Arts and Science ဝိဇ္ဇာနှင့် သိပ္ပံ
ညီဖြစ်သူက သူအင်္ဂလိပ်စာသင်ပေးနေတဲ့ ကျောင်းသားတရာလောက်ကို မသိမသာဆန်းစစ်မှု လုပ်သတဲ့။ သူတို့ကြီးလာရင် ဘာဖြစ်ချင်သလဲကို ဖြေကြတာမှာ သိပ္ပံပညာရှင်ဖြစ်ချင်သူ တယောက်မှ မပါဘူးတဲ့။
ကျွန်တော်တို့ ငယ်ငယ်ကဆိုရင် ၅ တန်းမှာစသင်ရတဲ့ အထွေထွေသိပ္ပံဘာသာကို စိတ်ဝင်စားတယ်။ စွပ်ကြယ်အင်္ကျီမှာ လောကဓာတ်စာလုံး ကိုယ့်ဖါသာရိုက်ကြတယ်။ သပ်သပ်ရပ်ရပ်တော့ မရှိဘူးပေါ့။ ပယ်ရီစကုပ် လုပ်ကြည့်ဖူးတယ်။ မဖြစ်မြောက်ပါ။
သိပ္ပံဘာသာသင်ရင်းနဲ့ အိုဘီ ခေါ်တဲ့ စိတ်ကြိုက်မြန်မာစာယူတဲ့ ကျောင်းသားဆီက ငှားဖတ်တယ်။ အိုင်းစတိုင်းရဲ့ ရှုတ်ထွေးလွန်းလှတဲ့ နိယာမကို မြန်မာလိုရှင်းနေအောင် ဥပမာတွေပေး ရေးထားတယ်။ မီးရထားနှစ်စီးဟာ ပြေးနှုန်းမတူဘဲ၊ မြောက်အရပ်ကို တနာရီ ၂ဝ မိုင်နှုန်း၊ ၃ဝ မိုင်နှုန်းနဲ့ သွားနေကြတယ်။ ဘူတာမှာရပ်နေသူက ရထားတစီးက ၃ဝ နှုန်းနဲ့ မြောက်ဘက်ကို၊ တစီးက ၂ဝ နှုန်းနဲ့ မြောက်ဘက်ကို သွားနေတယ်လို့မြင်တယ်။ နောက်ကျနေတဲ့ ရထားပေါ်ကလူကတော့ ရှေ့ကရထားဟာ တနာရီ ၁ဝ မိုင်နှုန်းနဲ့ မြောက်အရပ်ကို သွားနေတယ်တဲ့။ ရှေ့ရထားပေါ်ကလူက နောက်ရထားဟာ တနာရီ ၁ဝ မိုင်နှုန်းနဲ့ တောင်အရပ်ကို သွားနေတယ်လို့ ပြောပြန်တယ်။ ဘယ်သူ မှန်ပါသလဲ။ သိပ္ပံတခုတည်းသာ ပညာမဟုတ်ပါ။
သိပ္ပံထဲကနေ နှိုင်းရအမှန်ဆိုတာ သင်လာ၊ ဖတ်လာရတော့ ပိုနားလည်သလိုပဲ။ တိုတယ်ဆိုတာ သူ့ထက် ရှည်တာနဲ့ နှိုင်းမှ တိုတာလို့ ခေါ်နိုင်တယ်။ မျဉ်းဖြောင့်ဆိုပြီး အကောင်းဆုံးပေတံနဲ့ ဆွဲထားပါစေ၊ တကယ်ဖြောင့်မနေဘူး။ လုံးဝန်းတဲ့ ကမ္ဘာကြီးပေါ်မှာသာရှိပြီး၊ ကမ္ဘာ့ဆွဲအားက သက်ရောက်နေတယ်။ အဲတော့ အဖြောင့်ဆိုတာ စာထဲမှာသာရှိတယ်။ သိပ္ပံအခြေခံပါလို့ ပိုရှင်းလင်းတယ်။
ကနေ့ခေတ်မှာ ဆေးသိပ္ပံမှာ အသစ်တွေ့ရှိတိုင်း စီးပွားဖြစ်ထွန်းတယ်။ Viagra ဆေးကို ၁၉၉၈ မတ်လ ၂၇ ရက်ကစပြီး ဆိုင်တင်ခဲ့တယ်။ ဒေါ်လာသန်းထောင်ကျော်စီးပွါးရေး ဖြစ်ပါတယ်။ သိပ္ပံပညာရှင်မဖြစ်ချင်ဘူးဆိုသူတွေကိုင်နေတဲ့ အိုင်ပဒ်တွေ၊ စမတ်ဖုန်းတွေ၊ တက်ဘလက်တွေ တီထွင်ထုတ်လုပ်လို့ရတဲ့ အမြတ်ဟာ ဒေါ်လာသန်းထောင်ကျော်ချည်း ဖြစ်တယ်။
ကနေ့လူငယ်တွေ သိပ္ပံပညာစိတ်ဝင်စားကြပါစေ။ သမိုင်းမှန် လေ့လာသူတွေဖြစ်ကြပါစေ။ စိတ်ကြိုက်မြန်မာစာကိုလည်း ကြိုက်ကြပါစေ။ ခုနေတော့ စွပ်ကျယ်မှာ ပညာလို့ ရိုက်ချင်တယ်။ သိပ္ပံရော ဝိဇ္ဇာပါ ပညာ။ အင်္ဂလိပ်စာလည်းပါတယ်။ မြန်မာစာလည်းပါတယ်။
ဒေါက်တာတင့်ဆွေ
၂၂-၁၂-၂ဝ၁၆
၂၂-၁၂-၂ဝ၁၇

Comments
Post a Comment