My Room စည်းစနစ်
မင်္ဂလာပါဆရာ။ ကျွန်တော်က့ ပါ။ အသက်၂၄ နှစ်ပါ။ ဧရာဝတီတိုင်း မြန်အောင်မြို့မှာနေပါတယ်။ ကျွန်တော်က ဗဟုသုတအဖြစ်သိချင်လို့ပါဆရာ။ ဆရာ့ဆီကို မေးခွန်းတွေမေးကြတဲ့အခါ ဆရာက အချက်အလက် တိတိကျကျနဲ့ ပြန်ဖြေပေးတာကိုတွေ့ရပါတယ်။ အဲ့ဒိလို များပြားလှတဲ့အချက်အလက်တွေကို ဘယ်လိုဘယ်ပုံ သိမ်းဆည်း ထားတယ်ဆိုတဲ့ စနစ်တကျ သိမ်းဆည်းပုံ သိမ်းဆည်းနည်းကို သိချင်လို့ပါဆရာ။ အဆင်သင့်ရင် ဖြေပေးပါဆရာ။ ကျေးဇူးတင်ပါတယ်။
စာတပုဒ်ရေးမယ်ဆိုရင် အရင်ကမသိသေးတာအတွက် ရီဆာ့ခ်ျ ခေါ် လေ့လာမှု အရင်လုပ်ရပါတယ်။ ရှာဖတ်တယ်။ ဘယ်ကနေ ရှာမလဲတော့ ခိုင်မာမှုကို မှန်းဆရတယ်။ ၁-၂-၃ ခုလောက်ရှာရတယ်။ အဲတာတွေထဲက သင့်တာတွေ ရွေးထုတ်ပြီးရင် ဘာသာပြန်ရတယ်။ ကိုယ့်အတွေ့အကြုံရှိတာဆိုရင် ရောစပ်ရေးတယ်။ ဖတ်တဲ့သူတွေအတွက် အနေတော်လောက် ကျဉ်းရတယ်။ သုတေသနတွေက ယူအက်စ်အေ နဲ့ ယူကေနိုင်ငံတွေကဖြစ်လို့ မြန်မာပြည်နဲ့ အပ်စပ်တာကိုလည်း ခွဲခြားပြရတယ်။
ရေးချွတ်ပြီးရင် ဖိုင်သိမ်းထားတယ်။ ဖေ့စ်ဘွတ် ၃ နေရာနဲ့ ဘလော့မှာတင်တယ်။ နောင်ပြန်ဖတ်လို့ စာရိုက်ကျတာ သတ်ပုံမှားခဲ့တာနဲ့ နောက်ထွက်သုတေသနအရ ကွဲလွဲတာတွေ့တိုင်း ပြင်ပြင်နေရတယ်။ ဒါကြောင့် ကျွန်တော့်စာတိုင်းမှာ နေ့စွဲပါတယ်။
သိမ်းထားတဲ့ဖိုင်တွေကို မပျောက်ပျက်အောင် အရံ ဒစ်မှာ သိမ်းထားရသေးတယ်။ ကွန်ပြူတာတွေက ၂ နှစ်ကျော်ရင် မဟန်တော့လို့ ပြန်ရှာမရတော့တဲ့ဖိုင်တွေကို အတော်နှမြောမိတယ်။ ဘလော့ပျက်သွားတာတွေလည်း ၄-၅ ခုလောက် ရှိတယ်။ နှမြောတယ်။ ဘလော့တွေ ဝဘ်ဆိုက်တွေ ပေါ်စမှာ ရေးရတာ အတော်ကိုလက်ဝင်ခဲ့တာ။ ခုတော့ လွယ်လာပြီ။ ပျက်သွားတဲ့ ဘလော့နဲ့ ဝဘ်ဆိုက်တွေမှာလည်း စာအဟာင်းတွေရှိတယ်။ ဖတ်ရပြီး ပြင်လို့မရတာတွေ။ တချို့က အဲတာတွေကို ကူးယူနေကြတယ်။ သတိတော့ ပေးတာပဲ။
အချက်အလက်စုဆောင်းနည်းကတော့ သူများတွေနဲ့မတူပါ။ မြန်မာစာနဲ့ သမိုင်းသုတအတွက် ဟောင်းပေဆိုတဲ့ စာအုပ်တွေကို မှီငြမ်းပြီး ဆေပညာမှာတော့ သစ်ပေဆိုတာတွေကို အားကိုးတယ်။ နိုင်ငံရေးမှာတော့ အဟောင်းရော အသစ်ရော။ အကိုးအကားမှားတာ ဆရာတင်မှားသလို လူပေါင်းမှားသလိုပဲ။
ဘာမဆို စနစ်ထားရင် လွယ်ကူတယ်။ အချိန်ကုန်သက်သာတယ်။ မေးနည်းစည်းကမ်းကို လျှာရှည်ပြီးလုပ်ထားတာ မဟုတ်ပါ။ ကျွန်တော့်အဖြစ်က မျက်ကန်းကနေ ဆေးကုရသလို။ မေးတဲ့သူကို အရင်ဆုံး အထီး-အမ သိချင်တယ်။ ကန်တော့ပါ။ အသက် သိချင်တယ်။ အမျိုးသမီးဆိုရင် ဆိုင်တာတွေသိချင်တယ်။ မရှင်းရင် ထပ်မေးရတယ်။ ထည့်မပြောတာကို မှန်းကြည့်ရတယ်။ ဥပမာ အိမ်ထောင်မရှိဆိုပေမဲ့ အဲတာနဲ့ မရတာရှိနိုင်တယ်။ သူငယ်ငယ်က မိဘတွေသာသိလောက်တာ ရှိနိုင်တယ်။ မိဘတွေတောင် မသိလောက်တာမျိုးလည်း စဉ်းစားရတယ်။ ဥပမာ အပျိုစစ်ခြင်းစာမှာ ထည့်ရေးတာမျိုး။
မေးခွန်းကို ဖတ်နေရင်းနဲ့ တဆင့်ပြီးတဆင့် ရောဂါအမည် သိလာစေတယ်။ ယောက်ျားဆိုရင် အမျိုးသမီးရောဂါတွေကို ဖယ်ထုတ်နိုင်ပြီ။ ကလေးဆိုရင် လူကြီးရောဂါတွေဖယ်ထုတ်နိုင်တယ်။ သွေးဆုံးဆိုရင် ကိုယ်ဝန်နဲ့ဆိုင်တာတွေ မလိုတော့။ အရွယ်သိတာနဲ့ ဟော်မုန်းတွေကို မှန်းနိုင်တယ်။
ပင်တော့ ပင်ပန်းတယ်။ ကိုယ့်အခန်း ရှုတ်ထွေးပေပွနေတာကို ရှင်းလင်းပြီးရင်ဆော့ နေရထိုင်ရ အိပ်စက်ရတာ အလွန်နှစ်ခြိုက်စရာ ကောင်းပါတယ်။ ဧည့်သည်တွေလည်း လာလို့ရပြီ။ မေးသမျှ ဖြေပါတော့မယ်။
ဒေါက်တာတင့်ဆွေ
၂၄-၁၂-၂ဝ၁၇

Comments
Post a Comment