပါ။ သေချာတာတော့ ဆရာဝန်လုပ်မယ်၊ နိုင်ငံရေးထဲဝင်မယ်၊ နိုင်ငံခြားသွားနေမယ်ဆိုတာတွေ မပါခဲ့ပါ။

ဆယ်တန်းမှာ DSA 11 အတွက်လျှောက်လွှာတွေ အတန်းထဲအထိလာဝေတယ်။ ဘာရယ်မဟုတ် လျှောက်လိုက်တယ်။ မုံရွာ စစ်တပ်ထဲသွားဖြေရတာအောင်လို့ ရန်ကုန် OTT သွားဖြေရတယ်။ စရိတ်ငြိမ်းမို့ သွားဖြစ်တာလဲပါတယ်။ ရေးဖြေ၊ အခက်အခဲကျော်ဖြတ်တာဖြေ၊ စိတ်ဖြေ၊ စတာတွေ။ အဲတာတွေ အောင်စာရင်းထွက်တော့ အောင်တယ်တဲ့။ ဆေးစစ်တာလည်း အောင်ပြန်ရော။ ဖိုင်နယ်စာရင်းထွက်တော့ ကျွန်တော့်နာမည် မပါဘူးတဲ့။ စစ်တာမှန်သမျှ အကုန်အောင်။ မစစ်တာ ကျတယ်။

ဆယ်တန်းအောင်တော့ တက္ကသိုလ်တက်ဘို့ လျှောက်ကြရတယ်။ ILA စနစ်နဲ့ညားတယ်။ အသက်မွေးဝမ်းကြောင်း ၂ ခုနဲ့ မေဂျာ ၁ ခု၊ ရွေးခွင့်ပေးတယ်။ ဗိသုကာလုပ်ရင်ကောင်းမလား တွေးမိတာ။ ရန်ကုန်သွား ကျောင်းမနေနိုင်တာမို့ RIT ကို လျှောက်မရပါ။ မန္တလေးမှာရှိတာတွေကို ရွေးရတယ်။ (၁) ဆေး၊ (၂) စိုက်ပျိုးရေး၊ (၃) အမှတ်အများဆုံးရတဲ့ ဓါတုဗေဒလို့ ရေးလိုက်တယ်။ ရတော့ ဆေး-မန်း။

ကံဆိုတာ ဆန်းတယ်။
• ကံမမွဲတော့ စစ်ထဲမလိုက်ရ။
• ကံပါတော့ ဆရာဝန်ဖြစ်။
• ကံမဟန်တော့ နိုင်ငံရေးထဲရောက်ပြန်။
• ကံကိုယုံပြီး နဝတ ဆူးပုံကိုနင်းခဲ့တယ်။
• ကံမပေးတော့ ပြည်ပြေးဖြစ်ရတယ်။
• ကံဆန်းပြားတော့ သူများတိုင်းပြည်တွေမှာသာနေရတယ်။

စိတ်ကူးအတွေး အိပ်မက်လည်းမက်ပါ။ ဖြစ်ချင်တာဆို အကောင်းချည်းသာမက်ကြပါ။ ညကမက်တဲ့ အိပ်မက်ကိုတော့ အလေးအနက် မထားသင့်ပါ။ တကယ်ဖြစ်လာတွေဟာ အိပ်မက်ထက် ဆန်းပြားတယ်။

ဒေါက်တာတင့်ဆွေ
၁-၁-၂ဝ၁၆
၁-၁-၂ဝ၁၇
၁-၁-၂ဝ၁၈

Misspelled Discourse သတ်ပုံမှား တရားစာများ

ဆုတောင်းစာတခုမှာ ခလုပ်မထိ ဆူးမငြိတဲ့။ သတ်ပုံမှားနေတယ်။ ခလုတ်လို့ ရေးရတယ်။

ဆုတောင်းစာတခုမှာ ကြံစဉ်သမျှတဲ့ ကြံစည်သတ်ပုံကမှား။

အာရုဏ်ဦးရဲ့ နံနက်ချိန်ခါ မင်္ဂလာတရားတော်တွေပါတဲ့။ သတ်ပုံမှားနေတယ်။ အရုဏ်လို့ရေးရတယ်။

မတရားစာတွေကို မတင်သင့် မဝေသင့်ကြပါ။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၇

Pork Curry ဝက်သားဆီပြန်

နှစ်သစ်ကူး ဆုတောင်းစာတွေရတယ်။ ငယ်ငယ်ကကြုံသိထားတဲ့ ဘုန်းကြီးကျောင်းကို သတိရတယ်။

ဆွမ်းလောင်ပွဲတွေမှာ ဟိုအိမ်ကဆွမ်းဟင်းတမျိုး သည်အိမ်ကတမျိုး လောင်းလှူကြတယ်။ တောမှာ ရတဲ့အသားဟင်းကို အိမ်တိုင်းလိုလိုက ဆွမ်းဟင်းလုပ်ကြရတာ။ ဟင်းချက်နည်းလက်ရာကတော့ မတူကြပါ။ နနွင်းမှုံ အနည်းအများမတူ။ အစပ် ပါ မပါ မတူ။ အရည်နဲ့ ဆီပါတာမတူ။ အရောအနှောထည့်တာလည်း မတူကြပါ။ ဘုန်းတော်ကြီးတွေ ဘုန်းပေရတာ အဆင်ပြေပါတယ်။ ခုခေတ်တော့ သိပ်မသိပါ။

သိတာကတော့ နှစ်သစ်ကူးဆုတောင်းစာတွေ။ ကိုယ်တိုင်ချက်ပြုတ်ကြတာမဟုတ်။ ဆိုင်ကနေ ဝယ်ကြတာ။ ဆိုင်ကလည်း များများရှိပုံမရ။ ဟိုလူဆီကပုံ သည်လူဆီကဗီဒီယိုတွေက ထပ်နေတယ်။ ဝက်သားဆီပြန်တွေချည်းပဲ။ မနက်ပြန်ညပြန် လာနေတာ အီနောက်နေတာပဲ။

အိပ်မှာပြုတ်တဲ့ပဲက တခွက်တလေသာပါတယ်။ ကိုယ်တိုင်ထောင်းထားတဲ့ ငရုပ်သီးကလည်း ရှားတယ်။ မနက်ပြန်ညပြန် ဝက်သားဆီပြန်တွေ အီနောက်နေတာပဲ။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၇

Cap ဆိုင်းဘုတ်နဲ့ ဦးထုပ်

သူငယ်ချင်းတယောက်က ဦးထုပ်ကစာ ဖတ်မိသွားတယ်။ သဘောကျတယ်တဲ့။ သူငယ်ချင်းကိုး။

ကျောင်းမပိတ်ခင် လက်ဆောင်တွေ အလဲအလှယ်လုပ်စဉ်က ရထားတဲ့လက်ဆောင်ပါ။ ကိုယ့်ကို ဘယ်သူကပေးမလဲ မသိရဘဲ၊ ကိုယ်ကဘယ်သူ့ပေးရမယ်ဆိုတာတော့ သိထားတယ်။ ကိုယ်ဘာလိုချင်ဆိုတာ ၂-၃ ခုရေးထားတဲ့ မဲလိပ်ကို နှိုက်ကြရတာ။ ကက်ပ်နဲ့ ဂလပ်ဖ်လို့ရေးတာ ၂ ခုလုံးရတယ်။ မက်ဆီကိုက ကျောင်းသားနဲ့ကျောင်းသူစုံတွဲက ပေးတာ။

အတန်းထဲမှာ ကျောင်းသားတချို့ကသာ ကျွန်တော့်ကို ဆရာဝန်လို့ သိကြပါတယ်။ လက်ဆောင်ဖြစ်လို့ ကနေ့ ဆိုင်းဘုတ်ပါတဲ့ ဦးထုပ်ဆောင်းပြီး ရှိုးထုတ်လိုက်တာ။

ဒီမှာက လူနာမည်ကို ပဌမစာလုံးကို ခေါ်လေ့ရှိကြတယ်။ နာမည်ရှည်တဲ့သူတွေနဲ့ အသံထွက်ခက်သူတွေအတွက် ခက်တယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၇

၂ဝ၁၈ နှစ်သစ်ဆုတောင်း

ကိုယ့်မွေးရပ်ကို
• စိတ်ကူးပေါက် မရောက်တဲ့နေ့ မရှိ၊
• စိတ်အကြံနဲ့ မပြန်ဖြစ်တဲ့နေ့ မရှိ၊
• စိတ်အတွေးနဲ့ ပြေးမသွားတဲ့နေ့မရှိ၊
• နောက်ထပ် မရှိစကား မပြောရပါလို၏။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၇

Snow outside the house ကားမမောင်းတော့ပါ

အိမ်မှာ ကြာဆန်ဟင်းချက်လို့ တအိမ်စီနေကြတဲ့မိသားစုတွေနဲ့ မိတ်ဆွေတချို့လာကြတယ်။ အိမ်ရှေ့က နှင်းပြင်မှာ ဧည့်သည်ကားတစီးနစ်လို့ သားတယောက်က ကူညီလုပ်ပေးလိုက်ရတယ်။ ဒီမှာနေကြသူတွေက နှင်းတောထဲမှာ ကားမောင်းနည်း တတ်ကြရတယ်။

ပြည်တွင်းမှာနေစဉ်က ကိုယ့်ကားကို မောင်းပါတယ်။ မိသားစုနဲ့ ဆွေမျိုးသားချင်းတွေဆီ သွားကြလည်တယ်။ ဆေးဝယ် ဆေးထုတ်သွားရတယ်။ ကတ္တရာလမ်းပေါ်မှာသာ မောင်းရတာပါ။

နောက်တော့ စည်းရုံးရေးခရီးတွေ ကားနဲ့သွားရတယ်။ တောနယ်တွေ သွားရတာပါ။ လယ်ကန်သင်းကို ကားအောက်က ဝင်ရိုးနဲ့ လွတ်အောင်မောင်းနည်း သိတယ်။

ဒေလီတမြို့လုံးကိုလည်း ကိုယ်တိုင်မောင်းသွားလာခဲ့သေးတယ်။ ဒီရောက်တော့ ကားမမောင်းတော့ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီမှာက ဆောင်းတွင်းမှာ ကားမမောင်းခင် နှင်းထိုးကြရတယ်။ ကားကိုနွေးအောင် စက်အရင်နှိုးထားကြရတယ်။ ဗမာပြည်တုန်းကတော့ ကားမမောင်းခင် ဖုန်သုက်ရတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၇

Mother’s Day အမေနေ့

 မာတာပိတု ဂုဏော အနန္တော

ကမ္ဘာမှာတော့ အမေနေ့ကို မတူတဲ့နေ့တွေမှာ ကျင်းပကြတယ်။ မြန်မာနိုင်ငံမှာ ပြာသိုလပြည့်နေ့ကို အမေနေ့လို့ လူသိများလာပါတယ်။ တရားဝင်နေ့တော့ မဟုတ်ပါ။

နော်ဝေ = ဖေဖော်ဝါရီ ဒုတိယတနင်္ဂနွေ = ၈၊ ၉၊ ၁ဝ ရက်၊
ဂျော်ဂျီယာ = မတ်လ ၃ ရက်၊
အာဖဂန်နစ္စတန်၊ အယ်လ်ဘေးနီးယား၊ ကိုဆိုဗို၊ အာမေးနီးယား၊ အဇာဘိုင်ဂျန်၊ ဘိုင်လိုရပ်စ်၊ ဘော့စနီးယား-ဟာဇီဂိုးဗီးနား၊ ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ကာဂျစ္စတန်၊ လာအို၊ မက်ဆီဒိုးနီးယား၊ မွန်တီနီဂရိုး၊ ရိုမေးနီးယား၊ ဆလိုဗေးနီးယား၊ ဆာဗီးယား၊ တာဂျီကစ္စတန်၊ ဗီယက်နမ်၊ = မတ်လ ၈ ရက်၊
အိုင်ယာလန် = မတ်လ ၁ဝ ရက်၊
နိုင်ဂျီးရီးယား = မတ်လ ၁၅ ရက်၊
ယူကေ = မတ်လ ၃ဝ ရက်၊
ဘာရိန်း၊ ကိုမိုရိုးစ်၊ ဂျီဘူတီ၊ အီဂျစ်၊ အီရတ်၊ ဂျော်ဒန်၊ ကူဝိတ်၊ လစ်ဗျား၊ မောရီတေးနီးယား၊ အိုမန်၊ ကာတာ၊ ဆောဒီ၊ ဆူဒန်၊ ဆီးရီးယား၊ ပါလစ်စတိုင်း၊ ယူအေအီး၊ ယီမင် = မတ်လ ၂၁ ရက်၊
ဆလိုဗေးနီးယား = မတ်လ ၂၅ ရက်၊
အာမေးနီးယား = ဧပြီ ၇ ရက်၊
ဟန်ဂေရီ၊ လစ်သူယေးနီးယား၊ မိုဇမ်ဘစ်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ စပိန် = မေလ ပထမတနင်္ဂနွေ (၃၊ ၄၊ ၅) ရက်၊
တောင်ကိုရီးယား (မိဘများနေ့) = မေလ ၈ ရက်၊
အယ်လ်ဆာဗာဒို၊ ဂွါတီမာလာ၊ မက်ဆီကို၊ = မေလ ၁ဝ ရက်၊
အင်ဂူလီယာ၊ အင်တီဂူယာ + ဘာဘူဒါ၊ အာရူဘာ၊ သြစတေးလျ၊ သြစတြီးယား၊ ဗဟားမား၊ ဘင်္ဂလားဒက်၊ ဘာဘေးဒိုးစ်၊ ဘယ်လ်ဂျီယမ်၊ ဘီလစ်ဇ်၊ ဘာမျူးဒါး၊ ဘော့စဝါးနား၊ ဘရူနိုင်း၊ ကနေဒါ၊ ကမ်ဘောဒီးယား၊ ချီလီ၊ တရုတ်၊ ကိုလမ်ဘီယာ၊ ကျူးဘား၊ ကူရာကို၊ ဆိုက်ပရပ်စ်၊ ချက်၊ ဒင်းမတ်၊ ဒိုမီနီကန်၊ အီကွေဒို၊ အက်စတိုးနီးယား၊ အီသီယိုးပီးယား၊ ဖီဂျီ၊ ဖင်လန်၊ ဂျာမနီ၊ ဂါနာ၊ ဂရိ၊ ဂရင်နေဒါ၊ ဂိုင်ယာနာ၊ ဟွန်ဒူးရပ်စ်၊ ဟောင်ကောင်၊ အိုက်စလန်၊ အိန္ဒိယ၊ အီတလီ၊ ဂျမေကာ၊ ဂျပန်၊ ကာဒစ်စတန်၊ လတ်ဗီးယား၊ လိုက်ဘေးရီးယား၊ လီချန်စတိန်း၊ မကာအို၊ မလေးရှား၊ မော်လတာ၊ နယူးဇီလန်၊ ပါကစ်စတန်၊ ပါပူအာနယူးဂီနိ၊ ပီရူး၊ ဖိလစ်ပိုင်၊ ပွတိုရီကို၊ စိန်ကစ် + နီဗစ်၊ စိန့်လူစီယာ၊ စိန်ဗင်းဆင့် + ဂရင်နေဒိုင်း၊ ဆာမိုအာ၊ စင်္ကာပူ၊ စိန့်မာတင်၊ ဆလိုဗက်ကီးယား၊ တောင်အာဖရိက၊ ဆူရီမန်၊ ဆွစ်ဇာလန်၊ တိုင်ဝမ်၊ တန်ဇန်နီးယား၊ တွန်ဂို၊ ထရီနီဒက် + တိုဘာဂို၊ တူရကီ၊ ယူဂန်ဒါ၊ ယူကရိန်၊ ယူအက်စ်၊ ယူရူဂွေး၊ ဗီယက်နမ်၊ ဗင်နီဇွဲလား၊ ဇမ်ဘီယာ၊ ဇင်ဘာဘွေ၊ = မေလ ဒုတိယ တနင်္ဂနွေ၊ (၁ဝ၊ ၁၁၊ ၁၂) ရက်၊
ပါရာဂွေး၊ = မေ ၁၅ ရက်၊
ကဂျစ်စတန်၊ = မေ ၁၉ ရက်၊
ပိုလန် = မေ ၂၆ ရက်၊
ဘိုလီဗီးယား = မေ ၂၇ ရက်၊
အယ်လ်ဂျီးရီယား၊ ဒိုမီနီကန်၊ ပြင်သစ်၊ မဒါဂါးစကား၊ မောရိုကို၊ ဟေတီ၊ မောရေးရှပ်၊ ဆီနီဂေါ၊ ဆွီဒင်၊ ကျနီးရှား၊ = မေလ နောက်ဆုံးတနင်္ဂနွေ (၂၅၊ ၂၆၊ ၃၁) ရက်၊
နိုက်ကာရာဂွါ = မေ ၃ဝ ရက်၊
မွန်ဂိုးလီးယား၊ = ဇွန် ၁ ရက်၊
လူဇင်ဘတ် = ဇွန်လ ဒုတိယတနင်္ဂနွေ (၈၊ ၉၊ ၁၄) ရက်၊
ကင်ညာ = ဇွန်လ နောက်ဆုံးတနင်္ဂနွေ (၂၈၊ ၂၉၊ ၃ဝ) ရက်၊
ထိုင်း (ဘုရင်မမွေးနေ့) = သြဂုတ် ၁၂ ရက်၊
ကော်စကာရီကာ၊ အင်တဝပ် (ဘယ်လဂျီယမ်) = သြဂုတ် ၁၅ ရက်၊
မာလာဝီ = အောက်တိုဘာ ဒုတိယတနင်္လာနေ့ (၁၂၊ ၁၃၊ ၁၄) ရက်၊
ဘဲလားရုစ် = အောက်တိုဘာ ၁၄ ရက်၊
အာဂျင်တီးနား = အောက်တိုဘာ တတိယတနင်္ဂနွေ (၁၈၊ ၁၉၊ ၂ဝ၊ ) ရက်၊
ရုရှား = နိုဝင်ဘာ နောက်ဆုံးတနင်္ဂနွေ (၁၄၊ ၂၉၊ ၃ဝ) ရက်၊
တီမော-လက်ဆေး = နိုဝင်ဘာ ၃ ရက်၊
ပနားမား = ဒီဇင်ဘာ ၈ ရက်၊
အင်ဒိုနီးရှား = ဒီဇင်ဘာ ၂၂ ရက်၊

သူများတိုင်းပြည်တွေမှာ အမေနေ့ဆိုတာ မိခင်၊ မိခင်ဘဝ၊ မီးတွင်းဘဝတွေ အားလုံးအတွက် ရည်စူးကြတယ်။ လူ့ယဉ်ကျေးမှု ဖြစ်ထွန်းလာတဲ့သဘောလို့ ယူဆနိုင်ပါတယ်။ မိခင်၊ ဖခင်နဲ့ ညီအကိုမောင်နှမတွေအတွက် နေ့တွေ သီးခြား သတ်မှတ်ထားကြတယ်။ ရှေးကတည်းက ဂရိတွေက ဆိုက်ဗယ်လီ၊ ရိုမန်တွေက ဟီလားရီးယာဆိုပြီး ရှိခဲ့တာပါ။ ခရစ်ယန်ဘာသာ ပေါ်လာတော့ တနင်္ဂနွေမနက်ခင်းဆိုပြီး မိခင်တွေကို ဂုဏ်ပြုလာတယ်။ ကက်သလစ် ဘာသာဝင်တွေကတော့ ဗားဂျင်းမေရီခရစ်တော်ရဲ့ မယ်တော်ကို ချီးမွမ်းပွဲလုပ်ကြတယ်။

အင်္ဂလိပ်စကားသုံးတဲ့နိုင်ငံတွေမှာ မိခင်နေ့၊ မိခင်များနေ့ဆိုပြီး အခေါ်အဝေါ် ကွဲပြားတယ်။ ကွန်မြူနစ်စနစ်ကနေ ပြောင်းလာတဲ့နိုင်ငံတွေမှာတော့ နိုင်ငံတကာမိခင်နေ့ကို မတ်လ ၈ ရက်နေ့မှာ ကျင်းပကြတယ်။ ယူအက်စ်အေမှာ ၂ဝ ရာစု အစကတည်းက အမေနေ့ကို ကျင်းပလာတယ်။ ယူအက်စ်အေမှာ အမေနေ့ဖြစ်လာအောင် လုံးပန်းခဲ့သူက စာရေးဆရာမ ဂျူလီယာဝဒ်နဲ့ သူ့သမီးတို့ ဖြစ်ပါတယ်။ မေလ ဒုတိယတနင်္ဂနွေနေ့ဖြစ်တယ်။

မြန်မာနိုင်ငံမှာ အမေနေ့လို့ တရားဝင်သတ်မှတ်ထားတာ မရှိသေးပါ။ အမေနေ့ဖြစ်လာဖို့ရာ စတင်ကြိုးပမ်းခဲ့သူကတော့ စာရေးဆရာ၊ ဒါရိုက်တာ ဦးသုခ ဖြစ်တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ ပြာသိုလပြည့်နေ့ကို အမေနေ့အဖြစ် စတင်အဆိုပြုခဲ့ပြီး၊ ၁၉၉၅ ခုနှစ်၊ ပြာသိုလပြည့်နေ့မှာ ပထမဦးဆုံး အမေနေ့ကို ကျင်းပခဲ့တယ်။ မန္တလေးမြို့မှာဖြစ်ပါတယ်။ အညာဒေသမှာ မေမေလို့ထက် အမေလို့ ခေါ်တာ များတယ်။

နိုင်ငံရေးထဲဝင်လုပ်ကြလို့ ကျရောက်လာရတဲ့ မိသားစုဒုက္ခတွေကို ဘာတခွန်းမှ ပြောမသွားဘဲ ကွယ်လွန်သွားတဲ့ ကျွန်တော့်အမေလို အမေတွေကို ကန်တော့လိုက်ပါတယ်။ အမေသက်ရှိထင်ရှားရှိကြသူတွေ အားလုံး အမေနေ့ ကိုယ်စီ ကျင်းပနိုင်ကြပါစေ။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၇

Surgical wound ခွဲစိတ်ဒဏ်ရာ

၁။ ဆရာ မင်္ဂလာပါရှင် ကျွန်မအသက် ၂၅ပါ။ ဗိုက်ခွဲမွေးထားတာ ၁၄ရက်ရပါပြီ။ ချုပ်ရိုးအစွန်းဘက်ကနေ ၁လက်မ အကွာမှာ အဖုလေးဖြစ်နေပြီး ဖိလိုက်ရင် အဝါဖျော့ဖျော့အရည်တွေထွက်နေလို့ပါ။ သွေးလည်းထွက်ပါတယ်။ အဲဒါချုပ်ရိုးကွဲတာလား သိချင်ပါတယ်ဆရာ။ ဘာလုပ်ရမလဲဖြေပေးပါဦးရှင်။

၂။ အသက် ၂၄ နှစ် အမျိုးသမီးပါ။ ရန်ကုန်မြို့။ ကျွန်မ ကလေးမွေးထားတာ ၂ လရှိပါပြီ။ ဆေးသွင်းပြီး ရိုးရိုးမွေးတာ မမွေးနိုင်လို့ ခွဲမွေးထားရတာပါ။ အပြင်ချုပ်ရိုးက အဆင်ပြေပါတယ်တဲ့။ ကန်တော့ပါဆရာ။ အခုမွေးပြီး ၂ လ မှာမှ ရာသီလာတာ တော်တော်များလို့ပါဆရာ။ နေ့ကောညကောလာတာ ဒီနေ့နဲ့ဆို ၂ ရက်ရှိပါပြီ။ အပ်ချည်ကြိုးစလေးတွေလည်း တွေ့ပါတယ်ဆရာ။ အဲ့ဒါ ပုံမှန်ဟုတ်မဟုတ် သိချင်လို့ပါဆရာ။ လူလဲ အားနည်းသလို ဖြစ်နေလို့ပါ။

၃။ ဆရာရှင့် ဗိုက်ခွဲပြီးမွေးတာ ဘယ်လောက်ကြာမှ အနာကျက်တာလဲ သိချင်ပါတယ်။ တချို့က ၄ လ လောက်မှ သက်သာတယ်လို့ ပြောလို့ပါသိချင်ပါတယ်ရှင့်။ ဗိုက်ခွဲမွေးရင် ရှောင်သင့်တဲ့အချက်တွေကို ပြောပြပေးပါနော်။

၎။ သမီးက ဗိုက်ခွဲပြီး ကလေးမွေးထားတာ ၈ ရက်မြောက်နေ့ ရှိနေပါပြီ။ ချုပ်ရိုးက နာပြီးစပ်သလိုဖြစ်ပါတယ်။ ခွဲပြီးစမှာ အဲဒီလို ဖြစ်တတ်ပါလားရှင့်။ ချုပ်ရိုးက ဘယ်အချိန်လောက်မှာကျက်ပြီး သွားနိုင်လာနိုင်ပါသလဲရှင့်။ ဘေးစောင်းအိပ်လို့လဲ မရသေးပါဘူးရှင့်။

ဗိုက်ခွဲတာတိုင်းမှာ အရေပြား၊ အဆီ၊ ကြွက်သား၊ အရွတ်လွှာ၊ ဗိုက်ဖုံးလွှာဆိုပြီး၊ ၄ ထပ်၊ အဆင့်ဆင့် ခွဲရ၊ ချုပ်ရတယ်။ ကလေးဖွါးတာဆိုရင် သားအိမ်ကိုပါ ၃ ထပ်ချုပ်ပေးရတယ်။ နာတာမှာ ခံစားမှု မတူတာရှိတယ်။ ဗိုက်ကို တခါမက ခွဲရသူတွေဆိုရင် သတိထားစရာရှိတယ်။ တခါခွဲတိုင်း အထဲမှာတွယ်ကပ်ဖြစ်စဉ် ဖြစ်ကြရတယ်။ တွယ်ကပ်မှုကြောင့် နာတတ်တယ်။ ခွဲစိတ်ရရင် တွယ်ကပ်မှုဖြစ်တယ် စာတပုဒ်ရေးထားပါတယ်။ လိုအပ်ရင် စစ်ဆေး ပြုပြင်ပေးမယ်။

ခွဲစိတ်မှုမှာ အသေးစားနဲ့ အကြီးစားရှိတယ်။ ဗိုက်ခွဲရတာ အကြီးစားထဲမှာပါမယ်။ မေ့ဆေးနဲ့ခွဲတာနဲ့ ခါးထုံဆေးနဲ့ ခွဲရတာတွေလဲ အကြီးစားလို့ ယေဘုယျပြောနိုင်တယ်။ အနာ၊ ဒဏ်ရာနဲ့ ခွဲစိတ်နာတွေက အပေါ်ယံအရေပြား ကျက်ဘို့ ၈ ရက်ထက်မစောင့်ရပါ။ ခေါင်းပိုင်းဆို ၅ ရက်သာ ကြာတယ်။ ချုပ်ရိုးဖြေတဲ့ရက်တွေဖြစ်ပါတယ်။ အရိုးကျိုးထားတာက အချိန်ပိုယူပါမယ်။ အရေပြားအောက်က အဆီ၊ ကြွက်သားနဲ့ အင်္ဂါအစိတ်အပိုင်းတွေလဲ ရက်တူလောက်မှာ အနာကျက်ပါတယ်။ အကြမ်းဖျဉ်း နှစ်ပါတ် ၁၄ ရက်ဆိုရင် အနာကောင်းကောင်းကျက်ပြီလို့ပြောနိုင်တယ်။ ပိုးဝင်လို့ အနာရင်းတာ၊ ချုပ်ရိုးကြောင်းဟသွားတာ၊ ပွင့်သွားတာ မဟုတ်ရင်ပြောတာဖြစ်ပါတယ်။

ချုပ်ရိုးမှာ လုံးလုံးလေးတွေလို စမ်းတွေ့တာက စိုးရိမ်စရာမရှိပါ။ အရေပြားကိုချုပ်တဲ့ အပ်ခြည်၊ အောက်က အလွှာတွေကို ချုပ်တဲ့ အသားဖြစ်ချုပ်ကြိုး ကက်ဂတ်တွေက အမာရွတ်ဖြစ်စဉ်မှာ စုနေလို့သာဖြစ်ပါမယ်။ ကြာလေ အသားကျလေ ဖြစ်မယ်။ တကယ်လို့ နေရာတခုစီလောက်မှာ အနာလို ပန်းရောင်၊ အနီရောင် နေရာလေးတွေ ရှိရင်တော့ အထဲက ချုပ်ရိုးစလေး ထွက်ချင်လို့နေမယ်။ ထုတ်ပေးလိုက်ရင် ပျောက်သွားပါမယ်။
မန်းရည်ခေါ် အရည်တခုခုထွက်တာ ပိုးဝင်တာဖြစ်နိုင်တယ်။ ပိုးသေဆေးပြောင်းရနိုင်တယ်။ ထွက်စရာတွေထွက်စေရမယ်။ ပြည်ဆိုရင် ချုပ်ရိုင်းကို ရက်မစေ့မီ ဖြုတ်ပေးမယ်။ အကုန်မဖြုတ်ဘဲ လိုသလောက်ဖြုတ်တာလည်းလုပ်ရတယ်။ ဆေးထည့်ရမယ်။ အနာဆေးထည့်နည်းစာ ဖတ်နိုင်တယ်။ ပိုးသန့်ခြင်းစာလဲ ရေးထားတယ်။

ဗိုက်ကိုအကြီးစားခွဲစိတ်မှုလုပ်ပြီး ချုပ်ရိုးကြောင်းတခုလုံး ဟပွင့်ထွက်ထွက်တာမျိုးက ရက်စေ့လို့ ချုပ်ရိုးဖြေတဲ့ရက်မှာ ဖြစ်တယ်။ ကျွန်တော့်ဆရာဝန်သက်တမ်းအတွင်း အနည်းဆုံး ၃ ယောက်လောက်တွေ့ရဘူးတယ်။ ပြန်ချုပ်ရာမှာ အထူးစီမံပြီး ချုပ်ပေးရတယ်။ အဲလိုလူမျိုးကတော့ နောက်တခါ ချုပ်ရိုးဖြည်ဘို့ ရက်ပိုစောင့်ရမယ်။

ခွဲစိတ်ပြီးနောက် မေ့ဆေး၊ ထုံဆေးပျယ်တာနဲ့ လှုပ်ရှားမှုစနိုင်တယ်။ စလဲစသင့်တယ်။ ဟာနီယာအူကျတာကို ခွဲစိတ်တာ၊ ပလပ်စတစ်ခွဲစိတ်တာစတဲ့ တချို့ ချွင်းချက်ကလွဲရင် ပြောတာဖြစ်ပါတယ်။ အသက်ကြီးသူတွေ ခြေထောက်လှုပ်ရှားမှုကို မဖြစ်မနေလုပ်စေတယ်။ လမ်းလျှောက်နိုင်တာလဲ ရက်မကြာပါ။ လေ့ကျင့်ခန်းလုပ်တာမျိုးအတွက် အနည်းနဲ့အများ၊ အပြင်းနဲ့ အပြော့ ကွာမယ်။ ဘာလုပ်လုပ် ဖြေးဖြေး၊ နည်းနည်းကနေ စသင့်တယ်။ ၄ ပါတ်ဆိုရင် မခွဲစိတ်ခင်ကလို လုပ်နိုင်ပါပြီ။ ခွဲထားတဲ့နေရာအတွက်သာ စောင့်ကြရတာဖြစ်ပါတယ်။ လက်ကို ခွဲထားသူက ဗယ်လီလေ့ကျင့်ခန်း လုပ်လို့ရပါတယ်။

အမျိုးသမီးတွေ တင်ပါးဆုံနေရာ၊ မွေးဖွါးလမ်းမှာ ခွဲစိတ်ရသူဆိုရင် ကီဂယ်လ်လေ့ကျင့်ခန်းလိုမျိုးကတော့ ၂ပါတ် ထက်ပိုပြီး စောင့်စရာမလိုပါ။ သားအိမ်နဲ့ မွေးလမ်း ဗဂျိုင်းနား၊ ဆီးလမ်းအားကောင်းစေဘို့လုပ်နည်းကို ဆိုလိုတာပါ။ သားအိမ်-ဆီးအိမ်ကျတာ သက်သာစေတယ်။ စာတပုဒ်သပ်သပ် ရေးထားပါတယ်။ လေ့ကျင့်ခန်းနဲ့အတူ၊ အစားအသောက်နဲ့ လိုမဲ့ဆေးတွေလဲ ကူသင့်တယ်။ ဥပမာ မျှတလုံလောက်တဲ့ အာဟာရ စားသောက်ရမယ်။ တစ်ရှူးတွေ အသစ် ဖြစ်စေအောင် ပရိုတင်းဓါတ် မနည်းစေရပါ။ ပရိုတင်းဆိုတာ အသား-ငါး-ဥနဲ့ ပဲတွေဖြစ်တယ်။ ကြွက်သားကောင်းအောင် ပိုတက်ဆီယမ်အပိုဆောင်းလိုနိုင်တယ်။ ပိုတက်ဆီယမ်များတဲ့အစားအသောက်တွေ လိုမယ်။ ဗီတာမင်စီ ၅ဝဝ မီလီဂရမ် သောက်တာ ကောင်းပါတယ်။

Chimose လိုဆေးပေးတာအတွက် ခွဲစိတ်ဆရာဝန်တိုင်းက ကောင်းတယ်-မကောင်းဘူးဆိုတာ သဘောထားမတူကြပါ။
ခွဲစိတ်မှုနည်းနာတွေ ပါဖက် ဖြစ်ရင် ခွဲစိတ်တာအတွက် ပိုးသေဆေး မပေးတာလဲရှိတယ်။ တချို့ ခွဲစိတ်မှုတွေမှာတော့ မခွဲခင်ကတည်းက ပိုးသေဆေးပေးထားရတယ်။

After Surgery ခွဲစိတ်ထားပြီးသူ https://doctortintswe.blogspot.com/2016/11/after-surgery.html
Incisional Hernia ခွဲစိတ်နာ ဟာနီယာ https://doctortintswe.blogspot.com/2017/02/incisional-hernia.html
Surgical Adhesion ခွဲစိတ်ရရင် တွယ်ကပ်မှုဖြစ်တယ် https://doctortintswe.blogspot.com/2014/11/surgical-adhesion.html

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၇

Mamazol ကင်ဆာဆေး

ဆရာရှင့် ပထမစာမပြည့်စုံဖြစ်နေမလားလို့ ထပ်ဖြည့်ရေးတာပါ။ သမီးအသက်က ၄၅ နှစ်ပါ။ ရင်သားဖြတ်ပြီး နှစ်နှစ်ခွဲထိ အယ်ထရာဆောင်းရိုက် ဓာတ်မှန်ရိုက်ခဲ့ပါတယ်။ ခုနောက်ပိုင်း ခွဲတဲ့ဆရာဝန် ဆက်သွယ်မရတော့ မစစ်ဆေးဖြစ်တော့တာပါ။ သမီးကို ခွဲစိတ်ပေးတဲ့ဆရာဝန်က ကင်ဆာအထူးကုမဟုတ်ပါဘူး။ ခွဲစိတ်ဆရာဝန်ပါ။ သားအိမ်ထုတ်တာတော့ OG နဲ့ပါ။ ရင်သားက ညာဘက်ရင်သားဖြတ်ထားတာပါ။ ခုနာနေတဲ့ နောက်ကျောကလဲ ညာဘက်ပါ။ ကျောရိုးမကြီးကနေ လက်သုံးလုံးအကွာလောက်မှာ စူးပြီးနာပါတယ်။ ကျောမှီထိုင်လို့ ဖိမိရင် ပက်လက် အိပ်လို့ ဖိမိရင် ပိုနာပါတယ်။ အသားကြေလို့ နာသလိုထင်မိပါတယ်။ လက်လှုပ်ရှားတာဖြစ်ဖြစ် မလှုပ်တာဖြစ်ဖြစ် တချိန်လုံး နာနေပါတယ်။ ဆရာရှင့်သမီးရေးတာအဆီအငေါ်မတည့်ရင် တောင်းပန်ပါတယ်ရှင့်။ အစားအသောက် အအိပ်အနေက ကောင်းပါတယ်ရှင့်။ သွားလာလှုပ်ရှားနိုင်ပါတယ်။ ဒါပေမဲ့ တချိန်လုံးနာနေတာ ခံစားမိပါတယ်။ ဘယ်လို ပြသသင့်လဲ မသိတော့လို့ပါရှင့်။ ဆရာအကြံပေးတာသိချင်ပါတယ်ရှင့်။ ရှေ့ရင်ဘတ်က အရိုးနာတာနဲ့ နောက်ဘက်က စူးနာတာ တပြိုင်တည်း ခံစားရပါတယ်ဆရာရှင့်။

ဖြေထားပြီး။ ဆေးမှတ်တမ်းတွေ သိမ်းထားသင့်။ ဆရာဝန်ပြောင်းပြလည်းရမယ်။ မီမိုဂရမ်-အာလ်ထွာဆောင်း ရိုက်သင့်။

ဆရာရှင့် မမေးဖြစ်တာကြာပါပြီ။ ရင်သားဖြတ်ထားပြီး tamoxifen သောက်တာ  ၅ နှစ်ပြည့်လို့ ဆရာဝန်ပြန်ပြပါတယ်  CEA စစ်တာ များနေလို့  tamoxifen အစား Mamazol 2.5 mg နဲ့ Immune Booster 1000 mg ကိုသောက်ခိုင်းပါတယ်။ Mamazol က ၂ နှစ်သောက်ရမယ်ပြောပါတယ်။ ဆေး ၂ မျိုး ရဲ့side effect ကိုသိချင်လို့ပါရှင့် tamoxifen သောက်တုံးက သားအိမ်မှာ သွေးအိတ်ဖြစ်ခဲ့လို့ပါရှင့်။

Mamazol 2.5 MG Tablet ဆေးဟာ ကင်ဆာအတွက်ဖြစ်တယ်။ ရင်သားကင်ဆာကိုပေးတယ်။ ကိုလက်စထော ခေါ် အဆီဓါတ် အနည်းအများ စစ်နေသင့်တယ်။

ဘေးထွက်သက်ရောက်မှုများ
Bone fracture အရိုးကျိုးတတ်တယ်။
Chest pain ရင်ပတ်နာတတ်တယ်။
Dizziness ခေါင်းမူးတတ်တယ်။
Headache ခေါင်းကိုက်တတ်တယ်။
Increased sweating ချွေးထွက်များတတ်တယ်။
Back pain ခါးနာတတ်တယ်။
Hot flashes မျက်နှာနီမြန်းတတ်တယ်။
Constipation ဝမ်းချုပ်တတ်တယ်။
Anxiety and nervousness စိုးရိမ်စိတ်ကဲတတ်တယ်။
Increased thirst ရေငတ်တတ်တယ်။

ကျန်တဲ့ဆေးက သိပ်သိစရာမရှိလှပါ။ ကင်ဆာကြောင့်နာတာအတွက် ပြင်းတဲ့အနာသက်သာဆေးတွေလိုနိုင်တယ်။ ဘလော့မှာ ရေးထားတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၆၇

နှင်းတောထဲမှာ စားဖို့သောက်ဖို့သွားပါတယ်

မွန်မိသားစုရဲ့ အိမ်သစ်တက်ဖိတ်လို့ နှင်းတောထဲမှာ စာဖို့သောက်ဖို့သွားပါတယ်။ အပူချိန်ကတော့ အအေးကြီးမဟုတ်။ ကောက်ညှင်းပေါင်းနဲ့ ရေနွေးကြမ်းပြီးတော့ မုံ့ဟင်းခါးနဲ့ ကောက်ညှင်းဘိန်းမုံ့စားခဲ့ပါတယ်။ ကောင်းတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၇

Acidic Urine ဆီး အက်စစ်ဓါတ်များနေခြင်း

၁။ ဆရာ မင်္ဂလာပါရှင့် apple cider vinegar သောက်တာတို့ extra virgin coconut oil သောက်တာတို့က ဆိုးကျိုးရှိလား သောက်သင့်လား ဖြေပေးပါဦးရှင့်

ဆိုးကျိုးတော့ မရှိ။ ထိရောက်မှု သေချာ မပြောနိုင်။ သောက်မဲ့သူ ကျား-မ-အသက်-ရောဂါ မသိ။

မ ၂၁နစ် ရောဂါမရှိ

၂ မင်္ဂလာပါဆရာ။ ကျမအသက်က ၃၆ နှစ်ပါ။ ခြောက်လအရွယ်သားလေးရှိပါတယ်။ ကိုယ်ဝန်မရှိခင်တုန်းက PH level က (7) ပါ။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း သွေး၊ ဆီး စသည်ဖြင့် လိုအပ်တာတွေစစ်ပါတယ်။ အဲဒီတုန်းက PH level က (6) ပါ။ အခုစစ်ကြည့်တော့ (6.5) ပါ။ PH level (7) က အကောင်းဆုံးအနေအထားအဖြစ်သိထားပါတယ်ဆရာ။ ကျမသိချင်တာက PH level 7 ဖြစ်အောင် ဘယ်လိုပြုမူနေထိုင်ရပါမလဲဆရာ။ ဘယ်လိုအစားအသောက်မျိုး စားသုံးရမှာပါလဲ။ PH level ကွာခြားနေဟာ ဘယ်အရာတွေပေါ်မူတည်ပြီး အတက်အကျကွာခြားနေပါသလဲဆရာ။ PH level အနည်းအများကွာခြားချက်ဟာ တခြားမည်သည့်ရာတွေကို အကျိုးသက်ရောက်စေပါသလဲဆရာ။ ဆရာ ရွှင်လန်းချမ်းမြေ့ပါစေ။

၃။ ဆရာ ကျွန်တော်နေပူထဲသွားမိရင် ဆီးအောင့်ပါတယ်။ နေပူထဲကြာကြာနေမိလေ ပိုဆိုးလေပါပဲ။ ဆီးတစက် သွားဖို့အရေး တော်တော်ကြိုးစားရတယ်။ သွားမိရင်လည်းအတော်ကျင်တယ်။ ရေနွေးတွေများထွက်လာသလို ခံစားရတယ်ဆရာ။ နေပူ ထဲကလည်း မထွက်ရင်မဖြစ်တဲ့အလုပ်မို့ပါ။ ဖြစ်နေတာကတော့ ၉ နှစ် သားလောက် ကတည်းကပါ။ အမြဲတမ်းဖြစ်နေတာတော့မဟုတ်ပါဘူး။ နွေရာသီဆိုရင်တောာ့ နေ့တိုင်း နီးပါးဖြစ်ပါတယ်။ အေးရင် လုံးဝမဖြစ်ပါဘူး ဆရာ။ ဘာ့ကြောင့် ပူရင်ဖြစ်ရတာလဲဆိုတာနဲ့ ဘာဆေးတွေသောက်ရင်ပျောက်မလဲဆိုတာ လေးသိချင်လို့ပါဆရာ။ ယောက်ျားလေးပါ။ အသက်ကတော့ ၂၇ နှစ်ပါ။ ကျေးဇူးတင် ပါတယ်ဆရာ။

လူရဲ့ဆီးဟာ ပုံမှန်ကိုက အက်စစ်လိုဘဲ။ ပူစပ်စပ်နေတယ်။ ဓါတုဗေဒလို အက်စစ်ဓါတ်ကို pH နဲ့ တိုင်းရတယ်။ ဆီးက pH 5.8 နဲ့ 7 အတွင်းရှိတာ ပုံမှန်ဖြစ်တယ်။ ဆီးလမ်းပိုးဝင်နေရင် pH နည်းနေတာ တွေ့ရတယ်။ ကြာသွားပြန်ရင် တမျိုး ဖြစ်ပြန်တယ်။ pH များတာကို အယ်လ်ကာလိုင်းဖြစ်နေတယ်ခေါ်တယ်။ ဒါလည်းမကောင်းဘူး။ ဗီတာမင် စီ Ascorbic acid ကို ပြောင်းပြန်မှတ်ပါ အက်စစ် လျှော့စေနိုင်တယ်။

ဆီး အက်စစ်ဓါတ်များစေတဲ့ အကြောင်းရင်းတွေကတော့ -
• အက်စစ်များစေတဲ့ အစားအသောက်တွေစားတာ၊
• အစာငတ်ခံတာ၊
• ဝမ်းပျက်တာ၊
• ဆီးချိုရှိတာ၊
• ရေ-ဆားဓါတ် နည်းသွားတာ၊
• အသက်ရှူလမ်း ရောဂါ တချို့တို့ ပါဝင်တယ်။

အစားအသောက်
အသား၊ ငါး၊ အသဲ၊ ဥ၊ အရက်၊ ဘီယာ၊ ဝိုင်၊ ပေါင်မုံ့၊ ကော်ဖီ၊ လက်ဘက်ရည်၊ ပဲ၊ ပြောင်ဖူး၊ ဘယ်ရီသီးအမျိုးမျိုး၊ ဆီးသီးအမျိုးမျိုး၊ ရိစ် ခေါ် တဆေး၊ ချဉ်တဲ့ခရင်မ်၊ ထောပတ်၊ ရောဂတ်တွေက အက်စစ်ဓါတ် များစေပါတယ်။ အသား၊ ပင်လယ်စာ၊ အသည်း၊ နှလုံး၊ ဝက်ပေါင်ခြောက်တွေက ယူရစ်အက်စစ်များတဲ့ အစာတွေ ဖြစ်တယ်။

အရွက်တွေ၊ မှို၊ ကညွတ်၊ မုံထာ၊ ဟင်းနုနွယ်ရွက်တွေကို အသင့်အတင့် စားနိုင်တယ်။ ချဉ်တဲ့အသီးတွေ၊ ငှက်ပျောသီး၊ ပန်းသီး၊ ခရမ်းချဉ်သီးတွေက အက်စစ်နည်းတယ်။ အက်စစ်နည်းတဲ့ အသီးတွေကတော့ လိမ်မော်၊ သံပုရာ၊ ရှောက်၊ ကမ္ဗလာသီးတို့ ဖြစ်တယ်။ ဒါ့အပြင် အိန္ဒိယက Key Lime, Citron, Wild Orange မလေးရှားက Pomelo တရုပ်က Mandarin Orange ကိုရီးယားက Trifoliate Orange သြစတေးလျက Round Lime တွေလည်း ပါတယ်။ Packaged fruit juices, Sauces, pickles and artificial sweeteners တွေကို အက်စစ်များနေသူတွေက ရှောင်သင့်ကြတယ်။ Juices made of black cherry, Celery, Birch leaf and Parsley တွေ သောက်သင့်တယ်။

ဆီးလမ်းပိုးဝင်ခြင်း
ဆီးမှာ ပိုးဝင်နေ-မနေကို Dipsticks နည်းနဲ့ အိမ်မှာတင် အလွယ်စမ်းနိုင်တယ်။ အိပ်ရာထသွားတဲ့ဆီးကို စစ်ရင် ၉ဝ% မှန်တယ်။ ဗက်တီးရီးယားကနေထွက်တဲ့ Nitrite (နိုက်ထရိတ်) ပါနေ-မနေ စစ်တာပါ။ ဆီးမှာအက်စစ်များနေရင် ကျောက်ကပ်မှာ Uric acid stones, Cystine stones and Calcium oxalate stones ကျောက် တည်နိုင်တယ်။ ဆီးလမ်းပိုးဝင်နေသတွေ အက်စစ်များအစာတွေ၊ အပူ-အစပ် ရှောင်ရတယ်၊ ဆေးလိပ်ဖြတ်ရမယ်။ ဆီးပူနေသူ၊ ပုံမှန်ထက် ပိုပြီး ဝမ်းသွားတာ၊ အန်တာဖြစ်ရင်လည်း ရေပိုသောက်ရမယ်။ ဆီးသွားချင်စိတ်ရှိရင် သွားလိုက်ပါ။ ဆီး-ဝမ်းသွားပြီး ရေဆေးရင် လက်ကို ရှေ့ကနေ နောက်ဆီသာ တဖက်သပ် သွားနည်း သုံးပါ။ ရေချိုးတာကို အပေါ်ကနေ ရေကျတဲ့နည်း သုံးပါ၊ ရေချိုးစည်ထဲမှာ ချိုးတာ မကောင်းပါ။ (ကန်တော့ပါ) လိင်မဆက်ဆံမီ ရေဆေးပါ။ အမျိုးသမီးသုံး Feminine hygiene sprays and scented douches တွေ မသုံးပါနဲ့။

ဆီးလမ်းပိုးဝင်ခြင်းအတွက် ဆေးများ
- ပဋိဇီဝဆေးများ၊ Co-trimoxazole = Septrin (Trimethoprim 160 mg + Sulfamethoxazole 800 mg) တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၅ ရက်။ ဒါမှမဟုတ် Amoxacilin 500 mg တခါသောက် ၁ တောင့်၊ တနေ့ ၂ ကြိမ်၊ ၅ ရက်။ ဒါမှမဟုတ် Ciprofloxacin 500 mg တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၅ ရက်။ ဒါမှမဟုတ် Nitrofurantoin = 100 mg တနေ့ ၂-၄ ကြိမ်၊ ၇ ရက်။
- လေနာဆေး Antacid (Magnesium hydroxide) တခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ်။
- နာတာ သက်သာအောင် Hyoscine (Spasmogin or Buscopan) တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်။
- လိင်ကြောင့်ဖြစ်သူတွေကို အတူနေပြီးပြီးရင် ပဋိဇီဝဆေး တကြိမ်သောက်ဘို့ ညွှန်တယ်။ ဆီးအောင့်တယ်လို့ ခံစားရရင် ၂-၃ ရက်ဆက် သောက်ရမယ်။

ဂေါက်ဖြစ်နေသူ၊ ဆီးပူနေသူ၊ ဆီးခဏခဏအောင့်တတ်သူများ Cranberry ခရန်ဘယ်ရီဆေး၊ ဖျော်ရည်သောက်ပါ။ ချယ်ရီဖျော်ရည် အိမ်မှာဖျော်သောက်ပါ။ Apple Cider Vinegar ပန်းသီးဖျော်ရည် သောက်ပါ။ ရေများများသောက်ပါ။ အသား လျှော့စားပါ။

ဆေးပညာမသိရင် ကျန်းမာရေးဝန်ကြီး၊ ဥပဒေမသိရင် တရားသူကြီးဖြစ်ရတဲ့ ဆိုရှယ်လစ်ခေတ်က စက်ရုံတခုကို ဝန်ကြီးလုပ်ရသူက သွားစစ်တယ်။ အင်ဂျင်နီယာအစစ်ကနေ အစီရင်ခံတယ်။ ဝန်ကြီးခင်ဗျား ဒီရေက pH 7 တိတိ ရှိပါတယ်ခင်ဗျား။ ဒီတော့ ဝန်ကြီးမင်းက အေ့း့ နောက်တခါ ၇ ထက်များအောင်လုပ်ကြတဲ့။

Dr. တင့်ဆွေ
၃၁-၁၂-၂ဝ၁၇

Saturday, December 30, 2017

OB ဆရာဝန်

မြန်မာပြည်မှာ သားဖွားမီးယပ်ပညာနဲ့ သားဖွားမီးယပ်အထူးကုဆရာဝန်ကို OG လို့ခေါ်ကြပါတယ်။ ယူအက်စ်အေမှာက တမျိုး။ သားဖွားမီးယပ်ပညာကို OB-GYN တဲ့ ဆရာဝန်ကို OB တဲ့။

ကျွန်တော်လို ရိုးရိုးဆရာဝန်တွေက ဆေးပညာဘွဲ့တခုတည်းသာရကြတယ်။ ဘွဲ့ကတခုတည်းပေမဲ့ နှစ်မျိုးပါတယ်။ MB ဆေးပညာဝိဇ္ဇာဘွဲနဲ့ BS ခွဲစိတ်ပညာဝိဇ္ဇာဘွဲ့။ ဆရာဝန်တွေ MBBS ဘွဲ့ရပြီးနောက်မှာ တယောက်တမျိုးစီ ဖြစ်လာကြတယ်။ ကျွန်တော်လို ရတဲ့ဘွဲ့လေးတခုနဲ့ အရိုးထုတ်ကြရသူကများတယ်။ အဲလိုဆရာဝန်တွေထဲမှာလည်း ဆေးကုတာ အားသန်သူနဲ့ ခွဲစိတ်တာမှာ စိတ်ပါသူလို့ မတူကြပြန်ဘူး။ ကျွန်တော်က အစုံသုပ်လုပ်ပါတယ်။

ကျွန်တော် ထိုင်းနိုင်ငံ မဲဆောက်က ဒေါက်တာဆင်သီမောင်ယာ ဆေးခန်းရောက်တိုင်း ခွဲစိတ်ခန်းဝင်ပေးသေးတယ်။ ကေအင်န်ယူခေါင်းဆောင် ဗိုလ်ချုပ်မြရွာမှာရှိတဲ့ ဆေးရုံလေးမှာလဲ ခွဲစိတ်ပေးဘူးတယ်။ ထိုင်း-မြန်မာနယ်စပ် ချောင်းကလေးဘေးမှာ ပါတီစည်းရုံးရေးမှူးတယောက်ကို အစည်းအဝေးနာချိန်မှာ မိုင်နာဆာဂျရီ လုပ်ပေးဘူးတယ်။ အိန္ဒိယနိုင်ငံ၊ အိုက်ဇောမှာလဲ မြန်မာ ယက်ကန်းသမားတွေကို ခွဲစိတ်တာအပါအဝင် ဆေးကုပေးတယ်။ တမူးဟိုဖက်က မိုးရေးဆေးခန်းလေးမှာလည်း အဲလိုဘဲ။ ဒေလီမြို့ ယမုန်နာဆေးခန်းမှာလည်း အတော်များများခွဲစိတ်ခဲ့တယ်။

၁၉၈၁ တုံးက ရန်ကုန်မှာ တနှစ်တည်း ဆေးကျောင်ဆင်း သူငယ်ချင်းတွေစုဝေးခဲ့တုံးက ကျွန်တော့်လက်နဲ့ ခွဲတာကိုခံရဲတဲ့ သတ္တိအကောင်းဆုံးသူငယ်ချင်းကိုယ်တိုင်က ပြန်ပြောမှ အဲတာကိုအမှတ်ရတယ်။

မြန်မာပြည်မှာတုံးက အစစအရာရာရှာပါးလွန်းလှတဲ့ ဆိုရှယ်လစ်ခေတ်ကြီးထဲမှာ တိုင်းပြည်ကနေထွက်ပြေးရတော့ ကိုယ်ပိုင်စုဆောင်းထားခဲ့တဲ့ ခွဲစိတ်ကိရိယာတွေကိုပါ ပြစ်ထားခဲ့ရတယ်။ နှမြောလိုက်တာ မပြောပါနဲ့တော့။ ဒေလီကို ရောက်တော့ ခွဲစိတ်လူနာတွေတွေ့ပြန်တဲ့အခါ လက်နက်သာရှိပြီး ကျည်ဆံမရှိပြန်လို့ ခွဲစိတ်ကိရိယာတွေ ပြန်စုရပြန်တယ်။

နိုင်ငံရေးထဲရောက်မှ တိုင်းပြည်နဲ့ခွဲရတယ်။ ခွဲစိတ်လူနာတွေနဲ့ပါ ခွဲရတယ်။ ကိုယ်ပိုင်စုဆောင်းထားခဲ့တဲ့ ခွဲစိတ်ကရိယာတွေနဲ့ရော မြန်မာပြည်နဲ့ အိန္ဒိယပြည်ကို ခွဲခဲ့ရတယ်။ အခုတတိယနိုင်ငံရောက်တော့ ခွဲစရာဆိုတာ ပြည့်စုံသွားတယ်။ အရာရာကို ခွဲခွါထားရစ်ရတဲ့ ခွဲဆရာဝန်အစစ်ဖြစ်လာပါတော့တယ်။

ဒေလီက ပုဂ္ဂလိကဆေးခန်းတခုမှာ ဗိုက်ခွဲမွေးပေးတာတွေလုပ်တော့ အိုဂျီဘွဲ့ရ ကုလားမဆရာဝန်က အဆစ်စ်လုပ်တယ်။ Smile!

ဒေလီမှာနေရတုန်းက ကလေးပေါင်း ၃၅ဝ ကို မွေးပေးလို့ အိုဂျီလို့ အမှတ်မှားနေကြတယ်။ အမှန်က အိုပြီဆရာဝန်ပေါ့ဗျာ။ လက်မတုန်သေးပါ။ စိတ်မကုန်သေးပါ။

ဓါတ်ပုံ = ၂၆-၉-၂ဝ၁၁ နေ့က ဒေလီ ယမုန်နာဆေးခန်းမှာ ကလေးလူနာတယောက်ကို ခွဲစိတ်ကုသပေးစဉ်က

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၆
၃၁-၁၂-၂ဝ၁၇

Interpreters မြန်မာပြန်သူများ

ကျေးဇူးအထူးတင်မိပါတယ်ဆရာ။့ ရက်နေ့မှာ မြန်မာကိုတခေါက်ထပ်ပြန်ဖို့ လေယာဉ်စီးရဦးမှာမို့ သိချင်နေမိတာလေး ဖတ်ခွင့်ရလို့ပါရှင်။

မနေ့ကလည်း တယောက်က ကွန်မင့်မှာ မြန်မာမှာလို့ရေးတယ်။ အရင်ကလည်း သည်အကြောင်း ခဏခဏရေးရတယ်။

မြန်မာဆိုတာ သဒ္ဒါအရ ဘာလဲ။ နာမဝိသေသနဖြစ်တယ်။ နာမ်တခုခုနဲ့တွဲရတယ်။ မြန်မာစာ၊ မြန်မာဝတ်စုံ၊ မြန်မာအစားအစာ၊ မြန်မာလူမျိုး၊ မြန်မာပြည်။

တချို့ကလည်း မြန်မာပြန်တုန်းကလို့ ပြောတယ်။ ကျွန်တော်ကတော့ ဘာသာပြန်တာလို့ ထင်မိတယ်။

1. Myanmar မြန်မာဆိုတာဘာလဲ https://doctortintswe.blogspot.com/2015/06/myanmar.html
2. Burma Vs Myanmar (1) မြန်မာဆိုတာဘာလဲ (၁) https://doctortintswe.blogspot.com/2017/06/burma-vs-myanmar-1.html
3. Burma Vs Myanmar (2) ဗမာနဲ့ မြန်မာ (၂) https://doctortintswe.blogspot.com/2015/06/burma-vs-myanmar.html
4. Burma Vs Myanmar (3) မြန်မာဆိုတာဘာလဲ (၃) https://doctortintswe.blogspot.com/2016/04/myanmar-vs-burma.html
5. Myanmar Vs Burma ပစိဖိတ်သမုဒ္ဒရာနဲ့ ဧဝရက်တောင် https://doctortintswe.blogspot.com/2017/06/burma-vs-myanmar-3.html

Dr. တင့်ဆွေ
၃၁-၁၂-၂ဝ၁၇

Folic acid ဖေါလစ်အက်စစ်

၁။ ဆရာရှင့် ကိုယ်ဝန်စရှိတုန်းက ကိုယ်ဝန်ရှိမှန်းမသိဘဲ ဝက်မလွတ်ငှက်ပျောသီးနှစ်လုံးရယ် သဘောင်္သီး အစိမ်းသုပ်ရယ်ကို ခဏခဏစားဖြစ်တယ်။ ကလေးထိခိုက်နိုင်လား ဆရာရှင့်။

ကိုယ်ဝန်ဆောင်လည်း လူတိုင်းစားတာတွေနဲ့ အရင်ကစားဖူးတာအားလုံး စားသောက်နိုင်တယ်။

ကျမ အသက် ၂၇  ပါ။ ကိုယ်ဝန်တလပါ။ ဒေသန္တရမှာသွားပြတော့ ဆရာမက ဒီဆေးဘဲသောက်ခိုင်းတယ်။ ဖောလစ်အက်စစ် မလိုတော့ဘူးတဲ့။ လိုမလိုသိချင်ပါတယ်ဆရာ။

ဆေးထဲမှာ ဖေါလစ်အက်စစ်ပါတယ်လို့ ရေးထားတာ ဖတ်ရ။

ဖေါလစ်အက်စစ် ပမာဏလုံလောက်ပြီလားဆရာရှင့်

၂။ မင်္ဂလာပါဆရာရှင့်။ တချို့က ကိုယ်ဝန်ရဖို့ Folic acid သောက်တယ်လို့ပြောပါတယ်။ သမီးဘာဆေးသောက်သင့်လဲ ညွှန်ကြားပေးပါဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။ (အသက် မပြောပါ။ ကိုယ်ဝန်ဘယ်နှစ်လ မပြောပါ။)

၃။ မင်္ဂလာပါဆရာရှင့် ကျွန်မက အိမ်ထောင်ကျတာ ၄ လကျော်ပါပြီရှင့်။ ကလေးယူရန်အစီအစဉ်ရှိပါသည်။ အသက်က ၃၁ ပြည့်ပြီးပါပြီရှင့်။ Folic acid သောက်သင့်သည်ဟု စာထဲတွင်ဖတ်ရပါသည်။ သို့သော် သူငယ်ချင်းအချို့အပြောအရ ဝမ်းပိုချုပ်တတ်သည် ပြောသည့်အတွက် ကြောက်ပါသည်။ ကျွန်မက သာမာန်ထက်ပိုပြီး ငယ်စဉ်ထဲက ဝမ်းချုပ်တတ်ပါသည်။ သောက်သင့်ရဲ့လားဟု ဆရာ့အကြံပေးချက်ကိုမျှော်လင့်ပါသည်ဆရာ။ ကျေးဇူးတင်ပါသည်။

၎။ မင်္ဂလာပါ ဆရာရှင့် ကျွန်မ ကိုယ်ဝန်ရှိမှန်းသိထဲက ကိုယ်ဝန် ၃ လထိ BBI ကထုတ်တဲ့ folic acid ကို တနေ့တလုံးပဲ သောက်ခဲ့မိပါတယ်ဆရာ။ ကိုယ်ဝန် ၃ လကနေ ခုချိန်ထိကတော့ တနေ့နှစ်လုံးသောက်ပါတယ်ဆရာ။ ကိုယ်ဝန်နုစဉ် folic acid ကို တနေ့တစ်လုံးပဲ သောက်ခဲ့တာ ကလေးအတွက် အဆင်ပြေနိုင်ပါ့မလားလို့ စိတ်ပူမိနေပါတယ်ဆရာ။ အသက် ၃၂ နှစ်ပါ ဆရာ။ (အသက်ကို မေးမှာသာပြောတယ်။ အချိန်ပိုကုန်တယ်။)

၅။ ဆရာရှင့် သမီးက ကိုယ်ဝန် ငါးပတ်ရှိပါပြီ။ OG တော့မအပ်ရသေးပါဘူးရှင့်။ လောလောဆယ် folic acid BPI က ထုတ်တဲ့ဟာတမျိုးပဲ သောက်ရသေးပါတယ်။ folic acid ကိုလဲ ကိုယ်ဝန်ရှိတယ်လို့သိရတဲ့ ၄ ပတ်ကျော်ကမှ စသောက်တော့ ခုမှ ၃ ရက်လောက်ပဲသောက်ရသေးတယ်။ အဲဒါ တနေ့တလုံးပဲသောက်ရင် လုံလောက်လားရှင့်။ တခြားဘာဆေးတွေ သောက်ရမလဲ။ သားဦးဆိုတော့စိုးရိမ်လို့ ဖြေပေးပါဦးနော်။ ဆေးဗူးမှာ folic acid BP 5 mg လို့ ရေးထားပါတယ်ရှင့်။ သမီးအသက်က လာမဲ့ September ဆို ၃ဝ ပြည့်မှာပါရှင့်။

၆။ မင်္ဂလာပါဆရာ ကျွန်မမေးစရာလေးရှိလို့ပါဆရာ။ ကျွန်မကလေးက အခု ၁၁ လကျော်နေပါပြီ။ သူကိုလူတိုင်းက ပျော့ဖတ်နေတာပဲလို့ အမြဲပြောပါတယ်။ ကလေးကို Folic acid တိုက်ခိုင်းပါတယ်ဆရာ။ အဲဒါတိုက်လို့ရလား သိချင်လို့ပါ။ ကလေး အခုသိပ်မထွားဘူးဖြစ်နေလို့ပါ။

ဖေါလစ်အက်စစ်ဆိုတာ ဗီတာမင် ဘီအုပ်စုဝင်ဆေး ဖြစ်တယ်။ Vitamin B9, Vitamin Bc, Folacinနဲ့ Folate လို့လည်း ခေါ်တယ်။ ဖေါလစ်အက်စစ်နည်းတဲ့ သွေးအားနည်းတာနဲ့ သံဓါတ်နည်းသွေးအားနည်းရောဂါတွေ ဖြစ်နေသူဟာ မောပန်းနေမယ်။ အားယုတ်နေမယ်။ အစာခြေတာ မကောင်းလို့ ဝမ်းပျက်တတ်တယ်။ စားချင်စိတ် နည်းနေမယ်။ ကိုယ်အလေးချိန် ကျမယ်။ လျှာနာမယ်။ ခေါင်းကိုက်မယ်။ ရင်တုန်မယ်။ သတိမေ့တတ်ပြီး အမူအယာပါ ပြောင်းလာတတ်တယ်။ အလာဂျီအတွက်လဲ သုံးတယ်။ စိတ်ကျနေသူတွေကိုလည်းပေးနိုင်တယ်။ Schizophrenia စိတ်ရောဂါရှိသူ၊ သတိမေ့တတ်သူတွေကိုပါပေးတယ်။ အဝလွန်သူတွေ အဆီချဘို့အတွက်လည်းသုံးတယ်။ ဆီးချိုကိုလဲ ပေးတယ်။ သွေးဆုံးချိန်မှာလဲ အသုံးကျတယ်။ ကျောက်ကပ်ရောဂါ၊ အရိုးရောဂါ၊ လေးဘက်နာသူတွေကိုလဲ ပေးတယ်။ သွေးနီဥနဲ့ DNA ခေါ်တဲ့ မျိုးဗီဇတည်ဆာက်ဘို့ ဖေါလစ်အက်စစ်လိုတယ်။ ဦးနှောက်-အာရုံကြောတွေ အတွက်လည်း အသုံးဝင်တယ်။ အူမကြီးကင်ဆာကာကွယ်ဖို့ 400 mcg ပေးတယ်။ Vitiligo အမူးရောဂါ 5 mg တနေ့ ၂ ကြိမ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဖေါလစ်အက်စစ်နည်းနေရင် အထဲကကလေး ဦးနှောက်ဖြစ်ပေါ်တာကို အားနည်းစေမယ်။ Spina bifida ခေါ်တဲ့ ခါးရိုးဆစ်ကနေ မွေးကတည်းက အနာလိုဖြစ်နေတာမျိုးကို တားဆီးနိုင်တယ်။ ကိုယ်ဝန် ပဌမ ၃ လ အတွင်း 400 mcg လိုအပ်တယ်။ ကလေးပျက်ကျမှာကိုလည်း တာဆီးပေးမယ်။ ကလေးနို့တိုက်ချိန် ၆ လအထိ သောက်သင့်တယ်။ အထဲကကလေးမှာ Neural tube defect (NTD) သန္ဓေသားအာရုံကြောပြွန်ချို့ယွင်းချက်ရှိနေတာကိုသိရင် ဆေးကို များများပေးမယ်။ ကိုယ်ဝန်ဆောင်တွေ 1000 UL လိုပြီး၊ ကလေးတွေ 150-800 IU နဲ့ လူကြီးတွေ 400 လိုနိုင်တယ်။ ဖေါလစ်အက်စစ်ကို ကိုယ်ဝန်မယူခင် ၃ လကတည်းက စသောက်သင့်တယ်။ တနေ့မှာ 400 mcg သောက်ပါ။ မိသားစုထဲမှာ မွေးရာပါချို့ယွင်းချက်နဲ့ မွေးဘူးတဲ့ရာဇဝင်ရှိနေရင် 4000 mcg အထိပေးနိုင်တယ်။

ပဲနဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေထဲမှာ ဖေါလစ်အက်စစ်ပါနေတယ်။ လိမ္မော်သီးတလုံး 54mcg ပါတယ်။ ကြက်ဥပြုတ်တလုံး 22mcg ပါတယ်။ သင်္ဘောသီး အလတ်စားတလုံး 115mcg ပါတယ်။ ပဲပြုတ် တခွက် 280 mcg ပါတယ်။ ဟင်းနုနွယ်ရွက်တခွက် 260 mcg ပါတယ်။ ထမင်းဖြူ 3/4 cup 60mcg ပါတယ်။ ခရမ်းချဉ်သီးရည် 1 cup 50mcg နဲ့ ခေါက်ဆွဲပြုတ် 1 cup 160mcg ပါတယ်။ အစာထဲက ဖေါလစ်အက်စစ်ကို မပျက်စီးအောင် နူးနပ်သွားအောင် မချက်ပြုပ်သင့်ဘူး။

အားနည်းချက်တွေလဲသိဘို့လိုတယ်။ Folic acid ဆေးပေးလို့ ဗီတာမင် ဘီ ၁၂ နည်းတာကို ဖုံးနေစေတတ်တယ်။ ဆေးပေးတာများရင် ငှက်ဖျားဆေးပေးတာကို သက်ရောက်စေတယ်။ ငှက်ဖျားဖြစ်ရာနေရာက ၅ နှစ်အောက် ကလေးတွေပေးလို့ Iron-folic acid အားဆေးပေးတာ အသေအပျောက် ပိုများတာတွေ့ရတယ်။

ဘေးထွက်သက်ရောက်မှုများ = သတ်မှတ်ထားတဲ့ဆေးပမာဏသောက်တာ ထိုးတာ စိတ်ချရပါတယ်။ လူကြီးတယောက် တနေ့မှာ 1000 mcg ထက် မကျော်ရင် ဘာမှဖြစ်စရာမရှိပါ။ ဆေးများမယ်၊ ဆေးသောက်တာတာရှည်မယ်ဆိုရင် ဗိုက်နာမယ်။ ဝမ်းပျက်မယ်။ လေတက်မယ်။ အရေပြားအနီတွေထွက်မယ်။ အိပ်မရဖြစ်မယ်။ စိတ်ရှုတ်ထွေးမယ်။ စိတ်တိုမယ်။

အချုပ်
ဖေါလစ်အက်စစ်ဟာ ကိုယ်ဝန်ရစေတဲ့ဆေး မဟုတ်ပါ။ တယောက်နဲ့တယောက် လိုအပ်ချက်မတူပါ။ အမျိုးသမီးတွေ မျိုးပွါးနိုင်တဲ့အရွယ်မှာ နေ့စဉ် ဖေါလစ်အက်စစ် 400 mcg သို့မဟုတ် 0.4 mg ထက်မနည်းသင့်ပါ။

ကိုယ်ဝန်မဆောင်မီ တလကြိုတင်ပြီး သောက်ရင် spina bifida ခေါ် ခါးရိုးမလုံတဲ့ မွေးရာပါရောဂါ ၇ဝ% ကိုနည်းစေတယ်။
ကိုယ်ဝန်ဆောင်နေချိန်မှာ 600 to 800 mcg သို့မဟုတ် 0.6 to 0.8 mg လိုအပ်တယ်။

အများစုအတွက် ကိုယ်ဝန် ပဌမသုံးလမှာ 400 mcg လိုတယ်။ ၄ လကနေ ၉ လအထိ 600 mcg လိုနတယ်။ ကလေးနို့တိုက်နေချိန်မှာ 500 mcg လိုတယ်။

မိသားစုထဲမှာ အဲလိုချို့ယွင်းချက်ပါကလေးမွေးဖူးတာရှိသူဆိုရင် 4,000 mcg (4 mg) နေ့စဉ်လိုမယ်။ အဲလို ချို့ယွင်းချက်ဟာ ကိုယ်ဝန် ၃-၄ ပတ်မှာစတယ်။

Dr. တင့်ဆွေ

Frozen shoulder အေးခဲသွားသောပခုံး


၁။ မင်္ဂလာပါဆရာ ကျမအသက်က ၃၈ နှစ်ပါ။ အိမ်ထောင်မရှိပါ။ ရာသီမှန်ပါတယ်။ ကျမ ယခု ဘယ်ဘက်လက် လက်မောင်းအရင်မှနာနေတာ ၁ နှစ်ကျော်ပါပြီ။ အရမ်းနာကျင်တာမျိုးမဟုတ်ဘဲ ဖိအိပ်မိတဲ့အချိန် လက်အမြှောက်အချလုပ်မိချိန် လက်နောက်ပြန်အနေအထား အသုံးပြုမိချိန်တွေမှာ နာတတ်ပါတယ် ဖြစ်တာ (၁) နှစ်ကျော်ပါပြီ။

၂။ ကျွန်တော့်အမေ အသက် ၅ဝ။ နေရပ် ရန်ကုန်။ အမေက fashion designer တယောက်ပါ။ လွန်ခဲ့တဲ့ ၆ လ လောက်ကစပြီး အခန့်မသင့်သလိုဖြစ်ပြီး လက်က အကျောညှပ်သလိုဖြစ်ပါတယ်။ နောက်ပိုင်း ညဘက်ရောက်ရင် အကျောတက်ပါတယ်။ ကျွန်တော်လည်းတက်သလောက် နင်းနှိပ်ပေးတယ်။ နောက်ပိုင်း တဖြေးဖြေး ပိုဆိုးလာပါတယ်။ ထို့နောက် လက်ကသိပ်မြောက်လို့ မရတော့ဖြစ်လာတယ်။ ဆေးရုံပြကြည့်ပါတယ်။ သောက်ဆေးပေးပါတယ်။ ပိုဆိုးလာသလိုခံစားရလို့ ဆက်မသောက်ဖြစ်တော်ပါ။ ယခုတော့ MOVE FREE ဆိုတဲ့ဆေး သောက်နေပါတယ်။ ထိုနောက် ဆေးခန်းမှာ Vegan စက်နဲ့ နိပ်ပါတယ်။ ၃ ပတ်လောက်နိပ်ကြည့်ပါတယ်။ မသက်ပါ။ တခါခါ ထမင်းစာရင်တောင် ဇွန်းပြုတ်ကျပါတယ်။ ထို့နောက် ၁ လလောက် ဒီတိုင်းပဲ နေလိုက်တယ်။ ညရောက်ရင် ပိုနာပါတယ်။ အေးရင်ကိုက်တယ်။ လက်ပခုန်းက အားမရှိသလို မျိုးခံစားရပါတယ်။ နေရတော်တော် ဆိုးပါတယ်။ လက်က ဘေးတိုက်မြှောက်ရင် 90 degree ထိပဲ မြောက်လို့ရပါတယ်။ အပေါ်မြောက်ရင်လည်း သိပ်မြောက်လို့မရပါ။ လမ်းထဲက တရုပ်အပ်စိုက်ဆရာနဲ့ ၃ ပတ် လောက် ၁ ရက်ခြား ၂ ရက်ခြား အပ်စိုက်ဖြစ်ပါတယ်။ ထိုနောက် အနည်းငယ်သက်သာပါတယ်။ အသားတွေက အပ်စိုက်ပါများလာတော့ နာလာပါတယ်။ ထိုနောက် ဆက်မစိုက်ဖြစ်တော့ပါ။

ပခုံးမှာရောဂါရလို့ သူ့အလုပ်သူ မလုပ်နိုင်တော့တာကို ဆေးစာမှာ Frozen shoulder ပခုံးခဲသွားတယ်လို့ တင်စား ခေါ်တယ်။ တကယ်ခဲသွားတာတော့ မဟုတ်ပါ။ ပခုံးဆစ်ရဲ့ အဖုံးလွှာရောင်ရာကနေ ပလာစတာလိုဖြစ်သွားလို့ Adhesive capsulitis လို့ပါ ခေါ်သေးတယ်။ အလွန်နာပါတယ်။ ပခုံးက အထက်မြှောက်မရ၊ စက်ဝိုင်းလိုလဲ လှည့်မရပါ။ ဘာမှ မလုပ်တာတောင် နာနေတတ်တယ်။

ခိုက်မိရာကနေလည်း ဖြစ်တတ်တယ်။ Tendonitis ခေါ်တဲ့ အရွတ်ကြောရောင်တာကလဲ ဖြစ်တယ်။ Bursitis အဆစ်တွေမှာ ချောဆီရှိနေတဲ့ အိတ်ရောင်လို့လဲ ဖြစ်တယ်။ Autoimmune reaction ဆိုတဲ့ ရောဂါပြီးစနစ် ကမောက်ကမဖြစ်လို့လဲ ဖြစ်တယ်။ ပခုံးဆစ်မှာ ဖုံးနေတာက ရောင်တော့ ကြာရင် အမာရွတ် ဖြစ်လာတယ်။ အသက် ၄ဝ နဲ့ ၆၅ ကြားလူတွေ ပိုဖြစ်တယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ ဆီးချိုရှိသူ ပိုဖြစ်တယ်။ အလှုပ်အရှား နည်းသူတွေ ပိုဖြစ်တတတ်သလို အဆစ်ကို လိုတာထက် ပိုလုပ်သူတွေလဲ ပိုဖြစ်တယ်။ ပခုံးကို ခွဲစိတ်ခံရကနေလဲ ဖြစ်နိုင်တယ်။ လည်ပင်ကြီးဟော်မုန်း များသူ၊ နှလုံးသွေးကြောရောဂါရှိသူ၊ စိတ်ကျရောဂါ ခံစားနေရသူတွေနဲ့ Parkinson’s disease ဆိုတဲ့ အာရုံကြောရောဂါ ရှိသူတွေမှာလဲ ပိုဖြစ်တာ တွေ့ရတယ်။

ရောဂါရာဇဝင်မေး၊ လူနာကို စစ်ဆေးပြီး X-ray နဲ့ MRI scan တွေနဲ့ ရောဂါနာမယ်ကို သေချာအောင် လုပ်ပါတယ်။

ကုသရာမှာ -
• Anti-inflammatory drugs (NSAID) အနာ-အကိုက်ပျောက်ဆေး၊
• Cortisone injections အဆစ်ထဲကို ကော်တီဇုန်းဆေး ထိုးပေးတာ၊
• Physical therapy ဖီဇီယိုနဲ့ ကုသတာတွေ လုပ်ပေးတယ်။ ကြာတော့ ကြာပါမယ်။
• Prednisone ဆိုတဲ့ (ကော်တီဇုန်း) ဆေးကို စပေးချိန်မှာ တနေ့မှာ ၂ ပြား ၄ ကြိမ်ကနေ၊ နောက်မှာ ၂ ပြား ၃ ကြိမ်၊ နောက် ၂ ပြား ၂ ကြိမ်၊ နောက် ၁ ပြား ၃-၂ ကြိမ် ဆိုသလို တပါတ်တခါ လျှော့လျှော့ ပေးရပါတယ်။ ဂကော်တီဇုန်း) ဆေးက ဘေးထွက်ဆိုကျိုး မနည်းလှပါ။
• ဆေးတွေက ရောင်နေတာနဲ့ နာတာသက်သာစေဘို့ပါ။
• လေ့ကျင့်ခန်းကလဲ အတော်အရေးပါတယ်။
• လိုအပ်ရင် ဆရာဝန်က မေ့ဆေးပေးပြီး ဖြစ်နေတဲ့ အဆစ်ကို လှုပ်ရှားပေးမယ်။ အမာရွတ်တွေ ချိုးဖျက်သလို ဖြစ်စေမယ်။ တခါမကလဲ လုပ်ရတတ်တယ်။
• Arthroscopic surgery ဆိုတဲ့ အနုစိတ်ခွဲစိတ်မှုလုပ်ပြီး အမာရွတ်တွေကို ရှင်းထုတ်ပါတယ်။

အနာအကိုက်ပျောက်ဆေးဆိုတာ အမျိုးမျိုးရှိလို့ တခုမဟုတ် တခု ပြောင်း သုံးနိုင်ပါတယ်။ ဆေးကုတာမှာ Aggressive treatment ခေါ်သလို ခပ်ကြမ်းကြမ်းနည်း သုံးရပါတယ်။ ဒါတွေ အကုန်လုပ်တာတောင်မှ ပြန်မကောင်းတာလဲ ရှိတတ်တယ်။ မကုတာထက် အများကြီး သက်သာ၊ ကောင်းမွန် ပျောက်ကင်းစေနိုင်ပါတယ်။

Intra-articular injection Shoulder ပခုံးထဲဆေးထိုးနည်း
- Hydrocortisone acetate 0.002
- Methylprednisolone acetate 0.001
- Prednisolone tebutate 0.001
- Triamcinolone acetate 0.004
- Triamcinolone hexacetonide 0.0002

1. Steroid injections (စတီရွိုက်) ထိုးဆေး http://doctortintswe.blogspot.com/2014/10/steroid-injections.html
2. NSAIDs (1) အကိုက်အခဲပျောက်ဆေးများ (၁) http://doctortintswe.blogspot.com/2014/11/nsaids-1.html
3. NSAIDs (2) အကိုက်အခဲပျောက်ဆေးတွေကို လေ့လာခြင်း http://doctortintswe.blogspot.com/2014/11/nsaids-2.html
4. Painkiller writings အနာသက်သာဆေးစာများ http://doctortintswe.blogspot.com/2015/03/painkiller-writings.html
5. NSAID အကိုက်အခဲပျောက်ဆေး သတိပေး http://doctortintswe.blogspot.com/2014/11/nsaid.html
6. Painkillers (1) အနာသက်သာဆေးများ (၁) http://doctortintswe.blogspot.com/2014/11/painkillers-2.html
7. Painkillers (2) အနာသက်သာဆေးများ (၂) http://doctortintswe.blogspot.com/2014/11/painkillers-1.html

Dr. တင့်ဆွေ
၃၁-၁၂-၂ဝ၁ဝ
၂၈-၄-၂ဝ၁၅
၃ဝ-၁၂-၂ဝ၁၇

ပြားပြီးပျောက်ရတော့မည့် သတ်ပုံလော

သူတပါးနင်းနေကြသည့် ခြေဘဝါးအောက်တွင် ပြားပြီးပျောက်ရတော့မည်လော မြန်မာပြည် နင်းပြားဘွဲ့ လေးချိုးကြီး

သူတပါးနင်းနေကြသည့် - သူတစ်ပါးနင်းနေကြသည့် မဟုတ်။

ကျွန်သပေါက်တမျှသူငါကြုံ - ကျွန်သပေါက်တစ်မျှသူငါကြုံ မဟုတ်။

ပြည်တနယ်နိုင်ငံဝေးဆီက အမွေးမှာ ထူဗလဗွာနှင့် - ပြည်တစ်နယ်နိုင်ငံဝေးဆီက အမွေးမှာ ထူဗလဗွာနှင့် မဟုတ်။

ဗမာမလူသာအောင် နေရာတကာမှာများရာမှ - ဗမာမလူသာအောင် နေရာတစ်ကာမှာများရာမှ မဟုတ်။

ဇာတ်တဖြာ ပတ်ကာပိုးပါလို့ - ဇာတ်တစ်ဖြာ ပတ်ကာပိုးပါလို့ မဟုတ်။

ဘေးက တငွေ့ငွ့ တဖြည်းဖြည်းတွေ့ရမှာမို့ - ဘေးက တစ်ငွေ့ငွ့ တစ်ဖြည်းဖြည်းတွေ့ရမှာမို့ မဟုတ်။

တို့ဗမာ မြိုင်တိုင်းရယ် နယ်တကာ၌ - တို့ဗမာ မြိုင်တိုင်းရယ် နယ်တစ်ကာ၌ မဟုတ်။

ရက်စက်သူ မျက်နှာဖြူတသင်းတို့မှာ - ရက်စက်သူ မျက်နှာဖြူတစ်သင်းတို့မှာ မဟုတ်။

ပြည်မြန်မာတခွင်မှာ - ပြည်မြန်မာတစ်ခွင်မှာ မဟုတ်။

တကဲ့အချက် ရှက်ဖွယ်ရာကိုစော - တစ်ကဲ့အချက် ရှက်ဖွယ်ရာကိုစော မဟုတ်။

သခင်ကိုယ်တော်မှိုင်းထက် သာတယ်ထင်နေသူများကြောင့် မြန်မာစာသတ်ပုံ ပြားပြီးပျောက်ရတော့မည်လော။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-၂ဝ၁၇

Scars အနာအမာရွတ် စာအမာရွတ်

၁။ ဆရာရှင် မင်္ဂလာပါနော် ကျမအသက် ၂၅ နှစ်ပါဆရာ ခြေထောက်မှာ ဒီလို အနာလေးဖြစ်တာ ၂ လ လောက် ရှိပါပြီ  ခြင်ကိုက်တာကနေစတာပါ အခုသနပ်ခါးနဲ့နည်း၂ ဖုံးထားလို ပါ မဲနေပါတယ် အနာက ဆီးချို တော့လွန်ခဲ့တဲ့ ၆ လ လောက်က စစ်ဖူးတာ မရှိပါဘူး အပျို ပါဆရာ အနာကဖေးကို မကြာခဏလည်း ကုတ်မိပါတယ်ဆရာ ကူညီပါအုံး ဘာဆေးနဲ့ ဘယ်ဟာလိမ်းရမလဲဆိုတာ ညွှန်ကြားပေးပါနော်ဆရာ။

စိုးရိမ်စရာ မရှိလောက်။ နည်း၂ လို့ရေးတာမျိုးကိုလည်း ခဏခဏပြောပါတယ်။ နည်းနံပတ် ၂ လား စဉ်းစားရတယ်။ ရရစ်မပါတဲ့ ပြီကိုလည်းပြင်လိုက်တယ်။ ဆရာဝန်ဆီစာရေးရာမှာ နော်လို့ မသုံးတာကပိုပြီး သင့်မြတ်ပါတယ်။

၂။ ဆရာ အမာရွက်ပျောက်ဆေး ကောင်းတာလေး လမ်းညွှန်ပေးပါ။ အမာရွက်တွေနဲ့ ခြေထောက်မှာ ကြည့်ရတာ မကောင်းလို့ လမ်းညွှန်ပေးပါအုန်းဆရာ။ ကျေးဇူးပြု၍။

မေးနည်းစည်းကမ်း ပို့လိုက်။

အသက် ၂၀ မိန်းမကလေး။ ငယ်ငယ်ကအမာရွတ်လေးတွေ ပျောက်ချင်လို့။

၃။ ဆရာရှင့် unity city က green tea oil က အမာရွတ်အတွက် အရမ်းကောင်းပါတယ်လို့ ပြောပါတယ်ရှင့်။ သုံးသင့်ပါသလားဆရာ။ ထိရောက်မှုရှိနိုင်ပါသလားရှင်။

ကြော်ငြာဆေးသာဖြစ်တယ်။ အဲတာ ရေနွေးကြမ်းနဲ့ အတူတူပဲ။ အဲလိုဖြေရတိုင်း အားနာစရာတွေရှိတာ သိပါတယ်။

ဟုတ်ကဲ့ ဒါဆိုဆရာရှင့် ဝက်ခြံအမာရွတ်အကြီးတွေအတွက် ထိရောက်တဲ့ ဆေးလေးညွှန်ပေးပါဦးဆရာ။ အမာရွတ်တွေ အရမ်းကိုများနေပါတယ်ဆရာ။ မျက်နှာတပြင်လုံးပါပဲ ဆရာ။

အမာရွတ်ပျောက်ဆေးဆိုတာ မရှိပါ။ အမာရွတ်ပျောက်ဆေးကြော်ငြာ မယုံသင့်ပါ။ အရိုးကျိုးတာဆက်တဲ့ဆေး မရှိပါ။

လူ့ကိုယ်ခန္ဓာဟာ ပျက်စီးကျိုးပဲ့သွားတာတိုင်းက အလိုလိုပြန်ပြင်တယ်။ ဦးနှောက်နဲ့ အာရုံကြောဆဲလ်တွေကတော့ အသစ်ပြန်မဖြစ်စေပါ။ အရေပြား၊ အဆီ၊ ကြွက်သား၊ အရိုး၊ အားလုံး အသစ်အစားထိုးပါတယ်။

ထိခိုက်မိတာနဲ့ အနာကျက်ဖြစ်စဉ်တခါတည်း ဝင်လာတယ်။ ထိခိုက်ပျက်စီးတာကို အနေအထားတည့်အောင် ပြင်ပေးဘို့ လိုရင် လုပ်ပေးရတယ်။ လုပ်မပေးရင် အဲသည်အတိုင်း ပြန်ဆက် ပြန်ကျက်မယ်။ ပိုးဝင်ရင် ကြာမယ်။ အမာရွတ်ဆိုးမယ်။ အသက်ငယ်လေ အနာကျက်တာ မြန်လေ။ ကိုယ်အထက်ပိုင်း အနာတွေက အောက်ပိုင်းအနာတွေထက် ပျောက်တာ မြန်လေ။ လက်ကျိုးတာက ခြေကျိုးတာထက် မြန်တယ်။ မျက်နှာဒဏ်ရာက ခြေထောက်ထက် မြန်တယ်။ ကလေးမီးဖွားပြီးချိန်မှာ အနာကျက်တာမြန်တယ်။

ချုပ်စရာလိုတဲ့အနာကို ချုပ်မှသာ အကျက်မြန်မယ်။ ပိုးမဝင်နိုင်ပါ။ အမာရွတ်သေးမယ်။ ဆီးချိုရှိနေသူ ကြာမယ်။ ခုခံအားကျဆင်းနေသူတွေက ကြာမယ်။ ပိုးသေဆေးလိုမယ်။ အနာသက်သာဆေးလိုမယ်။ ဗီတာမင်စီက အနာကျက်တာ မြန်စေမယ်ပြေတာ အတိအကျတော့ မဟုတ်ပါ။ ကီးမို့စ်ဆေးပေးတာလည်း သေချာတာမဟုတ်ပါ။ အာဟာရဓါတ် လုံလောက်နေဘို့သာ လိုအပ်ပါတယ်။ အသားအရေဟာ ပရိုတင်းဖြစ်လို့ ပရိုတင်းနည်းရင်တော့ မကောင်းပါ။

အနာနေရာကို အနားပေးထားရင် အပျောက်မြန်တယ်။ အနာဒဏ်ရာဟောင်းက အမာရွတ်ကြီးနေတာကို ပြန်ပြင်ချုပ်ရင် သေးစေနိုင်တယ်။ ချုပ်တဲ့အခါ အထပ်လိုက်ချုပ်တာ ကောင်းတယ်။ မိန်းကလေးမျက်နှာလို လှပမှုအတွက် ပိုအရေးပါတာမျိုးကို ပလပ်စတစ်ခွဲစိတ်နည်းနဲ့ လုပ်ပေးနိုင်ရင် အမာရွတ်သက်သာစေမယ်။ ချုပ်တဲ့ခွဲစိတ်ကရိယာတွေနဲ့ သုံးတဲ့ကြိုးတွေကို ရွေးချယ်တတ်ရမယ်။ ကိုင်တွယ်ရာမှာလည်း လေးဒီးစ်ဟင်းဆိုသလို ညင်သာနူးညံရမယ်။ လေဆာနည်းကလည်း အမာရွတ်တော့ကျန်နိုင်တယ်။ မိမွေးတိုင်းပြန်ကောင်းတယ်ဆိုတာ အလွန့်အလွန်ရှားတယ်။

မေးခွန်းတခုထဲမှာ တေလို့ နှစ်ခါထပ်ရေးထားတယ်။ တွေလို့သာရေးရမယ်။ သတ်ပုံအမှားအမာရွတ်လည်း ပျောက်စေချင်ပါတယ်။

1. Accutane ဝက်ခြံဆေးတမျိုး http://doctortintswe.blogspot.com/2016/01/accutane.html
2. Acne Antibiotics ဝက်ခြံအတွက် ပဋိဇီဝဆေးများ http://doctortintswe.blogspot.com/2014/10/acne-antibiotics.html
3. Acne Laser treatment ဝက်ခြံကို လေဆာ နဲ့ ကုသခြင်း http://doctortintswe.blogspot.com/2014/10/acne-laser-treatment.html
4. Acne question ဝက်ခြံမေးခွန်း http://doctortintswe.blogspot.com/2016/06/acne-question.html
5. Acne Scars ဝက်ခြံအမာရွတ် http://doctortintswe.blogspot.com/2017/08/acne-scars.html
6. Acne vulgaris ဆိုးတဲ့ ဝက်ခြံ http://doctortintswe.blogspot.com/2014/10/acne-vulgaris.html
7. Acne ဝက်ခြံ ရောင်စုံ http://doctortintswe.blogspot.com/2014/10/acne.html
8. Chicken Pox Scars ရေကျောက်အမာရွတ် http://doctortintswe.blogspot.com/2017/02/chicken-pox-scars.html
9. Dermavive ဝက်ခြံဆေးဆပ်ပြာ http://doctortintswe.blogspot.com/2016/07/dermavive.html
10. Keloid အရုပ်ဆိုးတဲ့ အမာရွတ် http://doctortintswe.blogspot.com/2014/11/keloid.html
11. Scar (1) အမာရွတ် (၁) http://doctortintswe.blogspot.com/2015/03/scar-1.html
12. Scar (2) အမာရွတ် (၂) http://doctortintswe.blogspot.com/2014/11/scar-2_21.html
13. Scar (3) အမာရွတ် (၃) http://doctortintswe.blogspot.com/2015/03/scar-2.html
14. Seborrheic Keratosis or Keratosis pilaris ဆားဝက်ခြံ http://doctortintswe.blogspot.com/2014/11/seborrheic-keratosis-or-keratosis.html
15. Thigh Acne ချိုင်းနဲ့ ပေါင်မှာပေါက်တဲ့ ဝက်ခြံ http://doctortintswe.blogspot.com/2014/11/thigh-acne.html

ဒေါက်တာတင့်ဆွေ

Tint, in 2017 you made 78 new friends!

ဖေ့စ်ဘွတ်ကပြောတာ ပြီးခဲ့တဲ့နှစ်မှာ ဖရင်းသစ် ၇၈ ယောက်ရှိခဲ့တယ်တဲ့။

ကျွန်တော့်အတွက်တော့ ဖရင်းစာရင်းပြောရတာ ရှုပ်ထွေးတယ်။ အဲဒီ ၇၈ ယောက်တိုးခြင်းဟာ စာရင်းရှိထဲက ၇၈ ယောက်ကို ဘလော့လိုက်ရတာဖြစ်တယ်။ တကယ်ဆို အဲလောက်မက ဘလော့ခဲ့ရတာပါ။ ဖရင်းမဟုတ်သူတွေကို ဘလော့ရတာတွေကလည်း အဲလောက်ရှိနိုင်တယ်။

ဖရင်းစာရင်းထဲသွင်းကတည်းက ဘယ်လိုလူစားလို့ စစ်အားခဲ့တာမဟုတ်ပါ။ ဖေ့စ်ဘွတ်ကွန်မြူနတီထဲကသူမှန်သမျှကို ၅ဝဝဝ အထိ စာရင်းထဲသွင်းခဲ့တဲ့သဘောဖြစ်တယ်။

နိုင်ငံရေးလုပ်ခဲ့စဉ်ကလည်း သည်အတိုင်းပါပဲ။ အင်နယ်လ်ဒီဆိုတိုင်း နိုင်ငံရေးဖရင်းတွေလို့ မှတ်ယူခဲ့ရတယ်။ တချို့ဆိုရင် သွေးသောက်ရဲဘော်တွေလို ရင်းနှီးကျွမ်းဝင်ပြီးသကာလ အတူလက်တွဲလုပ်ကိုင်ခဲ့ပါတယ်။ ၂၄ နှစ်တာစာရင်းချုပ်တော့ နောက်ကျာကနေ ရန်ရှာခဲ့သူတွေ၊ မြွေပွေးကို ခါးပိုက်ပိုက်မိသူတွေရှိတာကို ကိုယ်ရေးမှတ်တမ်းထဲမှာ စာတင်ရတယ်။

၂၄ နှစ်ပြီးတော့ စာရင်းတိုးတာတွေလည်းရှိပါတယ်။ နိုင်ငံရေးလုပ်ခဲ့စဉ်က ကျွန်တော့်မိသားစု အနိမ့်ဆုံးကာလတွေမှာ ဝိုင်းရံကူညီဖေးမသူတွေ။ လူသစ်တွေလို့ ပြောနိုင်သူတွေ။ ကျွန်တော့်အတွက်တော့ ဖရင်းစာရင်းပြောရတာ ရှုပ်ထွေးတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-၂ဝ၁၇

NCGUB ယှဉ်ပြိုင်ခြင်းသည် အဓိက

ဆရာ့ကို ပုဂ္ဂိုလ်ရေးအရ လေးစားပါတယ်ဆရာ။ ဒါပေမဲ့ NCGUB က အခုအချိန်မြန်မာနိုင်ငံအတွက် ဘာတာဝန်များ ထမ်းဆောင်နေပါသလဲခင်ဗျာ။ မသိ၍မေးခြင်းသာဖြစ်ပါတယ်။ ခနဲ့ပြီးမေးခြင်းမဟုတ်ပါ။ ကျွန်တော်တို့ဟာ 88 နောက်ပိုင်း မွေးလာသူဖြစ်လို့ပါ။

ယှဉ်ပြိုင်ခြင်းသည်အဓိကဆိုတာ ပြိုင်ပွဲမှာ ဆုမရသူတွေအတွက် အားပေးစကားဖြစ်ပါတယ်။ ဒီအကြောင်းအရာမှာတော့ ကိုယ့်ဖါသာအားပေးရာကျနေတယ်။ ဆောရီး။

1. 1990 လူဟောင်းတွေထဲကတယောက် https://doctortintswe.blogspot.com/2015/12/1990.html
2. Anniversary Day နှစ်ပတ်လည်နေ့ https://doctortintswe.blogspot.com/2017/09/anniversary-day.html
3. Bamboo shoot tuition မျှစ်စားပြီး ကျူရှင်တက်ခဲ့ရခြင်း https://doctortintswe.blogspot.com/2016/09/bamboo-shoot-tuition.html
4. DVB နှစ်ဆယ့်ငါးနှစ်ပြည့်ပြီ https://doctortintswe.blogspot.com/2017/09/dvb.html
5. Ending is never easy တည်ထောင်ရထက် ဖျက်သိမ်းရတာက ပိုခက်တယ် https://doctortintswe.blogspot.com/2017/09/ending-is-never-easy.html
6. Flag robbery အလံတော်အမှု ဘယ်ကတုန်းကစသလဲ https://doctortintswe.blogspot.com/2016/04/flag-robbery.html
7. I broke my leg ခြေကျိုးတဲ့ဆရာဝန် https://doctortintswe.blogspot.com/2016/01/i-broke-my-leg.html
8. Interview on my story ကျွန်တော့အကြောင်း အင်တာဗျူး (၂) https://doctortintswe.blogspot.com/2015/12/interview-on-my-story_3.html
9. Interview တို့ခေတ်သတင်းဂျာနယ် အင်တာဗျူး https://doctortintswe.blogspot.com/2015/10/interview.html
10. Misery of U Win Ko’s death https://doctortintswe.blogspot.com/2015/12/misery-of-u-win-kos-death.html
11. My teammate https://doctortintswe.blogspot.com/2016/09/my-teammate_14.html
12. NCGUB ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာချက် https://doctortintswe.blogspot.com/2015/12/ncgub_1.html
13. NCGUB ဘယ်သူမပြုမိမိမှု https://doctortintswe.blogspot.com/2015/12/ncgub_74.html
14. NCGUB ယှဉ်ပြိုင်ခြင်းသည်အဓိက (သို့) အဝေးရောက်အစိုးရ https://doctortintswe.blogspot.com/2017/09/ncgub.html
15. NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း https://doctortintswe.blogspot.com/2015/12/ncgub_14.html
16. NCGUB ရှင်းလင်းချက် https://doctortintswe.blogspot.com/2015/12/ncgub_18.html
17. The Endings ဖျက်သိမ်းခြင်းများ https://doctortintswe.blogspot.com/2017/09/the-endings.html
18. Wungyi ဝန်ကြီး https://doctortintswe.blogspot.com/2016/07/wungyi.html

ကျွန်တော့်ကို လေးစားတယ်လို့ မှတ်ချက်ပေးတာ ကျေးဇူးတင်ပါတယ်။ အစုအဖွဲ့နဲ့လုပ်ကိုင်ရာမှာ ပါဝင်ခဲ့သူတိုင်းဟာ အဆိုးရော အကောင်းပါ တာဝန်ယူရပါတယ်။ ကျွန်တော်တို့ လုပ်ကိုင်ခဲ့တာတွေကို အကောင်းပြောသူ အတော်ကိုရှားတာ သိပါတယ်။ မနေ့ကပဲ ကင်းဝန်မင်းကြီးဦးကောင်းအကြောင်းရေးတော့ အဆိုးမြင်သူတွေပြောလည်း အမွေခံပါတယ်လို့ ထည့်ရေးခဲ့သေးတယ်။ တကယ်တော့ ဘယ်သူမပြုမိမိမှုပါပဲ။

ဓါတ်ပုံ = ၂၅-၃-၂ဝဝ၄ နေ့က ဝါရှင်တန်ဒီစီ၊ ဆီးနိတ် မြန်မာ့အရေးကြားနာပွဲမှာ - ဦးနွယ်အောင် (ဂျာမဏီ)၊ ဒေါ်စီစီ၊ ဒေါက်တာစိန်ဝင်း၊ ဒေါက်တာတင့်ဆွေ။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-၂ဝ၁၇

Cholecystectomy Q and A သည်းခြေအိတ် ထုတ်ထားသူ

အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်နိုင်ပါတယ်။ ဆောရီး။

၁။ ဆရာ မင်္ဂလာပါရှင့် သမီးသည်းခြေကျောက်တည်လို့ခွဲစိတ်မှုခံထားတာ ၁၄ ရက် ပြည့်ပါပြီ သည်းခြေအိတ်ပါ ထုတ်လိုက်ရပါတယ်။ ခွဲစိတ်ပြီး အစားတွေအများကြီးစားနေပါတယ်။ ခဏခဏလည်းဗိုက်ဆာနေတတ်တယ်။ အရင်တုန်းကဆို အစားသိပ်မစားနိုင်တဲ့သူပါ။ အခုအရမ်းကို အစား စားနေပြီး စားပြီးတိုင်းလည်း အသက်ရှုမဝသလို ခံစားရပါတယ်ရှင်။ ခွဲထားတဲ့နေရာဖြစ်တဲ့ ချက်အထက်မှာလည်း ရောင်သလိုဖောင်းနေပါတယ်။ နာကျင်မှုတော့မရှိပါ ပုံမှန်မဟုတ်ဟု ခံစားရပါတယ်ဆရာ။ ခွဲပြီးမှ ဖြစ်လာတာဖြစ်တဲ့အတွက် တခြားရောဂါဖြစ်ပေါ်မှုရှိ မရှိသိချင်ပါတယ်ဆရာ။ ဆရာ့ကို ချစ်ခင်လေးစာလျက်ပါ။ ဆရာကျန်းမာပါစေရှင့်။

အသက်ကို မပြောပါ။

၂။ ဆရာရှင့် ကျမ၏မိခင် အသက်က ၅၁ ပါ။ သည်းခြေအိတ်မှာ ကျောက်တည်သောကြောင့် ခွဲထုတ်ခဲ့ရပါတယ်။ ကျောက်အကြီးဆုံး 14mm ပါ။ အသေးလေး 2 လုံးပါပါတယ်။ ဆရာဝန်က သည်းခြေကျောက်တည်တာ သည်းခြေပါရောင်နေလို့ သည်းခြေထုတ်ခိုင်းပါတယ်။ ခု သည်းခြေထုတ်ထားရပါတယ်။ ဆန်ပြုတ်ပဲသောက်ရပါတယ်။ သည်းခြေအိတ်ထုတ်ထားရင် နောက်ဆက်တွဲ ဘာတွေဖြစ်တတ်သလဲ ဘယ်လိုနေရမလဲ သိချင်တာပါ။ ဘာတွေ စားသင့်ပါသလဲ သိပါရစေရှင့်။

၃။ သည်းခြေအိတ်ထုတ်ထားပါတယ်ဆရာ။ မကြာခဏအရက်သောက်နေရင် ဘာတွေဖြစ်လာနိုင်မလဲဆရာ။

အသက်-ကျား-မ မပြောပါ။

၎။ သည်းခြေ ကျောက်တည်နေသော ဝေဒနာ နောက်ဆက်တွဲအကြောင်း သိလိုပါသည်။ သည်းခြေထုတ်ပစ်လိုက်ပါက လူ့သက်တန်းစေ့ နေနိုင်ပါသလားဆရာ။ ခန္ဒာကိုယ်တွင် သည်းခြေသည် အရေးကြီးသည့် အပိုင်းတွင် ပါဝင်သည့်အတွက် သည်းခြေ ထုတ်ပစ်လိုက်ပါက ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို သိလိုပါသည်။

အသက်-ကျား-မ မပြောပါ။

၅။ ဆရာရှင့် သည်းခြေအိတ်ရောင်ရင် ဘယ်လို sign တွေပြပြီး ဘာတွေ သတိထားသင့်ပါသလဲရှင့်

အသက်-ကျား-မ မပြောပါ။

၆။ ဆရာခွဲပြီး fAME ကသည်းခြေကျောက်ပျော်ဆေး ဆက်သောက်သင့်ပါသလား။ ဘယ်လို နေထိုင်စားသောက်ရမှာလဲ။ ဆက်ဖြစ်မှာစိုးလို့ပါ။ ခွဲစိတ်မူက ဗိုက်မှာအပေါက် ၄ ပေါက်ဖောက်ပြီး ခွဲထုတ်ထားပါတယ်။

အသက်-ကျား-မ မပြောပါ။

မေးခွန်းတွေထဲက (အိတ်)၊ (ဆိုးလို့) သတ်ပုံတွေကိုပြင်ထားလိုက်ပါတယ်။ အရပ်ဆေးတွေ ကြော်ငြာဆေးတွေမှာ ဆေးသုတေသန မရှိကြပါ။ အကြိမ်ပေါင်းများစွာ နေ့စဉ်နေ့တိုင်းရေးပြနေပါတယ်။

လူတိုင်းမှာ အသည်းရဲ့အောက်ကပ်နေတဲ့ သည်းခြေရည်ထုတ်ပေးမဲ့ Gallbladder သည်းခြေအိတ်တခုစီရှိကြတယ်။ Cholecystectomy ဆိုတာ သည်းခြေအိတ်ထုတ်ရတာကိုခေါ်တယ်။ အများဆုံးက Gallstone ကျောက်တည်လို့ပါ။ အစဉ်အလာ Open cholecystectomy နဲ့ နောက်ပေါ် Laparoscopic cholecystectomy နည်းတခုခုနဲ့ ထုတ်တယ်။ ထုတ်လိုက်တဲ့ သည်းခြေအိတ်ကို ကင်ဆာရှိနေ-မနေ Biopsy လုပ်သေးတယ်။

Bile ဆိုတဲ့ သည်းခြေရည်ဟာ ဆီ-အဆီကို ကျေချက်ဘို့ အဓိကကျတယ်။ ဒါပေမဲ့ သူ့ကို ထုတ်လိုက်ရင် သိပ်မစိုးရိမ်ပါနဲ့။ Bile ကို အသည်းကနေလည်း ဆက်ထုတ်နေမှာပါ။ အရင်ကတော့ အစာစားချိန်ရောက်မှ သည်းခြေအိတ်ထဲက သည်းခြေရည်ကို ညှစ်ထုတ်ပေးခဲ့တာ။ သိုလှောင်ထားပေးမဲ့ အိတ်တော့မရှိတော့လို့၊ တစက်တစက်နဲ့ ဖြေးဖြေးလေး အူသိမ်ထဲကို တိုက်ရိုက်စီးကျနေပါမယ်။ သရက်ရွက်ပြွန်နဲ့ သည်းခြေပြွန်တွေက နှစ်ခုတခု ဆက်နေလို့ သရက်ရွက်က ထွက်တဲ့ အရည်တွေကိုပါ နှေးသွားစေတယ်။

သည်းခြေအိတ် မရှိတော့လည်း လူအများစုဟာ နေကောင်းတဲ့လူတွေနဲ့မခြား နေနိုင်ကြပါတယ်။ ဗိုက်ပြည့်သလို ဖြစ်တာက တခြားသူတွေလည်း ဖြစ်တတ်တာမျိုးပါ။ ကွာတာက အစားကို များများစားလိုက်ရင် ဆီ-အဆီတွေကို နိုင်အောင် မချက်နိုင်တော့ဘူး။ သည်းခြေအိတ်ထုတ်လိုက်ရတဲ့လူနာ ၁ဝ-၂ဝ% မှာ နာတာရှည်ဝမ်းပျက်တာ ဖြစ်လာစေတယ်။ သည်းခြေရည်တွေက အူသိမ်ထဲကို ဆက်ဆင်းကျနေတာကြောင့် အစာတွေကို အောက်ပို့တဲ့နှုံး ပြောင်းသွားစေလို့ ဖြစ်ရတာပါ။ ၄ဝ% လောက်မှာ အစာလမ်းမမှန်တာနဲ့ ဗိုက်အပေါ်ညာဘက်က နာနေတတ်တာ ဖြစ်တယ်။

ဘာစားရမလဲ။ ပုံမှန်စားသလို စားပါလို့ ယေဘူယျပြောနိုင်တယ်။ ယာယီအားဖြင့် အစာမကျေ ဖြစ်တတ်တယ်။ စပ်တဲ့ အစာကို ထူးပြီးတော့ ရှောင်စရာ မလိုပါ။ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင် A, D, E, K တို့ကို ထိခိုက်တယ်။ လိုအပ်ရင် ဆေးနဲ့ ဖြည့်နိုင်တယ်။

• Milk sugar (lactose) နွားနို့လျှော့ဘို့ အကြံပေးတယ်။
• နည်းနည်းသာ စားသင့်တာတွေက ဆီ-အဆီများတာ၊ ကျော်တာ၊ အစေ့အဆံတွေဖြစ်တယ်။
• လေများစေတဲ့ မုန်လာစတာတွေကို လျော့ပါ။
• စားနိုင်တဲ့ အစာမျိုးတွေကတော့ fish အရေခွံမပါတဲ့ အသားငါး။
• အလွယ် ဝယ်စားလို့ရတဲ့အစာ fast foods တွေကို လျှော့ပါ။
• ဆီ-အဆီ လျှော့စားရတာမို့ (ကယ်လိုရီ) ပြည့်အောင် ဂရုစိုက်ရလိမ့်မယ်။ Carbohydrate များတဲ့ အစာတွေကတော့ starches or sugars ပါတာတွေ ဖြစ်တယ်။
• Omega 3 fatty acids အိုမီဂါ သရီးပါစေအောင်လည်း ဂရုစိုက်ပါ။ ငါး၊ ပဲပုပ်တွေမှာ ပါတယ်။
• (ပရိုတင်း) လုံလောက်ပါစေ။ အသားပါး + ပဲတွေမှာပါတယ်။
• ခါတိုင်းလို တနေ့ ၃ ခါ မစားဘဲ၊ တခါစား နည်းနည်းနဲ့ ၄-၆ ခါ စားပါ။
• ဝမ်းလျှောတာများရင် ဓါတ်ဆားထုပ်သောက်ပါ။
• အသည်းကို မထိခိုက်အောင် အရက်ရှောင်သင့်တယ်။

Cholecystitis သည်းခြေအိတ်ရောင်ခြင်းလက္ခဏာများ
• ဗိုက် ညာဖက် အပေါ်ပိုင်းနေရာ အလွန်နာခြင်း၊
• နာတာက ညာဖက်ပခုံးဆီအထိဆက်နာခြင်း၊
• ဗိုက်မှာနာတဲ့နေရာကိုထိရင် ဖိရင် ပိုနာခြင်း၊
• ပျို့ခြင်း၊
• အန်ခြင်း၊
• ကိုယ်ပူခြင်း။

Cholecystectomy Q and A သည်းခြေအိတ် ထုတ်ထားသူ http://doctortintswe.blogspot.com/2015/01/cholecystectomy-q-and.html
Cholecystitis သည်းခြေအိတ်ရောင်ခြင်း http://doctortintswe.blogspot.com/2015/01/cholecystitis.html
Gallbladder cancer သည်းခြေအိတ်ကင်ဆာ http://doctortintswe.blogspot.com/2015/06/gallbladder-cancer.html
5. Gallstones သည်းခြေကျောက် http://doctortintswe.blogspot.com/2015/01/gallstones.html

ဒေါက်တာတင့်ဆွေ

Flag robbery အလံတော်အမှု ဘယ်ကတုန်းကစသလဲ

၂၅-၁ဝ-၂ဝ၁ဝ နေ့က ဘီဘီစီသတင်းတခုမှာ နိုင်ငံတော်အလံသစ် ညွန့်ပေါင်းအစိုးရအလံဖြစ်လို့ပါတယ်။ မြန်မာနိုင်ငံက ရွေးကောက်ပွဲအတွက် ကြိုတင်ဆောင်ရွက်ခွင့်ရှိတဲ့ အခြေခံဥပဒေပါ အချက်အလက်အရ နအဖ အစိုးရဟာ မကြာခင် ရက်ပိုင်းက နိုင်ငံတော်အလံကို နိုင်ငံတဝန်း လွှင့်ထူခဲ့ရာမှာ ဒီအလံသစ်ဟာ ပြည်ပအခြေစိုက် ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်အစိုးရ NCGUB ရဲ့ အလံ
နဲ့ဆင်တူနေပါတယ်။ ဒါဟာ တိုက်ဆိုင်မှုလား၊ လေ့လာဆန်းစစ်မှု အားနည်းလို့လား ဆိုတဲ့ မေးခွန်းကို NCGUB အစိုးရအဖွဲ့မှ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့်ကို မေးကြည့်တော့ အခုကိစ္စဟာ ပဌမအကြိမ် ခိုးယူခံရခြင်း မဟုတ်ပဲ၊ ၉ဝ ပြည့် ရွေးကောက်ပွဲရလဒ်အရ ပြည်သူ့အစိုးရဖွဲ့ခွင့်ပါ ငြင်းဆန်၊ လုယူခြင်းခံရပုံကို ရှင်းပြပါတယ်။ ဒီအလံဟာ မာနယ်ပလောမှာ စတင်ရွေးချယ် အသုံးပြုခဲ့တဲ့အကြောင်းနဲ့ အလံရဲ့အဓိပ္ပါယ်ကိုပါ ဦးဘိုလှတင့်က ဘီဘီစီကိုပြောပြပါတယ်။ အပြုသဘောဆောင်တဲ့ အနေနဲ့ စဉ်းစားကြည့်ရင် NCGUB အစိုးရကို နအဖ အစိုးရအနေနဲ့ လက်တွဲခေါ်မဲ့ အသွင်ရော ရှိနိုင်ပါသလားဆိုတော့ မဖြစ်နိုင်ပုံကို ထောက်ပြသွားပါတယ်။့

ကျွန်တော့်ကို တယောက်ကမေးပါတယ်။ ကြိုက်လိုက်တာဆရာရယ် မြန်မာနိုင်ငံတော်အလံအကြောင်းလည်း အလျဉ်းသင့်ရင် ရေးစေချင်ပါသေးတယ်။ နိုင်ငံသားတွေ မည်သူမှသဘောမတူဘဲ ယတြာနဲ့ပြောင်းသလားလို့ပါဆရာ။ မနေ့က နောက်တယောက်လည်း မေးတယ်။ ဆရာခင်ဗျာ ယခုအသုံးပြုနေကြသော မြန်မာနိုင်ငံအလံ သမိုင်းကြောင်း အစကို ဆရာတို့ စပြီးပြုလုပ်သုံးစွဲခဲ့ကြတယ်ဆိုတာကို တင်ပြရေးသားပေးစေချင်ပါသည်။ နောက်လူတွေ သိစေဖို့ ဗဟုသုတပါ။

ကျွန်တော်တို့တိုင်းပြည်မှာ နိုင်ငံတော်အလံတော်တွေ ဘယ်နှစ်ကြိမ်ပြောင်းခဲ့ပါပြီလဲ။ နှစ်လရှည်ကြာမှုအရှိဆုံး အလံတော်က ဘယ်ဟာလဲ။ ကြယ်ငါးပွင့်အလံခေါ် လွတ်လပ်ရေးရစဉ်ကအလံတော်ကို စစ်အာဏာသိမ်းသူတွေကနေ (မဆလ) ၁၉၇၃ ဖွဲ့စည်းပုံအရ နေရာဝင်ယူအစားထိုးခဲ့ပါတယ်။ အသစ်ကို စပါးနှံနဲ့ ပင်နယံလို့ခေါ်ကြတယ်။ လက်ရှိအလံကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံအရ ဖြစ်လာတာပါ။ သုံးရောင်ခြယ်နဲ့ ကြယ်တပွင့်။

၂ဝဝ၈ ဖွဲ့စည်းပုံပါ အလံတော်ဟာ ကျွန်တော်တို့စင်ပြိုင်အစိုးရရဲ့ အလံနဲ့တထေရာတည်းတူနေတာပါ။ ကျွန်တော်တို့က အစိုးရဆိုပြီး ဖွဲ့တာဖြစ်လို့ အလံတော်တခု ရှိအပ်တယ်။ ၁၉၉ဝ ရွေးကောက်ပွဲမှာ ကျွန်တော်တို့နဲ့ စပါးနှံပါတီက ထိပ်တိုက် ပြိုင်ခဲ့ရတယ်။ အဲတာနဲ့ အလံသစ်ကို စီစဉ်ကြတာပါ။ သိရသလောက် အမတ်တွေထဲက ဦးလှဦးက ဒီဇိုင်းလုပ်ပါတယ်။ ကျွန်တော်က နယူးဒေလီမှာသာရှိတယ်။ ကျွန်တော်တို့ ဒီအလံကိုပဲ မာနယ်ပလောရုံးမှာ တင်ထားခဲ့တယ်။ ပုံတခုတင်ထားပါတယ်။ နိုင်ငံရေးအခန်းအနားတွေမှာလည်း သုံးတယ်။ အစိုးရအဖွဲ့သစ်ကျမ်းကျိန်ရာမှာလည်း ဒီအလံကိုပဲ အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။

ဓါတ်ပုံကတော့ ၇-၁ဝ-၂ဝဝဝ နေ့က အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ MPU ညီလာခံကနေ ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ကို ဝန်ကြီးချုပ်အဖြစ် ဒေါက်တာစိန်ဝင်းနဲ့ ဝန်ကြီးများအဖြစ် ခွန်မားကိုဘန်း၊ ဦးသိန်းဦး၊ ဦးဘိုလှတင့်၊ ဦးမောင်မောင်အေး၊ ဦးမြဝင်း၊ ဒေါက်တာတင့်ဆွေ၊ ဒေါက်တာစန်းအောင်၊ ဦးသာနိုးတို့က ညီလာခံသဘာပတိ MPU ဥက္ကဋ္ဌ ဦးခွန်တယ်ဒီဘူးရီ ရှေ့မှောက်မှာ NCGUB အလံတော်ကိုင်ပြီး ကျမ်းသစ္စာကျိန်ဆိုနေကြစဉ်။

၂ဝဝ၈ ဖွဲ့စည်းပုံမှာ ကျွန်တော်တို့အလံအတိုင်း ထပ်တူဖြစ်နေတာ ဘာလို့လည်းမေးခွန်းဟာ နိုင်ငံရေးပဟေဠိတခုပါ။ ယတြာလားတွေးသူတွေကို မဟုတ်ပါလို့ ကျွန်တော်တို့က ငြင်းရမဲ့သူမျိုးမဟုတ်ပါ။ မာနယ်ပလောကနေ နေပြည်တော်မှာ နေရာပြောင်းပြီး စိုက်ထူပေမဲ့ ကျွန်တော်တို့မှာ ခံစားချက်အပြည့်နဲ့ပါ။ အမွှာမွေး အလံတော်လို့ မထင်ပါ။ မျိုးဗီဇမတူပါ။ စရိုက်လည်းကွဲပါတယ်။

http://www.bbc.co.uk/burmese/burma/2010/10/101025_flag_ncgub.shtml
The Flag နိုင်ငံတော်အလံ https://doctortintswe.blogspot.com/2016/10/the-flag.html

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၅
၂၂-၄-၂ဝ၁၆
၃ဝ-၁၂-၂ဝ၁၇

Stay Humble သခွတ်ပွင့်

လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ရေးခဲ့တဲ့စာ။ တခုခုပြန်ရှာရင်း တွေ့လာလို့။ သခွတ်ပွင့်ခြောက်လေးကို ပြုတ်ပြီး ခရမ်းချဉ်သီး ငပိချက်လေးကို မလွမ်းဘူးလားဆရာလို့ မေးတာနဲ့ရေးဖြစ်တယ်။

သခွတ်ပင်မမြင်ရတာ ၂၇ နှစ်ကျော်ပြီ။ ပြည်တွင်းမှာနေစဉ်က သခွတ်ပွင့်ကို ကိုယ်တိုင်ကောက်ဖူးတယ်။ မြို့သာကနေ ငါန်းဇွန်ကိုသွားတဲ့လမ်းမှာ အပင်တွေရှိတယ်။ ကျွန်တော်တို့ငယ်ငယ်က ဟင်းငုတ်ပွင့်လို့ခေါ်တယ်။ သီချင်းနားထောင် စာတွေဖတ်မှ သခွတ်ပွင့်လို့သိလာတာ။

ဆရာဝန် အလုပ်ဝင်ကာစ၊ ဒုတိယနေရာ မြို့သာမှာ တိုက်နယ်ဆရာဝန်လုပ်ရတယ်။ ၂-၃ နှစ်နေတော့ ဂျစ်ကားလေးတစီး ဝယ်နိင်လာတယ်။ ငါန်းဇွန်းကို လခထုတ်တိုင်းနဲ့ တရားရုံးအစစ်ခံစရာရှိတိုင်း၊ သမဝါယမကနေ ဆေးထုတ်စရာရှိတိုင်း ကိုယ့်ကားလေး မောင်းသွားရတာများတယ်။ ငါန်းဇွန်မှာ ဆရာဝန်မရှိတဲ့အခါ ကိုယ်တယောက်တည်းက တမြို့နယ်လုံးကို တာဝန်ယူရလို့ မှုခင်းကေ့စ်လာတယ်ဆိုရင် ကားလေးမောင်းပြေးရတယ်။ ကားလေးလည်း ဖွတ်ဖွတ်ညက်ညက်ကိုကျေလို့။ ကျွန်တော်က အတော်ညံ့တယ်။ ခရီးစရိတ် မထုတ်တတ်ပါ။ နိုင်ငံရေးလုပ်တော့လည်း မြို့နယ်ပါတီရုံး၊ ရွေးကောက်ပွဲမှာ ကုန်တာကျတာအားလုံး အိတ်ထဲကစိုက်တယ်။ နိုင်ငံရေးထဲဝင်လုပ်မယ်ဆိုပြီး အစိုးရဆရာဝန်အလုပ်က ထွက်တော့လည်း ၁၅ နှစ် လုပ်ထားတာအတွက် ဘာခံစားခွင့်မှမရပါ။ (ဆမ) သာအသိမ်းခံရတယ်။

ပြည်ပရောက်စနှစ်တွေမှာ ဇနီးဆီကနေ လိုတာမှာသုံးရတယ်။ ၂ဝဝ၇ ကတည်းက အထောက်အပံ့တွေ အကုန်ဖြတ်တော့ ဒေလီမှာရှိတဲ့ NCGUB ရုံးကို ၂ နှစ်တိတိ ဆက်ဖွင့်နိုင်အောင် ကိုယ့်ဖါသာကိုယ် ဖန်တီးခဲ့ပါတယ်။ ကျွန်တော့်ကို NLD/LA ထဲမှာ စွပ်စွဲတော့ အဖွဲ့ပိုင်ငွေအလွဲသုံးစားတယ်တဲ့။ အမေရိကမှာအခြေချဘို့ နောက်ဆုံးအဆင့်မှာ ကျွန်တော့်က ယူအက်စ်မှာ အိမ်ဝယ်ထားတယ်လို့ အမေရိကန်သံရုံးကို တိုင်စာပို့တာခံရတယ်။ တိုင်တာကလည်း အဲဒီအုပ်စုထဲကပါပဲ။ ကျွန်တော့်မှာ ဓနဥစ္စာဆိုတာ အတော်အကျိုးမပေးပါ။ တကယ်လို့သာ အလွဲသုံးစားလုပ်ခဲ့ရင် အခုလို ခေါင်းအေးအေး နေနိုင်နိုင်မှာမဟုတ်ပါ။

ကျွန်တော့်နိုင်ငံရေးဟာ သခွတ်ပွင့်လိုပါပဲ။ ကိုယ့်လက်နဲ့ ကောက်ယူလို့ရတယ်။ အရသာခါးပေမယ့် ခံတွင်းတွေ့တယ်။ အပင်ပေါ်မှာ အပွင့်တွေ ဖြူဖွေးနေတာကြည့်လို့ကောင်းလှတယ်။ သခွတ်ပင်မမြင်ရတာ ၂၇ နှစ်ကျော်ပြီ။

ဒေါက်တာတင့်ဆွေ
၁၃-၂-၂ဝ၁၆
၃ဝ-၁၂-၂ဝ၁၇

Friday, December 29, 2017

ရှစ်လည်းမှားတယ် တစ်လည်းမှားတယ်

တချို့က ဘုရားရှစ်ခိုးပြီးလို့ ရေးကြတယ်။ မှားနေတယ်။ ဘုရားရှိခိုးလို့သာ ရေးရတယ်။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင်တဲ့။ မှားတယ်။ တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင်လို့ ရေးရတယ်။

သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော ကံသုံးပါးတို့ဖြင့် ပြစ်မှားမိသည်ရှိသော် ပျောက်ပစေခြင်း အကျိုးငှာ၊ တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင်၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ တည်းဟူသော ရတနာမြတ်သုံးပါးတို့အား ရိုသေမြတ်နိုး၊ လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။

ကိုယ်၌ရှိလည်း၊ ဂုဏ်ရှိ၊ တူညီသောအနက်ရှိသည်၊ ပညာမျက်စိ မြင်မရှိ၊ ပညာရှိ၊ မရှိဝန်တို၊ မရှိနှိုင်အင်၊ ရှိခိုးပါ၏၊ ရှိခိုးပူဇော်၊ တောင်ရှိဟူလောက်။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-၂ဝ၁၆
၃ဝ-၁၂-၂ဝ၁၇


Certificate of Graduation ဆေးပညာဘွဲ့

ကျွန်တော့်ဘွဲ့လက်မှတ်ပုံကို မနှစ်က ဒီနေ့မှာပြန်ရတယ်။ တိုင်းပြည်ကနေထွက်ပြေးရစဉ်က ဒါမျိုးတွေကို သတိမရပါ။ အသက်လုပြီးသာ ပြေးခဲ့ရတာ။ ကျန်ခဲ့တဲ့မိသားစု လိုက်လာကြတော့လည်း မိတ္တူသာယူလာနိုင်တယ်။ အခု တူတယောက်က လှမ်းပို့တယ်။ 

ကျွန်တော့်ဘွဲ့နံပါတ် ၅ဝဝ ကိုမမေ့ပါ။ အမျိုးသားမှတ်ပုံတင်အမှတ်လည်း အလွတ်ရတယ်။ ကျောင်းစာတွေ အတော်များများကို မမေ့သေး။ ကျောင်းကသူငယ်ချင်းတွေကိုလည်း မမေ့ပါ။

ဘွဲ့လက်မှတ်မပါလည်း ဆေးပညာကို မမေ့ပါ။ သူငယ်တန်းကနေ ဆေးကျောင်းအထိ စာသင်ပေးတဲ့ ဆရာ ဆရာမတွေကို အတော်များများကို မမေ့ပါ။ မမေ့တဲ့ မြန်မာစာသတ်ပုံကြောင့် ရန်လုပ်နေတယ် အထင်ခံရတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-၂ဝ၁၆
၃ဝ-၁၂-၂ဝ၁၇

Happy 2018 ဟက်ပီး မြန်မာစာ

ဟက်ပီးနယူးယီးယားတွေ လာနေတယ်။ ကျွန်တော့်မှာ ဟက်မပီးသူတွေက မေးတာတွေကို ဖြေနေရလို့၊ ဟက်ပီးသမားတွေကို အရေးမစိုက်အားပါ။ ဟက်မပီးသူတွေကရေးတဲ့ မြန်မာစာမှာ အန်ဟက်ပီးတွေပါတော့ ဟက်ပီး မဖြစ်နိုင်ပါ။

ကလေးလိုချင်သူတွေက ကလေးမရေးတတ်။ ဗိုက်ချပ်ချင်သူ ချပ်မရေးတတ်။ ရောဂါပျောက်ချင်သူက ပျောက်မရေးတတ်။ ဆီးအောင့်တဲ့သူက ဆီးမရေးတတ်။ ရောဂါကူးမှာစိုးရိမ်သူက စိုးရိမ်ကိုမရေးတတ်။့ မရေးတတ်။့ မရေးတတ်။

နှစ်သစ်မှာ တစ်နေတဲ့ မြန်မာစာပါ ကျန်းမာပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၆
၃၁-၁၂-၂ဝ၁၇

My House and Cows အိမ် နဲ့ နွား

• ငါ့အိမ်ကလေးအပါး နွားတွေစားနေ၊ နွားတွေနားနေ၊
• ငါတော့ မနေ။ ငါ့မိသားလည်း တခြားတိုင်းပြည်။

• ငါ့အိမ်ကလေးက သစ်ပင်တွေတောထ တကယ့်ကို တောအုပ်လိုပ၊
• ခက်တာက မည်သူမျှ ဖြတ်သန်းသွားလာခြင်းမပြုရ တဲ့၊

• ကိစ္စမရှိပါ ငါစိုက်ခဲ့တာ ကြက်ဆူပင်မပါ လူသုံးတည့်တာတွေချည်းသာ၊
• ကိုယ်စိုက်ခဲ့တဲ့အပင်ဆိုတာ နောက်လူတွေအတွက် မုချဖြစ်ရမှာ။

• အသီးကို ဆွတ်ခူးဘို့အခွင့်မရ ဘာအရေးလဲဟ၊
• ငါ့မြေကွက်က ဓါတ်ငွေ့မထွက်သမျှ လုံခြုံနေမှာထာဝရ။

• ငါ့အိမ်လေးဟာ မိသားစုနဲ့ လူနာတွေအတွက်သာ ရည်ရွယ်ကာဆောက်ခဲ့တာ၊
• နောက်မှာ ခမောက်တွေစုဝေးရာလဲ ဖြစ်လို့လာ၊
• ဝေဒနာသည်တွေလည်းသက်သာ၊ တိုင်းပြည်အတွက် စေတနာရှိသူတွေလဲ နေ့ညမပြတ်ပါ၊
• လူထုဝေဒနာနဲ့ လူထုစေတနာကို မနာလိုမရှုစိမ့်သူတွေက ချိပ်ပိတ်လိုက်တာ ၁၉၉၂ ကပေါ့ဗျာ။

• ငါမရှိလဲ အဲဒီကစခဲ့တဲ့နိုင်ငံရေးထဲမှာဘဲ ငါဆက်ရှိနေဆဲ၊
• ငါမလာနိုင်သေးလဲ ဝေဒနာတွေကို ငါစာနဲ့ကုနေဆဲ၊
• ငါ့ထက် ကံကောင်းပြီး၊ ငါ့ထက် စွမ်းဆောင်နိုင်သူများ ပေါ်ပေါက်လာရမှာမလွဲ။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-ဝ၁၃
၃ဝ-၁၂-ဝ၁၇

Counting Backwards နောက်ပြန်ရေတွက်ခြင်း

နှစ်တခုကုန်လို့ နှစ်သစ်အပြောင်းညမှာ တဆယ်ကနေ နောက်ပြန်ရေတွက် ရွတ်ဆိုတဲ့အလေ့အထ ရှိကြတယ်။ ပျော်စရာသဘောနဲ့ ပြိုင်တူအော်ဆိုကြတယ်။ ပျော်စရာတခုဖြစ်တယ်။

မအော်ပဲနဲ့ ပြိုင်တူကျော်ဖြတ်ခဲ့ကြတာ ၃၆၅ ရက်။ ပျော်ခဲ့ကြပါရဲ့လား။

ဂဏန်းတွေကို အစဉ်အတိုင်းဆိုရတာထက် နောက်ပြန်ဆိုရတာက ပိုခက်တယ်။ အပေါင်းတတ်ပြီးမှ အနုတ် သင်လေ့ရှိတယ်။ ဇန္နဝါရီလဆန်း (၁) ရက်ကစပြီး (၁) တွေ နှုတ်သွားမယ်။ ပြက္ခဒိန်စာရွက်တွေကို တရက်မှာ တရွက် ဆုတ်ကြရတော့မယ်။

ကျွန်တော်တို့ အနုတ်ပုစ္ဆာသစ် စတွက်ကြပါတော့မယ်။ ဂဏန်းမတွက်တတ်သူတွေရော သင်္ချာပါမောက္ခတွေပါ နှစ်ကုန် စာရင်းချုပ်ကြရင် အဖြေတူထွက်တယ်။ ဘာပဲလုပ်လုပ် စိတ်သစ်နဲ့လုပ်ရင် ခွန်အားဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-၂ဝ၁၆
၃ဝ-၁၂-၂ဝ၁၇

U Kaung ကင်းဝန်မင်းကြီး ဦးကောင်း

ကျွန်တော် ငယ်ငယ်ကတည်းက ပုံဆွဲဝါသနာပါတယ်။ အသက်လုထွက်ပြေးရတော့ တခြားဟာတွေနဲ့အတူ ဘွဲ့လက်မှတ်နဲ့ ပန်းချီပုံလေးတွေ သယ်မလာနိုင်တဲ့အတွက် ခုထိစိတ်မကောင်းဖြစ်ပါတယ်။ ဆေးကျောင်းနောက်ဆုံးနှစ်တုန်းကဆွဲခဲ့တဲ့ ကင်းဝန်မင်းကြီးဦးကောင်းပုံကို အခုပဲပြန်တွေ့ရတယ်။

အမေ့ရွာ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ဆိုတာ ကင်းဝန်မင်းကြီးရဲ့ရွာပါ။ အမေကဦးကောင်းရဲ့မြေးတော်တယ်။ ဦးကောင်းမှာ သားသမီးအရင်း မထွန်းကားပါ။ အရင်က (မုံတိုင်ပင်) လို့ ရာဇဝင်စာအုပ်တွေမှာ ရေးတယ်။ ငယ်ငယ်တုံးက ကင်းဝန်ရဲ့အမျိုးလို့ ကြွားချင်ခဲ့တယ်။ မုံရွာ အထက (၂) မှာ ၉ တန်း၊ ၁ဝ တန်းတုံးက ကင်းဝန်နွယ်ဘာညာဆိုပြီး ကလောင်နာမယ်ယူခဲ့ဘူးတယ်။ ကိုယ်တိုင်က ပန်းချီဆွဲပြီး၊ မြန်မာစာဆရာ ဘုတလင်ချစ်လေးက ကြီးကြပ်ပေးတဲ့ ပုလဲသွယ်နံရံကပ်စာစောင်မှာ တာဝန်ယူရဘူးတယ်။ ဆရာ့ကိုရော၊ သူငယ်ချင်းတွေပါ အမှတ်ရလို့ ကျွန်တော့် နိုင်ငံရေးဘလော့ခ်ကို ပုလဲသွယ်လို့ နာမည်ပေးလိုက်တယ်။

နောင် နှစ် (၄ဝ) ကျော်တော့ ကရင်နီလူမျိုး နိုင်ငံရေးမိတ်ဆွေတွေက အသိအမှတ်ပြုတာကိုတော့ ကျေနပ်ဝမ်းမြောက်တာ အမှန်ပါ။ ကယားပြည်ကို သီးခြားပြည်တခုအဖြစ် သီပေါမင်းကိုယ်စား လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာ ကင်းဝန်မင်းကြီး ဦးကောင်းလို့ ကယား-ကယန်း-ကရင်နီတွေကသူများတွေထက် သိကြတယ်။ ကင်းဝန်မင်းကြီးကို အဲလိုအမြင်ရှိသူတွေ အကဲဖြတ်တာကိုရော၊ ဦးကောင်းလိမ်ထုတ်ဆိုတာရော၊ နှစ်ခုလုံးကို သူ့အမျိုးတွေက အမွေခံရမှာပါ။

မင်းတိုင်ပင်ရွာက ဦးကောင်းကောင်းမှု ဘုန်းတော်ကြီးကျောင်းမှာ ငယ်ငယ်ကဆော့ကစားဘူးတယ်။ မယ်မင်းဆီ အုတ်ဂူလေးလဲ ခြုံနွယ်တွေကြားထဲမှာ သွားကြည့်ဘူးသေးတယ်။ ယက်သွား (ရက်ကန်းသုံး) ရောင်းခဲ့တဲ့ အမျိုးလို့လဲ သိရတယ်။ ကျွန်တော့်အမေရဲ့ အဖေဦးထင်က မင်းတိုင်ပင်တိုက်နယ်သူကြီး။ သူဆုံးတော့ မုံရွာမှာပါ။ ဆောင်းတွင်းမှာ ကျွန်တော့်အစ်ကိုကြီးနဲ့ နှစ်ယောက်သား သစ်ကိုင်းခြောက်လေးတွေကို ဘကြီးမီးလှုံဘို့ ဆွဲယူသွားခဲ့ကြရတာ မှတ်မိနေသေးတယ်။ ဦးကောင်းမွေးနေ့ နှစ် (၁၄ဝ) ကျု ဦးလေးတယောက်ရဲ့ အစီအစဉ်နဲ့ မင်းတိုင်ပင်မှာ ပွဲတခု လုပ်ခဲ့ဘူးတယ်။ အဲဒီတုန်းက ကျွန်တော်က ဆေးကျောင်းသားပဲရှိသေးတာ။

ဆရာမြသန်းတင့်ရဲ့ တောင်သမန်အင်းက လေညှင်းဆော်တော့ထဲမှာ ရေးထားတာကိုတော့ မြန်မာ့စွယ်စုံကျမ်းထက် နှစ်သက်ပါတယ်။ သန်းဝင်းလှိုင်ရေးတဲ့ လူအများစု အမှတ်မှားနေတဲ့ ကင်းဝန်မင်းကြီးဦးကောင်း အကြောင်းကို သမို်င်းအမှန်သိစေချင်မှာ ပိုပြီးစုံစုံလင်လင်ဖတ်ရတယ်။

ကျွန်တော်တို့က ကင်းဝန်မင်းကြီး ဦးကောင်းရဲ့ မျိုးဆက်တွေပေါ့။ ဦးကောင်း မွေးနေ့နှစ် ၁၅၀ ပြည့်အထိမ်းအမှတ်ပွဲကို ကျွန်တော်တို့ ဆွေမျိုးသားချင်းတွေ ကျင်းပခဲ့ကြသေးတယ်။ မြန်မာနှစ် ၁၃၃၂ ခုကပါ။ ဦးကောင်းရဲ့ ဇာတိရပ်မြေ မင်းတိုင်ပင်ရွာမှာ ကျင်းပပါတယ်။ ကျွန်တော်ဆွဲတဲ့ပုံလေးကို အဲဒီပွဲအတွက်ထုတ်တဲ့ လက်ကမ်းစာစောင်မှာ သုံးခဲ့ပါတယ်။

ကျွန်တော်ဆွဲခဲ့တာဆိုလို့ ရုပ်ရှင်မင်းသမီးဝါဝါဝင်းရွှေပုံနဲ့ အခုပုံသာကျန်တော့တယ်။ ရေဆေးပုံတွေက ခြကိုက်သွားပြီတဲ့။

ကင်းဝန်မင်းကြီးဦးကောင်း https://doctortintswe.blogspot.com/2016/01/blog-post.html
Family Tree ဆွေစဉ်မျိုးဆက် https://doctortintswe.blogspot.com/2017/11/family-tree.html
U Kaung ကင်းဝန်မင်းကြီး ဦးကောင်း https://doctortintswe.blogspot.com/2016/12/u-kaung.html

ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-၂ဝ၁၆
၃ဝ-၁၂-၂ဝ၁၇

ည ၁၂ နာရီ

အိမ်တံခါးတွေလိုက်စစ်တော့ မြင်ရတာ အောက်ကနှင်းပြင်ကြောင့် လင်လင်းထင်းထင်းသာရှိသေးတယ်။ နက်ဖြန် နှစ်ထပ်ကျဦးမယ်။ သန်ဘက်ခါတော့ နေသာမယ်တဲ့။ ဒါပေမဲ့ လေးနှစ်အတွင်း အအေးဆုံးဖြစ်မယ်တဲ့။

Dr. တင့်ဆွေ
၃ဝ-၁၂-၂ဝ၁၇

Deep vein thrombosis သွေးပြန်ကြောပိတ်ခြင်း

သူများ တိုင်းပြည်တွေကို တရားဝင်ထွက်ပြီးဖြစ်ဖြစ်၊ ခိုးထွက်ပြီးဖြစ်ဖြစ်၊ ဟိုမှာအခြေတကျ နေပြီးဖြစ်ဖြစ် အလုပ် လုပ်ကြရာမှာ ကိုယ့်အရပ်နဲ့ အတော်ကြီး မတူဘူး။ စက်ရုပ်ဝါဒလို့ခေါ်ရမလားဘဲ။ အလုပ်ချိန်မှာ ထိုင်စရာဆိုတာ ထားမပေးဘူး။ ရပ်ပြီးလုပ်ရတာမဟုတ်ရင်၊ ပြေးလွှားလုပ်ကြရတယ်။ အောက်ပိုင်းမသန်ရင် ဟန်မကျဘူး။ ကြာတော့ အောက်ပိုင်းက အတွင်းပိုင်းရောဂါတွေ ရလာတတ်တယ်။ မြန်မာလူမျိုး လေးသန်းကျော်အတွက် ဒီစာကိုရေးပါတယ်။

နေခင်းက နိုင်ငံရေးလုပ်ဘော်ကိုင်ဖက် ကျွန်တော့်ထက်အသက်ကြီးသူက ဖုန်းပြီး သူ မေနေ့က အရေးပေါ် ဆေးရုံသွားရကြောင်း ရှင်းပြတယ်။ ဖြစ်စဉ်၊ စစ်ဆေးတာတွေနဲ့ ညွှန်လိုက်တဲ့ဆေး၊ သတိထားနေဘို့မှာတာတွေ။ ဒီရောဂါဖြစ်တာလို့ သိလိုက်တယ်။ ဆောရီး။

အမျိုးမျိုးရှိတဲ့ သွေးကြောတွေက ကောင်းနေပါမှ အသက်ရှင်နိုင်တာမို့ အသက်သွေးကြောလို့ တင်စားခေါ်ကြတာ မှန်တယ်။ နှလုံးကနေ တကိုယ်လုံးကို လွှတ်ပေးရတဲ့ သွေးလွှတ်ကြောပိတ်တာကို အတော်များများ သိကြတယ်။ Stroke လို့ ခေါ်တယ်။ Myocardial infarction လို့လည်းခေါ်တယ်။ တကိုယ်လုံးကနေ နှလုံးဆီပြန်လာရတဲ့ သွေးပြန်ကြောမှာ သွေးခဲပြီး၊ ပိတ်တာကလည်း ဆိုးတဲ့ရောဂါဘဲ။ လူတွေကို ကြိုက်တာ၊ မကြိုက်တာပြောရမဲ့ ပါးစပ်ကို ပိတ်ခိုင်းထာတာ အပါအဝင် ပိတ်တာ-ဆို့တာဟာ ရောဂါဘဲ။ ဒီစာမှာ သွေးပြန်ကြော ပိတ်တာ ရေးပါမယ်။ အတိအကျ ပြောရရင် ဟို အတွင်းထဲမှာရှိတဲ့ သွေးပြန်ကြောတွေ ပိတ်တဲ့ရောဂါပါ။

အပေါ်ယံမှာရှိတဲ့ သွေးပြန်ကြောတွေမှာ ပိတ်နေတာကို Superficial thrombophlebitis ခေါ်တယ်။ အဆိုးကြီး မဟုတ်ပါ။ Thrombophilia ခေါ်တဲ့ မွေးရာပါ ရောဂါ ရှိသူများမှာ သွေးခဲတတ်တယ်။ အမျိုးထဲမှာ တယောက်မက ဖြစ်တတ်တယ်။

လူမှန်နေရာမှန်ဆိုတဲ့ စကားလိုဘဲ လူ့သွေးက သူ့နေရာမှန်ဖြစ်တဲ့ သွေးကြောထဲမှာနေရင် မခဲဘူး။ အပြင်ထွက်ရရင် ခဲသွားတယ်။ အဲဒါ အလွန်ကောင်းတဲ့ အစီအမံဖြစ်တယ်။ ထိခိုက်မိလို့ သွေးထွက်ရင် ကိုယ့်ဖါသာ ကြက်ခြေနီလုပ်ပြီး၊ လက်နဲ့ ဖိထားပါ။ သွေးရဲ့ခဲတတ်တဲ့ သတ္တိကြောင့် သွေးတိတ်သွားတယ်။ မခဲရမဲ့နေရာ သွေးကြောထဲမှာ ခဲရင်တော့ ဒုက္ခရောက်ရတယ်။ အများဆုံးဖြစ်တာကတော့ ခြေသလုံးနဲ့ ပေါင်အတွင်းထဲမှာရှိတဲ့ သွေးပြန်ကြောတွေမှာ ဖြစ်တယ်။ သွေးခဲက ကွဲထွက်ပြီး၊ ဟိုဟိုဒီဒီ ရောက်တတ်သေးတယ်။ အရေးပါတဲ့ နေရာဖြစ်တဲ့ အဆုပ်ကို သွားပိတ်တာဟာ ရောဂါဆိုး တခု ဖြစ်ပါတယ်။ Pulmonary embolism (PE) လို့ ခေါ်တယ်။ သေနိုင်တယ်။ ကျွန်တော့်မိတ်ဆွေ အဲတာဖြစ်တော့မလို့။

ခွဲစိတ်ခံထားရသူတွေမှာလဲ ဖြစ်လာတတ်တာမို့ ဆရာဝန်တွေက လူနာကို ခွဲစိတ်ပြီးနောက်မှာ ဒါမျိုး ဖြစ်မလာအောင် လုပ်ပေးကြရတယ်။ နောက်အကြောင်းတရားတွေကတော့ သွေးပြန်ကြောမှာ ဒဏ်ရာရလို့၊ ရောင်လာလို့ နဲ့ ခံနိုင်ရည် ပြဿနာတခုခုဖြစ်လို့ပါ။ သွေးလျှောက်တာ နှေးရင်လဲ ဖြစ်တတ်သေးတယ်။ သွေးက လိုတာထက်ပို ပြစ်နေရင်လည်း ဖြစ်ချင်တယ်။ နာတာရှည် လူမမာဖြစ်ရ၊ အိပ်ရာထဲ လှဲနေရ၊ ခရီးရှည် အကြာကြီး သွားရတဲ့အခါမှာလဲ ဖြစ်တတ်ပါတယ်။

ကင်ဆာဆေး၊ အီစထိုဂျင်ပါတဲ့ ကိုယ်ဝန်တားဆေးတွေကလည်း ဖြစ်စေနိုင်တယ်။ ကိုယ်ဝန်ဆောင်နေချိန်နဲ့ မွေးပြီး ၁-၂ လ အတွင်းမှာ သတိထားပါ။ အမျိုးသမီးများကို သွေးဆုံးချိန်မှာ ပေးရတတ်တဲ့ Estrogen ဟော်မုန်း ကလည်း ဒီရောဂါမျိုး ဖြစ်စေတတ်တယ်။

အထဲက သွေးပြန်ကြောမှာ သွေးခဲလေးတွေ ရှိနေပေမဲ့ ဘာမှမခံစားရဘဲ နေတတ်တယ်။ တချို့တဝက် လောက်မှာသာ ရောဂါ လက္ခဏာပေါ်တယ်။ ဖြစ်တဲ့နေရာမှာ ရောင်လာ၊ ပူလာ၊ နာလာ၊ နီလာတယ်။ မနီဘဲ အရောင် ပြောင်းလာတာမျိုးလဲ ဖြစ်နိုင်တယ်။ အကွေး-အဆန့် လုပ်ရင် ပိုနာတယ်။ ကြွက်တက်သလို ဖြစ်တယ်။ PE ဆိုတာဖြစ်ရင်တော့ အသက်ရှူရတာ ခက်လာ-နာလာတယ်။ ချောင်းဆိုးတဲ့အထဲ သွေးပါလာမယ်။ အသက်ရှူနှုန်းရော နှလုံးခုန်နှုန်းပါ မြန်လာတယ်။ အရေးပေါ်ဆေးရုံတက်ရလိမ့်မယ်။

ရောဂါရှိနေတာကို Doppler Ultrasound ရိုက်ပြီး သေခြာအောင်လုပ်ရတယ်။ A D-Dimer test, Venography, (MRI) နဲ့ (CT) scanning တွေကိုပါ လုပ်တယ်။

ဖြစ်လာရင် ကုတာကတော့ ခဲနေတဲ့သွေးခဲ ပိုကြီးမလာစေအောင်၊ သေးသေးလေးတွေ ကွဲထွက်ပြီး၊ တခြားနေရာတွေ မရောက်စေအောင် နဲ့ နောက်ထပ် မခဲစေအောင် လုပ်ပေးရတာပါ။ Anticoagulants ဆိုတဲ့ သွေးမခဲဆေး၊ သွေးကျဲဆေးတွေ ပေးတယ်။ Warfarin နဲ့ Heparin ဆေးတွေကို အသုံးများတယ်။ ကိုယ်ဝန် ရှိတုံးဖြစ်သူတွေကိုတော့ Heparin ကိုသာ သုံးတယ်။ ၃ လ ကနေ ၆ လအထိ ဆေးကုရတယ်။ ကိုယ်ဝန်နဲ့ ခွဲစိတ်ရာကနေ ဖြစ်သူတွေကိုတော့ ဒီလောက်ကြာစရာ မလိုဘူး။ ဒီဆေးတွေက သွေးယိုတာ ဖြစ်တတ်ပြန်လို့ သတိထား သုံးရတယ်။ Thrombin Inhibitors ဆိုတဲ့ ဆေးကတော့ သွေးမခဲအောင် တားဆေးပါ။ Thrombolytics ဆေးကိုတော့ သွေးခဲ မြန်မြန် ပျော်စေအောင် ပေးတယ်။

မိတ်ဆွေကိုပေးလိုက်တဲ့ဆေး Xarelto 20mg (Rivaroxaban) ဟာ သွေးမခဲစေဘို့အတွက်ပေးတယ်။ သွေးကျဲဆေး လို့လည်းခေါ်တယ်။ deep vein thrombosis (DVT) ခေါ် အတွင်းပိုင်းက သွေးပြန်ကြောထဲသွေးခဲခြင်းကို ကာကွယ်ဘို့ပေးတယ်။ သွေးခဲကနေ pulmonary embolism (PE) ခေါ် အဆုပ်သွားသွေးကြောထဲ ပိတ်လာတတ်တယ်။ အရေးပေါ်ကုသရမယ်။ ဘေးထွက်သက်ရောက်မှုတွေကို သတိထားနေရတယ်။ သွေးထွက်လွယ်တယ်။ နှာခေါင်သွေးယိုသလား၊ ချောင်းဆိုးတဲ့အခါ သွေးပါသလား၊ ဆီးထဲ ဝမ်းထဲပါမလားကြည့်ရေတယ်။ သွေးအန်သလား။ ကိုယ်မသိဘဲ အထဲမှာ သွေးထွက်ထားရင် လူကခါတိုင်းထက် မောပန်းမယ်။ အားနည်းနေမယ်။

လိုအပ်သူကို Thrombectomy ခဲနေတဲ့သွေးကို ခွဲထုတ်နိုင်တယ်။ ဆေးပေးဘို့ မသင့်ရင် ဒါမှမဟုတ် ဆေးပေးနေတာနဲ့ မလုံလောက်ရင် Vena Cava Filter ဆိုတဲ့ အစစ်ကို သုံးနိုင်တယ်။ Graduated Compression Stockings နဲ့ compression hose ဆိုတဲ့ ခြေအိတ်ဆန်းကို စွပ်ထားခိုင်းတယ်။ အကိုက်အခဲပျောက်-အဖျားကျ-အရောင်လျှော့ဆေး Aspirin က သွေးကိုကျဲစေလို့ ဒီရောဂါမျိုးမှာ အသုံးကျတယ်။ တခါဖြစ်ဘူးရင် ထပ်ဖြစ်တတ်လို့ ရောဂါရှိနေသူဟာ ဆေးမှန်မှန် စစ်နေရတယ်။

ဒီရောဂါ မဖြစ်အောင် အကြာကြီး မရပ်ရသလို၊ အိပ်ရာထဲမှာလဲ ရက်အကြာကြီး လှဲမနေရဘူး။ အိပ်ရာက မထနိုင်သူများ ခြေထောက်တွေ လေ့ကျင့်ခန်း လုပ်ပေးရတယ်။ ဝလွန်းရင်လဲ ဒီရောဂါ ဖြစ်နိုင်တယ်။ တောင်ပေါ်အမြင့်မှာ နေရ၊ သွားရရင် သတိထားရတယ်။ အသက်ကြီးလာရင် မကောင်းတာတွေထဲမှာ ဒါလဲပါတယ်။ လူက ဖက်တီး၊ အသက်ကလည်း ကြီးရင် ခရီးမထွက်နဲ့။ တောင်ပေါ်သားများ နိုင်ငံခြား သွားနေချင်ရင် နှစ်ခါပြန် စဉ်းစားပါလေ။

လေယျာဉ်ပေါ်မှာ ကိုယ်လက်လှုပ်ရှားပေးဘို့ ဗီဒီယို နဲ့ ပြပေးတာက ဒါမျိုး မဖြစ်အောင်လို့ပါ။ ရေ-အရည် အများကြီး သောက်ပါ။ အရည်ထဲမှာ အရက်နဲ့ ကော်ဖီများတာ မပါဘူး။ အဝတ်အစားကို ကြပ်နေတာမျိုး မဝတ်ရဘူး။ တင်းကြပ်တဲ့ ဘာသာရေးအယူရှိတဲ့ တိုင်းပြည်က မိန်းကလေးများ သူများနိုင်ငံတွေသွားတော့ လေယျာဉ်ပေါ်ရောက်တာနဲ့ အဖုံးတွေ အကာတွေ ခွါချကြတာက ဒီရောဂါ မဖြစ်အောင်တော့ ဟုတ်ပုံမရဘူး။ ဒါပေမဲ့ လှချင်တာက ကျန်းမာရေးအရ (နော်မယ်) ပါဘဲ။ Aisle တလျှောက် လူးလာခေါက်တုံ လူလုံးပြသလို လုပ်တာက လေယာဉ်မယ်လေးတွေနဲ့လဲ အပြန်အလှန် ပြုံးပြနိုင်တာမို့ ကိုယ်ရောစိတ်ပါ ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။

https://www.youtube.com/watch?v=0QEo9QAqA3k&feature=youtu.be

Dr. တင့်ဆွေ
၂၉-၁၂-၂ဝ၁၇

Reverse gear နောက်ပြန်သွား

ကျွန်တော့်ပို့စ် = Ford တဂါလံ ၂၅ မိုင်

ကွန်မင့်များ
၁။ ၁ဝ၃၅ သိန်းဈေးရှိနေသည်။ (ဘာသာပြန်)

ဈေးနှုန်းကတော့ ၂၅ဝဝ နှုန်းနဲ့ အထက်သို့တက်နေသည်။

၂။ ဝမ်းနည်းစရာ Dr တနာရီ ၂၅မိုင်နဲ့ နောက်ပြန်

R ဂီယာထိုးတဲ့နှစ်လည်း စာထဲမှာပါတယ်။ ၁၉၈ဝ ဝန်းကျင်။

R ဂီယာဆိုတာ မြန်မာပြည်ကကားသမားတွေက ဘက်ဂီယာလို့ ပြောကြတာ။ ကားနောက်ပြန်သွားစေတဲ့ ဂီယာ။ ဘက် နဲ့ ရီဗာ့စ် မတူပါ။ ဖြစ်နိုင်ရင် အခေါ်အဝေါ် ပြောင်းသင့်ကြပါတယ်။

လီဗာနဲ့ ဂီယာလို့ ခေါ်ကြတာကလည်း မမှန်ပါ။ လီဗာဆိုတာ ကုတ်ကိုခေါ်တယ်။ လေးတဲ့ဝန်ကို မ,တင်နိုင်တာမျိုး။ ကားတွေ စက်တွေမှာ ဂီယာပြောင်းအောင်လုပ်တဲ့အတံကို ဂီယာပြောင်းနော့ဖ် ခေါ်တယ်။ နောက်ပေါ်ကားတွေမှာ အဲတာက တိုတိုလေးမို့ ဘုလို့ ခေါ်တယ်။

ဂီယာဆိုတာ ခွေးသွားစိတ် အစိတ်အကျဲမတူတဲ့ အဝိုင်းတွေကိုခေါ်တယ်။ အဲလိုဟာတွေပါတဲ့အုံကို အဆလာရေတာလို့ ခေါ်တယ်။ ဂီယာက ထရန်စ်မစ်ရှင်းထဲမှာရှိတယ်။

အခေါ်မှန်တာကို ပြောင်းဖို့ရာ ခက်ပါဦးမယ်။ ခက်တာကိုရအောင်လုပ်နိုင်သူ လူတော်။ မြန်မာပြည်မှာ အင်ဂျင်ကောင်းနဲ့ အဆလာရေတာကောင်းတဲ့ကားတွေ စီးနိုင်ကြပါစေ။ ပညာရေးမှာ ရီဗာ့စ်ဂီယာကနေ ရှေ့သွားဂီယာ ပြောင်းပါစေ။

ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂ဝ၁၇

လုတ်လဲ့လုတ်လီ သီကရီနှင့်

ဆုတောင်းစာတခု ၂-၃ ယောက်ကနေပို့တယ်။ ဘုန်းကြီးဘွဲ့လည်းပါတယ်။ ပို့စ်အဖြစ်တင်ကြတာတွေလည်း မြင်တယ်။ ခလုပ်မထိ ဆူးမငြိတဲ့။ သတ်ပုံမှားနေတယ်။ ခလုတ်လို့ ရေးရတယ်။ သတ်ပုံမှားနေတဲ့စာပုံကို မတင်လိုပါ။ အနက်ရောင် နောက်ခံမှာ ရေးထားတာ။

ခလုတ်တိုက်၊ ဖါးပြုပ်ကိုက်၊ တရုတ်ရိုက်လို့ ဆိုစကားရှိတယ်။

လုတ်
ဆူးငြောင့်ခလုတ်
ဇလုတ်မရွာ
တရာပြည့်လုတ်
တလုတ်ကစားသည်
ပလုတ်တုတ်တုတ်
ပုန်းစလုတ်
ကြက်ငှက်စလုတ်
ကြိုးစက်ခလုတ်
မုံ့လုတ်ဆောင်း = မုံ့လက်ဆောင်း (ယိုးဒယား)
လုတ်လဲ့လုတ်လီ သီကရီနှင့်
ဝဲစလုတ်
အလုတ်အထွေး
မျောက်လုတ်ပင်

လုပ်
ကိုယ်လုပ်တော်
ထန်းရည်တပလုပ်
ထမင်းတလုပ် ဟင်းတရှုပ်ကို
ထုလုပ်
ပလုပ်ပလောင်း
ပြုလုပ်
ရွရွလုပ်လုပ်
လုပ်ကိုင်သည်
လုပ်ကျင်းသည်
လုပ်ခင်းဆောင်တာ
လုပ်ငန်းဆောင်တာ
လုပ်ကြံသည်
လုပ်ရည်ကြံရည်
လုပ်ရပ်
လုပ်ကျွေးသည်
လုပ်ဆောင်သည်
လုပ်ခြေလုပ်လက်
အမှုလုပ်
အလုပ်အကိုင်
ဆောက်လုပ်

အွန်လိုင်းသတ်ပုံကျမ်းမှာ လုပ်လီလုပ်လဲ့လို့ပါတယ်။ မှားတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂ဝ၁၇

Hydronephrosis ဟိုက်ဒရိုနဖရိုးဆစ် ကျောက်ကပ်ရောဂါ

၁။ ဆရာခင်မျာ ကျနော့ညာဘက် နောက်ကျောအောင့်နေလို့ မြန်မာပြည်မှာဆေးခန်းပြတော့ ကျောက်ကပ် ရောင်နေတယ်တဲ့။ အခု့ ပြန်ရောက်တော့ ထပ်အောင့်နေပါတယ်။ ကျနော်နဲ့အတူနေတဲ့အကိုဆိုလည်း နေ့တိုင်းလို ဇာတ်ထိုး အော့အန်ခေါင်းမူးဖြစ်နေပါတယ်။ အပြင်လည်းမထွက်ရဲတော့ ဘာတွေရှောင်ရမလည်းဆိုတာ ပြောပြပါခင်မျာ

အသက် မပြော။ ဆေးစစ်ချက် မသိ။

ဆေးစစ်ချက်ပါဆရာ ကျနော့အသက် ၂၄ ပါ။ မြန်မာပြည်ဆေးခန်းပြတုန်းက ကျောက်ကပ်ရောင်နေတယ်ပြောပါတယ်။ အခု့ ပြန်ရောက်တော့ ညာဘက်ကပြန်အောင့်နေလို့ပါ ကျေးဇူးပြု၍ဖြေပေးပါခင်မျာ။ ဆေးစစ်ချက်တွေပါခင်မျာ။

၂။ ကျားအသက် ၂၈နှစ်ပါ။ ဒီနေ့ပဲ အသည်းအသန်သေလုမြောပါး ဗိုက်ရောခါးပါနာလို့ အရေးပေါ်ဆေးရုံသွားလိုက်ရပါတယ်။ ဆေးရုံရောက်တော့ အာထရာဆောင်းရိုက်ပြီးကြည့်တာ ကျောက်ကပ်တခြမ်းရောင်တာလို့ သိရပါတယ် ဆေးထိုးဆေးတိုက်လိုက်တာ တခဏချင်းသက်သာသွားပါတယ်။ အဲ့လိုဘာကြောင့်ဖြစ်တာလဲ။ အဲ့လိုထပ်မဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲ သေလုနီးပ့

မေးခွန်းကို အီးမေးကမေးတာ ဆပ်ဂျက်ခေါ် ခေါင်းစဉ်သာရေးရတဲ့နေရာမှာရေးလို့ စာအကုန်မပါ။ အဲလိုမေးသူတွေ နေ့တိုင်းတွေ့ရတယ်။ တချို့ကို ဖြေမရ။ အဲလိုမေးတာကို ဖြေရင် ကျွန်တော့်အီးမေးမှာ ဖြေထားပြီးလို့ မသိနိုင်ပါ။

၃။ ကျွန်မအသက် ၂၂ပါ။ အိမ်ထောင်မရှိပါဘူးဆရာ။ ဓမ္မတာလည်းမှန်ပါတယ်ဆရာ။ ဖြစ်နေတာ ဆီးခဏခဏ သွားတာပါဆရာ။ တနေ့ကို အကြိမ်၃၀ကျော်လောက်သွားပါတယ်။ ultrasound ရိုက်တော့ဆီးကျန်နေတာလို့သိရပါတယ်။ သားဥပြွန်တွေမှာလည်း ရေအိတ်တွေရှိနေတယ်လို့ ပြောပါတယ်။ ဆီးကအမြဲလိုလိုသွားချင်နေတော့ အပြင်တွေသွားရင် အောင့်ထားတော့ ခါးဘေးနားတွေအရမ်းအောင့်ပါတယ်။ ဆီးကတခါတလေနောက်နေပါတယ်ဆရာ။ ဆီးလည်းခဏခဏ ကျင်ပါတယ်။ ဒါပေမယ့် အိပ်နေရင်တော့ ဆီးသွားချင်တာမဖြစ်ပဲ နိုးလာမှသာသွားချင်ပါတယ်။့ မှာပြပါတယ်။ ဆီးကျန်တာကို မကုပေးပါဘူးဆရာ။ ဒီအတိုင်းပျောက်သွားမယ်လို့ပြောပါတယ်။ ဖြစ်နေတာ ၉ လလောက်ရှိပါပြီ။ ပျောက်သွားမယ်ဆိုလို့ ဒီအတိုင်းနေနေရင်း အခုဘယ်ဘက်ကျောက်ကပ်အရမ်းအောင့်လို့ မှာပြတော့ မှန်ပြောင်းနဲ့ ကြည့်ပါတယ်ဆရာ။ ဆီးအိမ်ကနီရဲပြီးယောင်နေပါတယ်လို့ပြောပါတယ်ဆရာ။ ဆေးရုံ ၁ ရက်တက်ရပြီး ဆီးပိုက်လည်း တပ်ခဲ့ရပါတယ်ဆရာ။ ၆ ရက်စာ ဆေးထိုးခိုင်းပါတယ်။ ဒါပေမဲ့ မသက်သာတဲ့အပြင် တော်တော်ကြီးကို အခြေအနေ ဆိုးနေပါတယ်။ အရင်ကလည်း ဆီးက ၂၄ နာရီလုံးလုံး သွားချင်ပေမယ့် ၁ နာရီ လောက်တော့ အောင့်ထားနိုင်ပါတယ်။ အခု ၅ မိနစ်လောက်တောင် မအောင့်နိုင်တော့ပါဘူး။ အောင့်ထားရင် ဆီးက သွေးခဲတွေရော၊ အနည်တွေရော၊ သွေးလိုမျိုးပဲထွက်နေပါတယ်။ ရေသောက်ရင်တော့ ဆီးကပြန်ကြည်ပါတယ်။ နည်းနည်းလေး အောင့်တာနဲ့ ပြန်နီလာပြန်ရောဆရာ။ ဆီးစပ်ကလည်း အရမ်းကိုက်နေပါတယ်။ ကျောက်ကပ်ကလည်း အရမ်း အောင့်နေပါတယ်။ ဘာဆေးမှသောက်ဖို့မပေးလိုက်တော့ အတော်ဒုက္ခရောက်နေပါတယ်။ ကျွန်မတော်တော် ကြောက်နေပါတယ်။ စဖြစ်ကတည်းကကုနေတာ အခုထိလုံးဝမသက်သာတဲ့အပြင် ပိုပိုဆိုးနေပါတယ်။  ဘာလုပ်သင့်သလဲဆိုတာ ညွှန်ကြားပေးပါဦးဆရာ။

မေးခွန်း (၃) ဆေးစစ်ချက်တွေမှာ သားအိမ်အနားမှာ ရောင်နေတယ်။ သားအိမ်နောက်မှာ အရည်ပိုစုနေတယ်။ PID တင်ပါးဆုံတွင်း အင်္ဂါများ ရောင်ခြင်းရောဂါနဲ့ တူတယ်လို့ မှတ်ချက်တခုမှာ ဖတ်ရတယ်။ နောက်တခုက ကျောက်ကပ် အတွင်းပိုင်းမှာ Hydronephrosis အရည်များတာဖြစ်နေတယ်။ တခုနဲ့တခု ဆက်စပ် မစပ် စဉ်းစားရတယ်။ ခုထိတော့ ဆက်စပ်မှု စဉ်းစားမရသေးပါ။ ဆောရီး။ PID အမျိုးသမီးတင်ပါးဆုံတွင်းရောင်ခြင်း စာတပုဒ်ပို့ပါမယ်။

Hydronephrosis ဆိုတာ ကျောက်ကပ်ရောင်နေတယ Hydroureter ဆိုတာ ကျောက်ကပ်ကနေ ဆီးအိမ်ဆီဆင်းတဲ့ပြွန် ရောင်နေတာ။ ဆီးလမ်းတနေရာရာမှာပိတ်နေရင်ဆက်ဖြစ်တယ်။ ဒီရောဂါက တဘက်တည်းရော နှစ်ဘက်လုံးပါ ဖြစ်နိုင်တယ်။ ပိတ်တာက ရုတ်တရက်ဖြစ်ရင် နာမယ်။ ပျို့အန်မယ်။ မွေးရာလည်းရှိတယ်။

Kidney stone ကျောက်ကပ်ကျောက်၊Blood clot သွေးခဲ၊ Stricture or scarring အမာရွတ်၊ Bladder cancer ဆီးအိမ်ကင်ဆာ၊ Bladder stones ဆီးအိမ်ကျောက်၊ Cystocele ဆီးအိမ်ကျခြင်း၊ Bladder neck contracture ဆီးအိမ်လည်ပင်းနေရာကျဉ်းခြင်း၊ Urethral stricture ဆီးသွားပြွန်ကျဉ်းခြင်း၊ Urethral valves ဆီးသွားပြွန်အဆိုရှင်၊ Urethral cancer ဆီးသွားပြွန်ကင်ဆာတွေကနေ ဆက်ဖြစ်နိုင်တယ်။ 

တခြားနေရာမှာဖြစ်တဲ့ကင်ဆာ အလုံးအကျိတ်တွေနဲ့ ကိုယ်ဝန်ကနေဖိထားခံရခြင်း၊ ယော်ကျားဆီးကျိတ်ကြီးခြင်း၊ ဆီးကျိတ်ကင်ဆာနဲ့ မိန်းမသားအိမ်အလုံးတွေလည်းပါတယ်။

ရက်တိုဖြစ်တာနဲ့ နာတာရှည်ဖြစ်တာလို့ရှိတယ်။ ကျောက်ကပ်နေရာ အောင့်-နာမယ်။ အတော်ကိုနာတယ်။ အင်္ဂလိပ်လို ပိန်း လို့မခေါ် အေဂိုနီ လို့ခေါ်တယ်။ အတင်းနာတယ်။ ပျို့မယ်။ အန်မယ်။ ဆီးသွားရင်နာမယ်။ ဆီးမကုန်သလိုနေမယ်။ ချမ်းဖျားမယ်။ ဆီးထဲအနယ်ပါမယ်။ ဆီးသွားရတာအားမပါသလိုဖြစ်မယ်။ ဆီးစပ်နာမယ်။

ကုသရခြင်းရဲ့ရည်မှန်းချက်ဟာ ကျောက်ကပ်ကနေ ဆီးသွားပြွန်အဖျားထိ ဆီးထွက်နေစဖို့ဖြစ်တယ်။  နာနေတာ သက်သာစေဖို့နဲ့ ပိုးဝင်နေတာပျောက်ဆေးတွေလည်းပေးမယ်။ တချို့မှာ ခွဲစရာလိုနိုင်တယ်။ ဖြစ်စေတဲ့အကြောင်းခံကို ကုသရမယ်။

မြန်မာပြည်သားတွေ ဆီးလမ်းရောဂါဘေးက ဝေးကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂ဝ၁၇

TB အသစ်လား အဟောင်းလား

၁။ ဆရာရှင့် သမီးအသက် ၃၂ ပါ။ အိမ်ထောင်မရှိ အပျိုပါရှင့်။ ရာသီလဲ မှန်ပါတယ်။ သမီးလွန်ခဲ့တဲ့ ၉ နှစ်လောက်က တီဘီ ဖြစ်ဖူးပါတယ်။ အဲ့တုန်းက သလိတ်မှာပိုးမတွေ့ပေမယ့် အဆုတ်ဓာတ်မှန်ရိုက်ကြည့်တော့ တွေ့တာနဲ့ တီဘီဆေး ခြောက်လ သောက်ဖူးပါတယ်။ တီဘီဆေးသောက်ပြီး နောက်ပိုင်း ဓာတ်မှန်ပြန်ရိုက်ကြည့်တော့ အဆုတ်မှာ အမာရွတ်တွေတော့ ကျန်တယ်ဆရာ။ အခုသမီးနိုင်ငံခြား company တခုမှာ အလုပ်လျှောက်တော့ ဆေးစစ်ခိုင်းတဲ့အထဲမှာ တီဘီစစ်ဖို့ အဆုတ်ဓာတ်မှန်ရိုက်ခိုင်းတာလဲ ပါပါတယ်ဆရာ။ သမီးတခု သိချင်တာက အခုဓာတ်မှန်ပြန်ရိုက်ကြည့် လို့ အဆုတ်မှာ အမာရွတ်တွေ့ရင် အဲ့တာက အရင်ကဖြစ်တာလား အခုဖြစ်တာလား ဘယ်လိုခွဲခြားမလဲရှင့်။ အရင်ဖြစ်တုန်းက ရိုက်ထားတဲ့ ဓာတ်မှန်တွေလဲ ကြာလို့မရှိတော့ဘူးဆရာ။ အလုပ်က အင်တာဗျူးအောင်းပြီး ဆေးစစ်ဖို့ပဲ ကျန်တော့တာဆိုတော့ ဆေးမအောင်မှာ စိုးရိမ်လို့ပါဆရာ။ ကျေးဇူးတင်ပါတယ် ဆရာ။

၂။ တီဘီရောဂါဟာ ဆရာဝန်ညွန်ကြားတဲ့အတိုင်း ၆ လ ဆေးသောက်ပြီးပါပြီ။ အဲဒီ ၆ လ အတွင်းမှာလဲ ပုံမှန်ဆေးသောက်၊ စမ်းသပ်မှုကိုလဲ ခံယူခဲ့ပါတယ်။ ၆ လကျော်သွားတဲ့ အချိန်မှာ တခြားနေရာ ရောက်နေလို့ ပြန်ပြီး မစမ်းသပ်ခဲ့ပါဘူး။ အခုဆို ၂ နှစ်နီးပါး ရှိနေပါပြီ။ လူကတော့ ကျန်းကျန်းမာမာ ဝဝဖြိုးဖြိုးပါပဲ။ အခု တခြားနေရာမှာ ဆေးစစ်တာ ဆရာဝန်က တီဘီ ရှိတယ်လို့ ပြောပါတယ်။ ဓါတ်မှန်မှာပဲ တွေ့တာပါ။ သွေးမှာ အောင်ပါတယ်။ ကျွန်တော် သိချင်တာက တီဘီ ဖြစ်ဘူးတဲ့လူဟာ ဆေးစစ်တိုင်း ကျနေမှာလား။ ဆေး ၆ လ မှန်မှန်သောက်ရုံနဲ့ လုံးဝပျောက်ကင်းသွားပြီလား သိချင်ပါတယ်။

တီဘီရောဂါ မရှိသူ၊ ရှိနေသူ၊ ကုသပြီးသူ၊ ပြန်ဖြစ်သူ၊ ကုသလို့ မပျောက်သေးသူ ဆိုပြီး ခွဲပြောကြတယ်။ ဆေးစာနဲ့ ဆိုရင် Active tuberculosis (TB) လတ်တလော ရောဂါဖြစ်နေသူ၊ Inactive TB ရောဂါဟောင်း ရှိထားသူ၊ Extra-pulmonary TB အဆုပ်မဟုတ်တဲ့ နေရာမှာ ဖြစ်နေသူ၊ Latent TB ရောဂါငုပ်နေသူ ဆိုပြီး သတ်မှတ်တယ်။ အဆုပ် တီဘီရောဂါကို ဓါတ်မှန်နဲ့ စစ်တယ်။ သလိပ်လည်း စစ်မယ်။ အရေပြားကို ဆေးထိုးပြီးလည်း စစ်ပါတယ်။ အဖြေက တမျိုးထဲမှာပြမယ်။ နှစ်မျိုးမှာပြမယ်။ သုံးမျိုးလုံးမှာ ပြနေတာလဲ ဖြစ်နိုင်တယ်။

တီဘီဆေးကို တမျိုးမကပေးရတယ်။ အများဆုံး သုံးနေတဲ့ ဆေးအတွဲကတော့ Rifampin + Ethambutol + Pyrazinamide + Isoniazid (INH) ဖြစ်တယ်။ ၆ လ ပေးတာ နဲ့ ၉ လအထိပေးတာ ရှိတယ်။ ဆေးအတွဲ၊ ဆေးအဆနဲ့ ဆေးကို ဘယ်လောက် ကြာကြာ ပေးမလဲဆိုတာ နေရာတခုနဲ့ တခု၊ လူနာတယောက်နဲ့ တယောက်မှာ မတူပါ။ ပေးကာစမှာ တမျိုး လုပ်ထားရာကနေ ဆေးပါတ်မပြီးခင် ပြောင်းရတာလဲ ရှိတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ တကမ္ဘာလုံးကိုခြုံပြီး လမ်းညွှန်ချက်ထုတ်ထားတယ်။ တိုင်းပြည်တခုမှာလဲ သူ့တိုင်းပြည် အခြေအနေအလိုက် လမ်းညွှန်ချက် သပ်သပ်ရှိမယ်။ ဆေးပေးနည်း-ဆေးရောနည်းသာမက ဓါတ်ခွဲခန်းနဲ့ ဓါတ်မှန် အထူးကုဆရာဝန်တွေလဲ မတူကြတာ ရှိနိုင်တယ်။

Chest X-ray ရင်ပတ် ဓါတ်မှန်
ဓါတ်မှန်ဆိုတာ အဖြူနဲ့ အမဲသာမြင်ရတယ်။ အရိုးဆိုရင်ဖြူပြီး လေဆိုရင်မည်းတယ်။ ကြားကျတာလဲ ရှိတယ်။ ဥပမာ အသဲ၊ နှလုံး။ တီဘီအတွက် PA chest X-ray ဓါတ်မှန်ရိုက်နည်းက အကောင်းဆုံး ဖြစ်တယ်။ တခြားနည်း ဘေးတိုက်ရိုက်နည်း နဲ့ CT scans စကင်တွေလဲ လိုရင်လုပ်မယ်။ ဆေးဝေါဟာရတွေကို ခေါင်းအရှုတ်မခံပါနဲ့၊ ထည့်တော့ ရေးပါရစေ။

လူက ဘာမှမဖြစ်ပေမဲ့ Tuberculin skin test အရေပြား စမ်းသပ်တော့ အပေါင်းပြနေသူတွေကိုသာ အဆုပ် တီဘီရှိ-မရှိ သေခြာသိအောင် ဓါတ်မှန် ရိုက်ရမယ်။ ဓါတ်မှန်မှာ ပုံမှန်မဟုတ်တိုင်း တီဘီလို့ ပြောမရသေးပါ။ Active pulmonary TB လောလောလတ်လတ် ဖြစ်နေတဲ့ တီဘီဆိုရင် Infiltrates or Consolidations တိုးပွါးလာတာ၊ အစိုင်အခဲလို့ခေါ်တာ မြင်ရမယ်။ ဒါတွေက အဆုပ်ရဲ့ အထက်ပိုင်းမှာဖြစ်တာ များတယ်။ Cavities အခေါင်း ရှိချင် ရှိမယ်။ မရှိချင် မရှိဘူး။ Mediastinal or hilar lymphadenopathy အဆုပ် နှစ်ခုကြားနေရာနဲ့ အဆုပ် အဝင်နေရာတွေမှာ တက်စေ့ကြီးနေတာ ရှိချင် ရှိမယ်။ မရှိချင် မရှိဘူး။

Old healed TB ပျောက်သွားပြီးသား တီဘီဆိုရင် များသောအားဖြင့် အဆုပ် အစိုင်အခဲတွေကို အဆုပ်အဝင်နေရာမှာနဲ့ အဆုပ်အပေါ်ခန်းမှာ မြင်ရမယ်။ အမာရွတ်နဲ့ အဆုပ်ထုထည် သေးသွားတာ ရှိချင် ရှိမယ်။ မရှိချင် မရှိဘူး။ လေပြွန်ကျယ်-ထူနေတာနဲ့ အဆုပ်အဖုံးလွှာ ထူနေတာလဲ ရှိချင် ရှိမယ်။ မရှိချင် မရှိဘူး။ အစိုင်အခဲတွေ နဲ့ အမာရွတ်တွေထဲမှာ တဖြေးဖြေးချင်း ပွါးများလာနေမဲ့ ဗက်တီးရီးယားတွေ ရှိနေနိုင်တယ်။ ဒီအကောင်တွေကနေ နောက်ထပ် တီဘီရောဂါ ပြန်ဖြစ်လာနိုင်တယ်။

Positive tuberculin skin test အရေပြားစမ်းသပ်တော့ အပေါင်းပြတာရှိနေရင် အသက်ကြီးကြီး၊ ငယ်ငယ် Latent infection တီဘီငုပ်နေသူအနေနဲ့ ဆေးကုသင့်တယ်။ ဆေးတမျိုးထဲပေးကုသတာ များတယ်။ ဒါပေမဲ့ Calcified nodular lesions (Calcified granuloma) ထုံးဓါတ်ဖြစ်စဉ် ရှိနေသူတွေက အဲလိုဖြစ်လာဘို့ အခွင့်အလမ်းနည်းတယ်။

စမ်းသပ်စစ်ဆေးနည်းများ
(၁) Diagnosing active TB in the lungs လောလောလတ်လတ် အဆုပ် တီဘီကို စမ်းသပ်-စစ်ဆေးနည်းများ
• ရောဂါရာဇဝင်၊ အထွေထွေစမ်းသပ်ခြင်း၊ ရောဂါလက္ခဏာတွေဖြစ်တဲ့ ချောင်းဆိုး၊ အားယုတ်၊ ကိုယ်ပူ၊ ညချွေးထွက်။
• Chest X-ray ရင်ပတ် ဓါတ်မှန်ရိုက်ခြင်း။
• Tuberculin skin test (TB skin test, PPD test, Mantoux test) အရေပြားစမ်းသပ်နည်းမှာ အပေါင်းပြနေရင် အရင်က (BCG) ကာကွယ်ဆေး ထိုးထားသူတွေနဲ့ ခုခံအားကျနေသူတွေမှာ ရလဒ် မရေရာ ဖြစ်နိုင်တယ်။
• Sputum culture သလိပ်စစ်ခြင်း၊ ၁-၈ ပါတ်အထိကြာနိုင်တယ်။
• Rapid sputum test သလိပ် အမြန်စစ်နည်းက ၂၄ နာရီသာကြာမယ်။
• Sputum cytology သလိပ်ကို အနုကြည့်စစ်ဆေးနည်း။
• Rapid blood tests အမြန်သွေးစစ်နည်းကို Interferon-gamma release assays (IGRAs) လို့ခေါ်တယ်။

(၂) Diagnosing latent TB in the lungs ငုပ်နေတဲ့ တီဘီကို စမ်းသပ်-စစ်ဆေးနည်း
တကယ်လို့ တီဘီပိုးဝင်တာခံရဘူးရင် Tuberculin skin test အရေပြားစမ်းတာမှာ အပေါင်းပြမယ်။

(၃) Diagnosing TB outside the lungs အဆုပ်မှာ မဟုတ်တဲ့ တခြားနေရာ တီဘီရောဂါ စစ်ဆေးနည်း
• Biopsy အသားစဖြတ်ယူစစ်နည်း။
• Urine culture ဆီးကို ပိုးမွေးစစ်ဆေးနည်း၊ ကျောက်ကပ် တီဘီကိုသိနိုင်တယ်။
• Cerebrospinal fluid test ခါးရိုးထဲက စုပ်ထုတ်ယူတဲ့အရည်ကို စစ်ဆေးရင် တီဘီပိုးကြောင့် ဦးနှောက်မှေး ရောင်တာကို သိမယ်။
• CT scan (စကင်) လုပ်ရင် တကိုယ်လုံးပြန့်နေမဲ့ တီဘီကိုသိမယ်။
• MRI ရိုက်ရင် ဦးနှောက်နဲ့ ခါးရိုးကြော တီဘီကိုသိမယ်။

(၄) Tests during TB treatment တီဘီဆေးကုသနေတုံး စစ်ဆေးနည်း
• Sputum culture သလိပ်စစ်တာ တလ တခါလုပ်မယ်။
• Chest X-ray ရင်ပတ်ဓါတ်မှန်ကို ဆေးပါတ်လည်တာနဲ့ ထပ်ရိုက်မယ်။

(၅) တီဘီဆေးကြောင့် တခြားနေရာတွေကို ထိခိုက်နေ-မနေသိဘို့ -
• အသဲလုပ်ငန်းသိအောင် သွေးစစ်မယ်။
• မျက်စိစစ်တာကို Ethambutol ဆေးပေးနေသူတွေကို လုပ်မယ်။
• နားစစ်တာကို Streptomycin ဆေးထိုးပေးနေသူကို စစ်တယ်။

CDC guidelines for evaluating CXR ရင်ပတ် ဓါတ်မှန်ရိုက် စစ်ဆေးခြင်း လမ်းညွှန်ချက်များ
တီဘီရောဂါကို တိကျသေခြာမှုရှိအောင် အမေရိကန် ပြည်ထောင်စုကနေ သူ့တိုင်းပြည်ထဲကိုလာရောက် အခြေချ နေထိုင်မဲ့သူတွေကို တိုင်းပြည်ထဲ ဝင်မလာခင် ပြည်ဝင်ခွင့်ဗီဇာအတွက် ဆေးစစ်မှုတွေ တိတိကျကျ၊ မလွဲမသွေလုပ်ဘို့ တီဘီအတွက် ပြဌာန်းချက် လုပ်ထားတာကို ကိုးကားနိုင်ပါတယ်။ ဓါတ်မှန်ရိုက် စစ်ဆေးခြင်း လမ်းညွှန်ချက်များလို့ ခေါ်တယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကနေ အသိအမှတ်ပြုပေးထားတဲ့ တခြားနိုင်ငံတွေမှာ ဆရာဝန်ပေါင်း ၄ဝဝ နီးပါးကိုသာ စစ်ဆေးခွင့် ပြုထားပြီး၊ သူ့တိုင်းပြည်ထဲမှာတော့ ဆရာဝန်ပေါင်း ၃ဝဝဝ လောက် သတ်မှတ်ထားပါတယ်။ Active tuberculosis လောလောလတ်လတ် တီဘီရှိနေ-မနေကို စစ်ဆေးတာ ဖြစ်ပါတယ်။ Chest X-ray ရင်ပတ်-ဓါတ်မှန် ရိုက်ပြီး၊ Classification worksheet ဆေးစာရွက်မှာ အဆင့်တွေ သတ်မှတ်ပေးထားပါမယ်။ တချို့ကို ချက်ချင်း ဆေးကုသဘို့နဲ့ တချို့ကို အခြေချနေထိုင်ပြီးနောက် ဆေးကုသပေးဘို့ ပါဝင်ပါတယ်။

(၁) Active TB လောလောလတ်လတ် တီဘီရှိနေတဲ့သူရဲ့ ဓါတ်မှန်ဆိုတာ -
1. Infiltrate or Consolidation အဆုပ်ထဲက Airspaces လေနေရာမှာ Opacification ပိတ်နေမယ်၊ ထူထဲနိုင်တယ်။ ကွက်ကြားဖြစ်နိုင်တယ်။ အနားသတ်လဲ Irregular margins ညီတူညာတူ ဖြစ်ချင်မှ ဖြစ်မယ်။ Haziness ခပ်ဝါးဝါးနေမယ်။

2. Cavity အဆုပ်ထဲမှာ အခေါင်းဖြစ်နေတာ၊ Darkened area မဲနေတာ။ မညီညာတဲ့ အနားသတ်က ရှိချင်မှ ရှိမယ်။ ရှိချင်လဲရှိမယ်။ သူ့ဘေးမှာ Airspace consolidation လေနေရာ ပိတ်နေတာနဲ့ Infiltrates တိုးပွါးလာတာတွေ၊ Nodular or Fibrotic (Reticular) densities အစိုင်အခဲဖြစ်တာ၊ အမာရွတ်ဖြစ်တာတွေ ရှိနေမယ်။ မဲနေတဲ့နေရာရဲ့ ဘေးကလဲ ထူနိုင်တယ်၊ ပါးနိုင်တယ်။ အခေါင်းဘေးမှာ Calcification ထုံးဓါတ်ဖြစ်စဉ် ရှိချင်ရှိနေမယ်။

3. Nodule with poorly defined margins အဆုပ်ထဲမှာ အနားသတ် မရေရာတဲ့ အစိုင်အခဲ။ ခပ်ဝိုင်းဝိုင်း ဖြစ်နေတာကို Tuberculoma လို့ခေါ်တယ်။ အနားသတ် ထင်ရှားနိုင်တယ်။ ဝေဝါးနိုင်တယ်။ ဘေးမှာ Haziness ခပ်ဝါးဝါး ဖြစ်နေရင် လေနေရာ-ခဲပိတ်နေတာ ဖြစ်မယ်။

4. Pleural effusion အဆုပ်အိတ်ထဲ အရည်အောင်းခြင်း။ သိသိသာသာရှိနေရမယ်။ ချွန်ရမဲ့ ဒေါင့်က တုံးနေရုံသာ မဟုတ်ဘူး။ ကလေးဆိုရင်တော့ ဒေါင့်တုံးနေရင် ရောဂါလောလောလတ်လတ် ဖြစ်နေတာလို့ သတ်မှတ်တယ်။
5. Hilar or Mediastinal lymphadenopathy အဆုပ်အဝင်နေရာ ဒါမှမဟုတ် အဆုပ်နှစ်ခုကြားနေရာမှာ တက်စေ့တွေ ရောင်-ကြီးနေတာကို Bihilar lymphadenopathy လို့ ခေါ်တယ်။
6. Linear, Interstitial disease ကလေးတွေမှာ မျဉ်းကြောင်းတွေလို ထင်ထင်ရှားရှား ဖြစ်ပေါ်နေမယ်။

7. တခြားတွေ့ရှိချက်တွေ။ ပျံ့နေတဲ့ တီဘီMiliary TB ဆိုတာ အစိုင်အခဲ-အသီးငယ်လေးတွေ အများကြီး 1-2 mm လောက် အဆုပ်အနှံ့မှာ ရှိနေမယ်။

တီဘီရောဂါကို ဓါတ်မှန် တခါတည်း ရိုက်တာနဲ့ မလုံလောက်ပါ။ လိုမယ်ထင်ရင် Sputum smears သလိပ်စစ်ရမယ်။ ဒါကြောင့် ဓါတ်မှန်မှာ အောက်က အချက်တွေ ရှိမနေပေမဲ့
• The presence of signs or symptoms of TB (Class B1) ရောဂါလကဏာတွေရှိနေရင်၊ ဒါမှမဟုတ်
• Sputum smears positive for AFB (Class A) သလိပ် ပိုးတွေ့ရင် active TB လောလောလတ်လတ် ရောဂါ ရှိသူလို့ သတ်မှတ်တယ်။

(၂) Inactive TB အရင် တီဘီဖြစ်ဘူးထားသူ၊ လောလောဆယ် ရောဂါမရှိသူ
1. Discrete fibrotic scar or linear opacity အဆုပ်ထဲမှာ အမာရွတ် ခပ်ဝါးဝါး ဒါမှမဟုတ် မျဉ်းကြောင်းလို ခေါင်းပိတ်ဖြစ်နေတာ။ အနားသတ်က ထင်ရှားတာသိသာမယ်။ ဒါပေမဲ့ Airspace opacification လေနေရာ ပိတ်တာနဲ့ Haziness ဘေးနေရာ ခပ်ဝါးဝါးဖြစ်နေကို မဆိုလိုဘူး။ Calcification ထုံးဓါတ်ဖြစ်စဉ် ရှိချင်ရှိမယ်။ Fibrocalcific scar လို့ ခေါ်တယ်။

2. Discrete nodule(s) without calcification ဆိုတာ Nodular densities အစိုင်အခဲလိုစုဝေးမှု တခုဖြစ်ဖြစ် အများကြီးဖြစ်ဖြစ် ရှိနေမယ်။ Distinct borders နယ်နိမိတ်သပ်သပ်ရှိမယ်။ ဒါပေမဲ့ ဘေးမှာ Airspace opacification လေပိတ်နေတဲ့သဘော မရှိရဘူး။ Nodules အစိုင်အခဲလေးတွေက လုံးဝိုင်းနေမယ်။ Infiltrates ပွါးတိုးလာမှုမျိုး နဲ့ Airspace opacities လေပိတ်နေတဲ့သဘောနဲ့ ခြားနာတဲ့အချက်ဖြစ်တယ်။ Non-calcified ဒီအစိုင်အခဲလေးတွေဟာ ထုံးဓါတ်ဖြစ်စဉ် မရှိဘူး။ ထုံးဓါတ်ဖြစ်စဉ် ရှိနေရင် အတန်းအစား ခြားနားပြီ။ တခြားဓါတ်မှန် တွေ့ရှိချက်များ ဆက်လက်ကုသဘို့ မလိုသူများစာရင်းထဲ ရောက်သွားမယ်။

3. Discrete fibrotic scar with volume loss or retraction ဆိုတာ အဆုပ်အပေါ်ပိုင်းမှာ မျဉ်းကြောင်းလိုက် အမာရွတ်အစိုင်အခဲ ခပ်ဝါးဝါးဖြစ်နေတယ်။ အဆုပ်အပေါ်ပိုင်းမှာ နေရာကျဉ်းနေမယ်။ ဒါနဲ့အတူ အဆုပ်အစိတ်အပိုင်းတွေကြားလွှာနဲ့ အဆုပ်အဝ (အဝင်) နေရာတွေက အထက်ဆီ တက်နေမယ်။ အဆုပ် ဘယ်နဲ့ ညာ မတူဖြစ်နေမယ်။

4. Discrete nodule(s) with volume loss or retraction ဆိုတာ အနား သတ်သတ် မှတ်မှတ်ရှိတဲ့ အစိုင်အခဲလေးတွေ တခု ဒါမှမဟုတ် အများဟာ ဘေးမှာ လေနေရာ ပိတ်နေတာ မရှိဘူး။ အဆုပ်အပေါ်ပိုင်းမှာ နေရာကျဉ်းနေတာ မရှိရဘူး။ အစိုင်အခဲလေးတွေဟာ လုံးဝန်းနေမယ်။ အနားသတ်တုံးနေမယ်။

5. တခြားတွေ့ရှိချက်တွေဆိုတာ Bronchiectasis ခေါ်တဲ့ လေပြွန်ကြီးတွေ ကျယ်နေတာနဲ့ နံရံတွေ ထူနေတာ။

(၃) တခြားဓါတ်မှန် တွေ့ရှိချက်များ

(က) ဆက်လက်ကုသဘို့ လိုသူတွေ
1. Musculoskeletal abnormalities ရင်ခေါင်းနံရံက အရိုးတွေ ပုံမှန်မဟုတ်တာ။ အရိုးကျိုးနေတာ၊
2. Cardiac abnormalities နှလုံးပုံမှန်မဟုတ်တာ။ နှလုံး ကြီးနေတာ၊ သွေးကြောကြီးတွေ ပုံမှန်မဟတ်ုတာ။
3. Pulmonary abnormalities အဆုပ်ထဲမှာ တီဘီမဟုတ်တာ ဥပမာ အကျိတ် တွေ့တာ။
4. အဲဒါတွေ မဟုတ်ဘဲ ဆေးကုသဘို့ လိုအပ်တယ်လို့ ဆရာဝန်ကသတ်မှတ်တာ။

(ခ) ဆက်လက်ကုသဘို့ မလိုသူတွေ

1. Pleural thickening အဆုပ်အဖုံးလွှာ ထူထဲနေတာ။ ထုံးဓါတ်ဖြစ်နေတာ။

2. Diaphragmatic tenting ရင်ခေါင်း နဲ့ ဝမ်းဗိုက်ကိုပိုင်းခြားထားတဲ့ (ဒိုင်ယာဖရမ်) ကြွက်သားကြီးကို အထက်ကနေ ကြိုးနဲ့ဆွဲထားသလိုဖြစ်နေတာ။

3. Blunting of costophrenic angle နံရိုးနဲ့ ဒိုင်ယာဖရမ်ဒေါင့်ချွန်က တုံးနေတာ။ တဖက်ဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ်၊ လူကြီးမှာဖြစ်နေတာ။ ကလေးမှာဆိုရင် ဒီလိုဖြစ်တာက လောလောလတ်လတ် တီဘီလို့ သတ်မှတ်တယ်။ တကယ်လို့ ဒေါင့်ချွန် တုံးနေတာသာမကဘဲ အရည်တွေ များများ အောင်းနေတာပါရှိရင် လူကြီးရော ကလေးပါ လောလောလတ်လတ် တီဘီဖြစ်နိုင်တယ်။

4. Solitary calcified nodules or granuloma ထုံးဓါတ်အစုအဝေ သန့်သန့်လေးဖြစ်ဖြစ် တက်စေ့မှာ ထုံးဓါတ်ဖြစ်နေတာဖြစ်ဖြစ် အဆုပ်ထဲ၊ Hila အဆုပ်အဝ၊ Mediastinum အဆုပ်ကြား နေရာတွေမှာ ရှိနေတာ။ အနားသားက ထက်နေမယ်။ သိသာမယ်။ သပ်သပ်မှတ်မှတ်ရှိနေမယ်။ ဒါမျိုးကို Class B3 ခေါ်တယ်။ TB in the past အတိတ်ကာလ တီဘီခေါ်တယ်။

5. Minor musculoskeletal findings တခြား အရေးမပါတဲ့ ကြွက်သားနဲ့ အရိုင်းပိုင်း တွေ့ရှိချက်တွေ။

6. Minor cardiac findings တခြား အရေးမပါတဲ့ နှလုံး တွေ့ရှိချက်တွေ။

လက်တွေ့ကျတာကို ပြောပါရစေ။ တီဘီရောဂါဟာ သက်သာလာတာနဲ့ ကိုယ်အလေးချိန် တက်လာမယ်။ အသားအရေ ညိုတိုတို ဖြစ်လာမယ်။ ဆေးတွေကြောင့်ပါ။ ဆေးတွေ ရပ်ချိန်ကျလို့ ရပ်လိုက်တဲ့နောက်မှာ တဖြေးဖြေးနဲ့ အသားအရေ နဂိုအနေ စိုပြေလာမယ်။ ဆရာဝန်အချင်ချင်း အပြစ်ပြောရာတော့ ကျချင်ကျနေမယ်။ ဓါတ်မှန်တချပ်တည်းနဲ့တော့ အကဲဖြတ်လို့ မရသေးပါ။ အခုဖြစ်နေတဲ့ တီဘီလား၊ ကုသထားလို့ ပျောက်နေတဲ့ အမာရွတ်ထင်နေတာလားလို့ ခွဲခြားနိုင်အောင် တခြား စမ်းသပ်မှုတွေ လိုသလို အတွေ့အကြုံလဲ လိုပါတယ်။ ဒုတိယအကြံဥာဏ်လိုတယ်။ အဟောင်းတိုင်း မကောင်းဘူထင်တာ မမှန်ပါ။

Dr. တင့်ဆွေ
၂၇-၅-၂ဝ၁၂
၂၉-၁၂-၂ဝ၁၇

နှမ်းဖတ်ချဉ်ဋီကာ

နှမ်းဖတ်ချဉ်စာရေးတော့ နှမ်းဖတ်နဲ့ ပဲဖတ်ကို ခွဲခြားပြောကြတယ်။ အရင်တင်စဉ်ကလည်း အဲလိုကွန်မင့်တွေလာပါတယ်။ အရောင်မတူတာကို ထောက်ပြကြတယ်။ ဆီးကြ...