Cholecystectomy Q and A သည်းခြေအိတ် ထုတ်ထားသူ

အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်နိုင်ပါတယ်။ ဆောရီး။

၁။ ဆရာ မင်္ဂလာပါရှင့် သမီးသည်းခြေကျောက်တည်လို့ခွဲစိတ်မှုခံထားတာ ၁၄ ရက် ပြည့်ပါပြီ သည်းခြေအိတ်ပါ ထုတ်လိုက်ရပါတယ်။ ခွဲစိတ်ပြီး အစားတွေအများကြီးစားနေပါတယ်။ ခဏခဏလည်းဗိုက်ဆာနေတတ်တယ်။ အရင်တုန်းကဆို အစားသိပ်မစားနိုင်တဲ့သူပါ။ အခုအရမ်းကို အစား စားနေပြီး စားပြီးတိုင်းလည်း အသက်ရှုမဝသလို ခံစားရပါတယ်ရှင်။ ခွဲထားတဲ့နေရာဖြစ်တဲ့ ချက်အထက်မှာလည်း ရောင်သလိုဖောင်းနေပါတယ်။ နာကျင်မှုတော့မရှိပါ ပုံမှန်မဟုတ်ဟု ခံစားရပါတယ်ဆရာ။ ခွဲပြီးမှ ဖြစ်လာတာဖြစ်တဲ့အတွက် တခြားရောဂါဖြစ်ပေါ်မှုရှိ မရှိသိချင်ပါတယ်ဆရာ။ ဆရာ့ကို ချစ်ခင်လေးစာလျက်ပါ။ ဆရာကျန်းမာပါစေရှင့်။

အသက်ကို မပြောပါ။

၂။ ဆရာရှင့် ကျမ၏မိခင် အသက်က ၅၁ ပါ။ သည်းခြေအိတ်မှာ ကျောက်တည်သောကြောင့် ခွဲထုတ်ခဲ့ရပါတယ်။ ကျောက်အကြီးဆုံး 14mm ပါ။ အသေးလေး 2 လုံးပါပါတယ်။ ဆရာဝန်က သည်းခြေကျောက်တည်တာ သည်းခြေပါရောင်နေလို့ သည်းခြေထုတ်ခိုင်းပါတယ်။ ခု သည်းခြေထုတ်ထားရပါတယ်။ ဆန်ပြုတ်ပဲသောက်ရပါတယ်။ သည်းခြေအိတ်ထုတ်ထားရင် နောက်ဆက်တွဲ ဘာတွေဖြစ်တတ်သလဲ ဘယ်လိုနေရမလဲ သိချင်တာပါ။ ဘာတွေ စားသင့်ပါသလဲ သိပါရစေရှင့်။

၃။ သည်းခြေအိတ်ထုတ်ထားပါတယ်ဆရာ။ မကြာခဏအရက်သောက်နေရင် ဘာတွေဖြစ်လာနိုင်မလဲဆရာ။

အသက်-ကျား-မ မပြောပါ။

၎။ သည်းခြေ ကျောက်တည်နေသော ဝေဒနာ နောက်ဆက်တွဲအကြောင်း သိလိုပါသည်။ သည်းခြေထုတ်ပစ်လိုက်ပါက လူ့သက်တန်းစေ့ နေနိုင်ပါသလားဆရာ။ ခန္ဒာကိုယ်တွင် သည်းခြေသည် အရေးကြီးသည့် အပိုင်းတွင် ပါဝင်သည့်အတွက် သည်းခြေ ထုတ်ပစ်လိုက်ပါက ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို သိလိုပါသည်။

အသက်-ကျား-မ မပြောပါ။

၅။ ဆရာရှင့် သည်းခြေအိတ်ရောင်ရင် ဘယ်လို sign တွေပြပြီး ဘာတွေ သတိထားသင့်ပါသလဲရှင့်

အသက်-ကျား-မ မပြောပါ။

၆။ ဆရာခွဲပြီး fAME ကသည်းခြေကျောက်ပျော်ဆေး ဆက်သောက်သင့်ပါသလား။ ဘယ်လို နေထိုင်စားသောက်ရမှာလဲ။ ဆက်ဖြစ်မှာစိုးလို့ပါ။ ခွဲစိတ်မူက ဗိုက်မှာအပေါက် ၄ ပေါက်ဖောက်ပြီး ခွဲထုတ်ထားပါတယ်။

အသက်-ကျား-မ မပြောပါ။

မေးခွန်းတွေထဲက (အိတ်)၊ (ဆိုးလို့) သတ်ပုံတွေကိုပြင်ထားလိုက်ပါတယ်။ အရပ်ဆေးတွေ ကြော်ငြာဆေးတွေမှာ ဆေးသုတေသန မရှိကြပါ။ အကြိမ်ပေါင်းများစွာ နေ့စဉ်နေ့တိုင်းရေးပြနေပါတယ်။

လူတိုင်းမှာ အသည်းရဲ့အောက်ကပ်နေတဲ့ သည်းခြေရည်ထုတ်ပေးမဲ့ Gallbladder သည်းခြေအိတ်တခုစီရှိကြတယ်။ Cholecystectomy ဆိုတာ သည်းခြေအိတ်ထုတ်ရတာကိုခေါ်တယ်။ အများဆုံးက Gallstone ကျောက်တည်လို့ပါ။ အစဉ်အလာ Open cholecystectomy နဲ့ နောက်ပေါ် Laparoscopic cholecystectomy နည်းတခုခုနဲ့ ထုတ်တယ်။ ထုတ်လိုက်တဲ့ သည်းခြေအိတ်ကို ကင်ဆာရှိနေ-မနေ Biopsy လုပ်သေးတယ်။

Bile ဆိုတဲ့ သည်းခြေရည်ဟာ ဆီ-အဆီကို ကျေချက်ဘို့ အဓိကကျတယ်။ ဒါပေမဲ့ သူ့ကို ထုတ်လိုက်ရင် သိပ်မစိုးရိမ်ပါနဲ့။ Bile ကို အသည်းကနေလည်း ဆက်ထုတ်နေမှာပါ။ အရင်ကတော့ အစာစားချိန်ရောက်မှ သည်းခြေအိတ်ထဲက သည်းခြေရည်ကို ညှစ်ထုတ်ပေးခဲ့တာ။ သိုလှောင်ထားပေးမဲ့ အိတ်တော့မရှိတော့လို့၊ တစက်တစက်နဲ့ ဖြေးဖြေးလေး အူသိမ်ထဲကို တိုက်ရိုက်စီးကျနေပါမယ်။ သရက်ရွက်ပြွန်နဲ့ သည်းခြေပြွန်တွေက နှစ်ခုတခု ဆက်နေလို့ သရက်ရွက်က ထွက်တဲ့ အရည်တွေကိုပါ နှေးသွားစေတယ်။

သည်းခြေအိတ် မရှိတော့လည်း လူအများစုဟာ နေကောင်းတဲ့လူတွေနဲ့မခြား နေနိုင်ကြပါတယ်။ ဗိုက်ပြည့်သလို ဖြစ်တာက တခြားသူတွေလည်း ဖြစ်တတ်တာမျိုးပါ။ ကွာတာက အစားကို များများစားလိုက်ရင် ဆီ-အဆီတွေကို နိုင်အောင် မချက်နိုင်တော့ဘူး။ သည်းခြေအိတ်ထုတ်လိုက်ရတဲ့လူနာ ၁ဝ-၂ဝ% မှာ နာတာရှည်ဝမ်းပျက်တာ ဖြစ်လာစေတယ်။ သည်းခြေရည်တွေက အူသိမ်ထဲကို ဆက်ဆင်းကျနေတာကြောင့် အစာတွေကို အောက်ပို့တဲ့နှုံး ပြောင်းသွားစေလို့ ဖြစ်ရတာပါ။ ၄ဝ% လောက်မှာ အစာလမ်းမမှန်တာနဲ့ ဗိုက်အပေါ်ညာဘက်က နာနေတတ်တာ ဖြစ်တယ်။

ဘာစားရမလဲ။ ပုံမှန်စားသလို စားပါလို့ ယေဘူယျပြောနိုင်တယ်။ ယာယီအားဖြင့် အစာမကျေ ဖြစ်တတ်တယ်။ စပ်တဲ့ အစာကို ထူးပြီးတော့ ရှောင်စရာ မလိုပါ။ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင် A, D, E, K တို့ကို ထိခိုက်တယ်။ လိုအပ်ရင် ဆေးနဲ့ ဖြည့်နိုင်တယ်။

• Milk sugar (lactose) နွားနို့လျှော့ဘို့ အကြံပေးတယ်။
• နည်းနည်းသာ စားသင့်တာတွေက ဆီ-အဆီများတာ၊ ကျော်တာ၊ အစေ့အဆံတွေဖြစ်တယ်။
• လေများစေတဲ့ မုန်လာစတာတွေကို လျော့ပါ။
• စားနိုင်တဲ့ အစာမျိုးတွေကတော့ fish အရေခွံမပါတဲ့ အသားငါး။
• အလွယ် ဝယ်စားလို့ရတဲ့အစာ fast foods တွေကို လျှော့ပါ။
• ဆီ-အဆီ လျှော့စားရတာမို့ (ကယ်လိုရီ) ပြည့်အောင် ဂရုစိုက်ရလိမ့်မယ်။ Carbohydrate များတဲ့ အစာတွေကတော့ starches or sugars ပါတာတွေ ဖြစ်တယ်။
• Omega 3 fatty acids အိုမီဂါ သရီးပါစေအောင်လည်း ဂရုစိုက်ပါ။ ငါး၊ ပဲပုပ်တွေမှာ ပါတယ်။
• (ပရိုတင်း) လုံလောက်ပါစေ။ အသားပါး + ပဲတွေမှာပါတယ်။
• ခါတိုင်းလို တနေ့ ၃ ခါ မစားဘဲ၊ တခါစား နည်းနည်းနဲ့ ၄-၆ ခါ စားပါ။
• ဝမ်းလျှောတာများရင် ဓါတ်ဆားထုပ်သောက်ပါ။
• အသည်းကို မထိခိုက်အောင် အရက်ရှောင်သင့်တယ်။

Cholecystitis သည်းခြေအိတ်ရောင်ခြင်းလက္ခဏာများ
• ဗိုက် ညာဖက် အပေါ်ပိုင်းနေရာ အလွန်နာခြင်း၊
• နာတာက ညာဖက်ပခုံးဆီအထိဆက်နာခြင်း၊
• ဗိုက်မှာနာတဲ့နေရာကိုထိရင် ဖိရင် ပိုနာခြင်း၊
• ပျို့ခြင်း၊
• အန်ခြင်း၊
• ကိုယ်ပူခြင်း။

Cholecystectomy Q and A သည်းခြေအိတ် ထုတ်ထားသူ http://doctortintswe.blogspot.com/2015/01/cholecystectomy-q-and.html
Cholecystitis သည်းခြေအိတ်ရောင်ခြင်း http://doctortintswe.blogspot.com/2015/01/cholecystitis.html
Gallbladder cancer သည်းခြေအိတ်ကင်ဆာ http://doctortintswe.blogspot.com/2015/06/gallbladder-cancer.html
5. Gallstones သည်းခြေကျောက် http://doctortintswe.blogspot.com/2015/01/gallstones.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး