ပြာသိုနဲ့ ခွါညို

နတ်တော် ပြာသို ခွာညိုတည့် နှင်းမှုန်မှုန်။ နိုင်ငံရေးထဲရောက်ကတည်းက သိကျွမ်းခဲ့တဲ့ သွားဆရာဝန်တဦးက တင်ထားတာပါ။

နတ်တော်ကို ကျော်ခဲ့ပြီ။ ဒီကနေ့ ပြာသိုလဆန်း (၅) ရက်။ နတ်တော်ပြာသို ကြံဖျားချိုလို့ အဆိုရှိတယ်။ ကြံတွေဟာ အဖျားထိအောင်ချိုမြတယ်။ ပြာသိုလကို ပျားကိုရည်ညွှန်းတယ်။ သိုဝ် ဆိုတာ စုဆောင်းသိုလှောင်ခြင်းဖြစ်ပြီး၊ ပျားရည်၊ ပျားဖယောင်းတွေကို စုဆောင်းကြတယ်။

ပြာသိုလ၊ ဖုသျှနက္ခတ်၊ မိနလဂ်လို့ ရေးထိုးခဲ့တယ်။ ပြာသိုလတွင်း၊ မိုးညှင်းညှင်း၊ ဆီးနှင်းရောယှက်၊ နှမ်းတောင်ပျက်လို့ ဖွဲဆိုထားလို့ နှမ်းစိုက်တောင်သူတွေကို သတိပေးတယ်။

ပြာသိုလ်မှာ မြင်းခင်းသဘင်ပွဲကျင်းပခဲ့ကြတယ်။ ပင်းယခေတ် ငါးစီးရှင် ကျော်စွာမင်းက မြင်စိုင်းရွှေပြည် ကာချင်းမှာ နွယ်ပန်းခွာညို၊ ပွင့်ပေလို၊ ပြာသိုဆောင်းလလယ်၊ ယရည်သွန်းသွန်း၊ မြင်းသည်ဝန်း၊ လှံချွန်းတွန်းတက်ပယ်လို့ ဖွဲ့ဆိုခဲ့တယ်။

၁၉၄၈ ခုနှစ် ဇန္နဝါရီလ (၄) ရက်နေ့ နံနက် ၄ နာရီ မိနစ် ၂ဝ မှာ မြန်မာနိုင်ငံဟာ လွတ်လပ်တဲ့နိုင်ငံအဖြစ်ရောက်ရှိတယ်။ မြန်မာနှစ် ၁၃ဝ၉ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက်၊ တနင်္ဂနွေနေ့ဖြစ်ပါတယ်။

ယောက်ျား ဝါဆို၊ မိန်းမ ပြာသို အဆိုရှိတယ်။ ပြာသိုလပြည့်ကို မြန်မာပြည်မှာ အမေနေ့လို့ သတ်မှတ်တယ်။
ကျွန်တော်ကတော့ ပြာသိုအချမ်း၊ တဘက်နိုင်ငံက အချုပ်ခန်းထဲမှာ ကိုယ့်အမေနဲ့ ကိုယ့်အမိမြေကို လွမ်းခဲ့ တမ်းခဲ့ဖူးတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၁၂-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး