Stay Humble သခွတ်ပွင့်
လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ရေးခဲ့တဲ့စာ။ တခုခုပြန်ရှာရင်း တွေ့လာလို့။ သခွတ်ပွင့်ခြောက်လေးကို ပြုတ်ပြီး ခရမ်းချဉ်သီး ငပိချက်လေးကို မလွမ်းဘူးလားဆရာလို့ မေးတာနဲ့ရေးဖြစ်တယ်။
သခွတ်ပင်မမြင်ရတာ ၂၇ နှစ်ကျော်ပြီ။ ပြည်တွင်းမှာနေစဉ်က သခွတ်ပွင့်ကို ကိုယ်တိုင်ကောက်ဖူးတယ်။ မြို့သာကနေ ငါန်းဇွန်ကိုသွားတဲ့လမ်းမှာ အပင်တွေရှိတယ်။ ကျွန်တော်တို့ငယ်ငယ်က ဟင်းငုတ်ပွင့်လို့ခေါ်တယ်။ သီချင်းနားထောင် စာတွေဖတ်မှ သခွတ်ပွင့်လို့သိလာတာ။
ဆရာဝန် အလုပ်ဝင်ကာစ၊ ဒုတိယနေရာ မြို့သာမှာ တိုက်နယ်ဆရာဝန်လုပ်ရတယ်။ ၂-၃ နှစ်နေတော့ ဂျစ်ကားလေးတစီး ဝယ်နိင်လာတယ်။ ငါန်းဇွန်းကို လခထုတ်တိုင်းနဲ့ တရားရုံးအစစ်ခံစရာရှိတိုင်း၊ သမဝါယမကနေ ဆေးထုတ်စရာရှိတိုင်း ကိုယ့်ကားလေး မောင်းသွားရတာများတယ်။ ငါန်းဇွန်မှာ ဆရာဝန်မရှိတဲ့အခါ ကိုယ်တယောက်တည်းက တမြို့နယ်လုံးကို တာဝန်ယူရလို့ မှုခင်းကေ့စ်လာတယ်ဆိုရင် ကားလေးမောင်းပြေးရတယ်။ ကားလေးလည်း ဖွတ်ဖွတ်ညက်ညက်ကိုကျေလို့။ ကျွန်တော်က အတော်ညံ့တယ်။ ခရီးစရိတ် မထုတ်တတ်ပါ။ နိုင်ငံရေးလုပ်တော့လည်း မြို့နယ်ပါတီရုံး၊ ရွေးကောက်ပွဲမှာ ကုန်တာကျတာအားလုံး အိတ်ထဲကစိုက်တယ်။ နိုင်ငံရေးထဲဝင်လုပ်မယ်ဆိုပြီး အစိုးရဆရာဝန်အလုပ်က ထွက်တော့လည်း ၁၅ နှစ် လုပ်ထားတာအတွက် ဘာခံစားခွင့်မှမရပါ။ (ဆမ) သာအသိမ်းခံရတယ်။
ပြည်ပရောက်စနှစ်တွေမှာ ဇနီးဆီကနေ လိုတာမှာသုံးရတယ်။ ၂ဝဝ၇ ကတည်းက အထောက်အပံ့တွေ အကုန်ဖြတ်တော့ ဒေလီမှာရှိတဲ့ NCGUB ရုံးကို ၂ နှစ်တိတိ ဆက်ဖွင့်နိုင်အောင် ကိုယ့်ဖါသာကိုယ် ဖန်တီးခဲ့ပါတယ်။ ကျွန်တော့်ကို NLD/LA ထဲမှာ စွပ်စွဲတော့ အဖွဲ့ပိုင်ငွေအလွဲသုံးစားတယ်တဲ့။ အမေရိကမှာအခြေချဘို့ နောက်ဆုံးအဆင့်မှာ ကျွန်တော့်က ယူအက်စ်မှာ အိမ်ဝယ်ထားတယ်လို့ အမေရိကန်သံရုံးကို တိုင်စာပို့တာခံရတယ်။ တိုင်တာကလည်း အဲဒီအုပ်စုထဲကပါပဲ။ ကျွန်တော့်မှာ ဓနဥစ္စာဆိုတာ အတော်အကျိုးမပေးပါ။ တကယ်လို့သာ အလွဲသုံးစားလုပ်ခဲ့ရင် အခုလို ခေါင်းအေးအေး နေနိုင်နိုင်မှာမဟုတ်ပါ။
ကျွန်တော့်နိုင်ငံရေးဟာ သခွတ်ပွင့်လိုပါပဲ။ ကိုယ့်လက်နဲ့ ကောက်ယူလို့ရတယ်။ အရသာခါးပေမယ့် ခံတွင်းတွေ့တယ်။ အပင်ပေါ်မှာ အပွင့်တွေ ဖြူဖွေးနေတာကြည့်လို့ကောင်းလှတယ်။ သခွတ်ပင်မမြင်ရတာ ၂၇ နှစ်ကျော်ပြီ။
ဒေါက်တာတင့်ဆွေ
၁၃-၂-၂ဝ၁၆
၃ဝ-၁၂-၂ဝ၁၇

Comments
Post a Comment