Breast Enlargement ရင်သားအမေး

(ကန်တော့ပါ)

၁။ မင်္ဂလာပါ ဆရာရှင့်။ ဆရာ့ကိုမေးရမှာ အားနာပေမဲ့ ဆရာ့ကိုပဲအမြဲမေးနေကြမို့ပါ။ ကျွန်မသည် အသက် ၂၂၊ ကလေးတယောက်ရဲ့အမေဖြစ်ပါတယ်ရှင့်။ ကလေးလေးနှစ်နှစ်ကျော်ပါပြီ။ ကလေးနို့ဖြတ်ပြီးကတည်းက ရင်သား မရှိတော့တာကြောင့် ရင်သားကြီးချင်ပါတယ်ရှင့်။ ဘာကြောင့်အဲ့လိုဖြစ်ပြီး ဘယ်လိုလုပ်ရမလဲရှင့်။ ကောင်းတဲ့လိမ်းဆေး သောက်ဆေးလေးတွေ ညွန်ပေးပါရှင့်။ သူများရောင်းနေတဲ့ဆေးတွေကို စွတ်ဝယ်မလိမ်းရဲလို့ပါရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

၂။ မင်္ဂလာပါဆရာ ကျွန်မရင်သားကြီးစေတယ်ဆိုတဲ့ဆေးအကြောင်းတွေသိချင်လို့ပါ။ လိမ်းဆေးရော သောက်ဆေးတွေပါ ရှိပါတယ်။ ဘယ်လိုဆိုးကျိုးတွေရမလဲရှင့်။ ဆရာဝန်တွေ အသိအမှတ်ပြုထားတဲ့ ရင်သားကြီးတာနဲ့ပတ်သက်တဲ့ ဆေးတွေများရှိမလား သိချင်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်ဆရာ။

မေးခွန်းမေးသူ အသက် မသိ။ ရာသီ မသိ။ အိမ်ထောင်ရေးမသိ။ ကျန်အချက်အလက်တွေ မသိ။ ပုံကတော့ ကြော်ငြာဆေးဖြစ်တာ သိတယ်။ အဲလိုဆေးတွေ အများကြီးရှိတယ်။ မေးကြတယ်။

၃။ သမီးတို့သူငယ်ချင်းတွေက အိမ်ထောင်သည်တွေပါဘဲရှင့်။ ကလေးအမေဖြစ်ပေမယ့်လည်း ရင်သားမဖွံ့ဖြိုးပါဘူးရှင့်။
အလှကုန်ပစ္စည်းဆိုင်မှာ လိမ်းဆေးတွေ ခရင်တွေအမျိုးစုံပါတယ်။ ဘေးထွက်ဆိုးကျိုးမရှိဘူးလို့ ပြောကြတာပါပဲ။
အဲဒါတွေသုံးရင် ရင်သားကင်ဆာဖြစ်နိုင်ပါလားဆရာ။ ဖြေပေးပါနော်။ မှားတာရှိရင် ရှိခိုးတောင်းပန်ပါတယ်ဆရာ

၎။ ဆရာရှင့် သမီးအသက်က ၂၅ နှစ်ပါ။ အိမ်ထောင်မရှိပါဘူး။ သမီးရဲ့ ရင်သားတွေကမဖွံ့ဖြိုးပါဘူး။ အပွင့်လင်းဆုံး ပြောရရင် ယောက်ျားလေးရဲ့ ရင်သားလောက်ပဲရှိပါတယ်။ သမီးအမေလည်းမဖွံ့ဖြိုးခဲ့ပါဘူး။ အိမ်ထောင်ကျပြီး ကိုယ်ဝန်ရှိမှ ဖွံ့ဖြိုးလာတယ်လို့ သိရပါတယ်။ ဒါပေမယ့် သမီးအစ်မနဲ့ ညီမလေးကတော့ သာမာန် မိန်းကလေးတွေလိုပါပဲ။ အဲဒါကြောင့် သမီးမှာလက်ရှိ အခြေအနေထက် ဖွံ့ဖြိုးလာအောင် ဘယ်လိုလုပ်လို့ရပါသလဲ။ နောက်ပြီးတော့ သမီးမှာ ဓမ္မတာမှန်တယ်လို့ ပြောလို့ရပေမယ့် ၂ ရက်ကနေ ၃ ရက်လောက် အထိပဲလာတတ်ပါတယ်။ မလာခင်မှာလည်းဗိုက်နဲ့ ဆီးစပ် အောင့်တတ်ပါတယ်။ အဖြူ ဆင်းတတ်ပါတယ်။ သန့်ရှင်းအောင် ရေဆေးတာပဲလုပ်ပါတယ်။ တခါတခါတော့ ပီအိပ်ခ်ျကဲလိုဆေးမျိုးနဲ့ ဆေးပါတယ်။ ဒီရက်ပိုင်းမှာဆိုရင် အဖြူဆင်းပြီးတော့ သွေးစလေးတွေလည်းပါလာပါတယ်။ ဆီးစပ်လည်းအောင့်ပါတယ်။ အဲဒါကဘာဖြစ်တာပါလဲ။ ဘာဆေးတွေ သောက်ပြီးဘာတွေ လုပ်ရပါ့မလဲဆရာ။

ရင်သားမှာ ကြွက်သားမပါဘူး။ အဆီနဲ့ အရွတ်သာ ရှိတယ်။ ထူးခြားတာက နို့ထွက်အိတ်၊ နို့ထွက်ပြွန်တွေ၊ အစုလိုက် ရှိနေတယ်။ အရွယ်အစားကိုဖြစ်စေတာက အဆီတရှူးနဲ့ နို့အိတ်တရှူးတွေဖြစ်တယ်။ နို့ထွက်အိတ်တွေက နို့ထွက်ဘို့အတွက် ဖြစ်တယ်။ အရွယ်အစားကြီးဘို့ဆိုရင် အဆီများနေရမယ်။ တယောက်နဲ့တယောက်၊ တယောက်တည်းမှာလည်း တဖက်နဲ့တဖက် မတူကြဘူး။ အဆီနဲသူနဲ့ နည်းတဲ့ဘက်က ပိုတင်းမာနေမယ်။ အရွယ်ငယ်သူတွေလိုပေါ့။ နို့သေးတာဟာ ပြွန်နည်းနေတာမဟုတ်ပါ။ အဆီနဲတာသာဖြစ်တယ်။ ဒါ့ကြောင့် ကလေးနို့တိုက်ဘို့ ကြိုတင်ပူစရာ သိပ်တော့မရှိပါ။ အဆီတွေ ရင်သားမှာသာလာစုအောင် အဆီများများစားလို့လဲ မရပြန်ဘူး။

ရာသီတလတိုင်းမှာ ဟော်မုန်းကြောင့် ရင်သားကို အပြောင်းလဲတွေဖြစ်စေတယ်။ ရုတ်တရက်ချက်ချင်း ပြောင်းတယ်။ ရာသီလာတော့မယ်ဆိုရင် အီစထိုဂျင်နဲ့ ပရိုဂျက်စတီရုန်းဟော်မုန်းတွေကြောင့် ရင်သားတင်းမာနေတယ်။ နာတတ်တယ်။ သွေးဆင်းပြီးရင် ပြော့လာပြန်တယ်။ ကိုယ့်ကိုယ်ကို ရင်သားမှာအကျိတ် ရှိ-မရှိ စမ်းချင်ရင် ဒီချိန် အကောင်းဆုံးဘဲ။ မင်မိုးဂရမ်ရိုက်တာလဲ ဒါအချိန်ကောင်းဘဲ။

ကိုယ်ဝန်ကြောင့်လဲ အဲလိုဘဲ။ ကိုယ်ဝန်ဆောင် ၇-၈ ပါတ်မှာ နို့အခြေအနေ ပြောင်းပြီ။ ၁၂-၁၆ ပါတ်ရှိလာမှ သိသာတယ်။ ၄ လရောက်ရင် တမျိုးတိုးလာတဲ့ ဟော်မုန်းတန်ခိုးနဲ့ နို့ထွက်ပြွန်တွေ ကြီးထွားလာမယ်။ ကလေးမွေးပြီး အချင်း ထွက်ပြီးတာနဲ့ အရည်ကြည်သာ ထွက်နိုင်ခဲ့တဲ့ နို့ရည်က အဖြူရောင် တကယ့်နို့ထွက်စေဘို့ နောက် ဟော်မုန်းတွေကနေ ဆောင်ကျဉ်း ပေးလိမ့်မယ်။ နို့အရွယ်မငယ်သူတွေလဲ ကလေးဖွါးပြီး နို့ထွက်နည်းတာဖြစ်ပါတယ်။ ဒီတော့ ရင်သားအရွယ် ငယ်ပေမဲ့ နို့ကောင်းကောင်းထွက်နိုင်မှာကိုလဲ မှန်းထားလို့ ရပါတယ်။ စိတ်က အရေးပါတယ်။

ဆေးပညာမှာ ရင်သားဖွံ့ထွားအောင်လုပ်နည်းရယ်လို့တော့ မရှိပါ။ ဒါပေမဲ့ ကျန်းမာရေးအစ်ရှူးတခုဖြစ်တာမို့ ဆရာဝန်တွေဝင်ပါလာရတယ်။ ဘယ်နေရာမဆို စီးပွါးရေးကလည်း ပါနေတာမို့ ကြော်ငြာတွေက များသလား မမေးနဲ့။
ကောင်းတယ်၊ ရမယ်ပြောတာတွေမှာ ဆရာဝန်တွေမပါတာများတယ်။ ဒါပေမဲ့ ဆရာဝန်မှ ဆေးကုကြတာ မဟုတ်ဘူး။ နောက်ပြီး ဆေးကုမ္ပဏီတွေကနေ ဆရာဝန်တွေကို ဘယ်လောက် လက်ဆောင်ပေးခဲ့တယ်။ တခါ ဆရာဝန်တွေ ဆေးလက်မှတ်ရေးပေးတဲ့ အကျင့်လိုက်ပြီး ကုမ္ပဏီတွေကနေ ဆေးထုတ်နေတယ်ဆိုတဲ့ သတင်းတွေက ပူပူနွေးနွေး ရှိသေးတယ်။ ဒေါက်တာဘယ်သူဆိုပြီး မြန်မာအမည်ရော ထိုင်းအမည်ပါ ကြော်ငြာတွေကို အဟုတ်မှတ်နေကြတယ်။

နည်းရှိသမျှကို ချုပ်ရရင်
• Herbal ဆေးဘက်ဝင်ပစ္စည်းများ၊ Breast Enhancement Pills စားဆေး၊ (ဆေးသုတေသန မရှိ)
• Breast massage နှိပ်နယ်နည်း (ထိရောက်မှု မပြောနိုင်)၊
• Exercise လေ့ကျင့်ခန်း (ထိရောက်မှု မပြောနိုင်)၊
• Breast pumps ကရိယာနဲ့ စုပ်ပေးနည်း (ထိရောက်မှု မပြောနိုင်)၊
• Surgery ခွဲစိတ်ပြုပြင်နည်းတွေ ဖြစ်တယ်။

ဆေးဘက်ဝင်ပစ္စည်းတွေထဲမှာ Fenugreek, Saw Palmetto, Fennel, Dong Quai, Mexican wild yam, Damiana နဲ့ Blessed thistle တွေဖြစ်တယ်။ Red clover နဲ့ Black cohosh တွေလဲပါသတဲ့၊ မများစေနဲ့လို့ ပြောတယ်။ ဆေးတွေမှာလဲ ဟာဘယ်တွေသာပါတာပါ။ အချိန်တော့ ၂ လ လောက် ယူရတယ်လို့ပြောတယ်။ လိမ်းဆေးတွေလဲ လုပ်ရောင်းပါတယ်။ ထိရောက်မှု ဆေးသုတေသန မလုံလောက်ပါ။ ကျွန်တော်က မညွှန်းပါ။

ရင်သားကိုနှိပ်ပေးနည်းမှာ သူများဆီမှာတော့ သံလွင်ဆီသုံးတယ်။ ကိုယ့်လူမျိုးတွေအတွက် နှမ်းဆီကိုလိမ်းရင်လဲ ရင်သားကြီးစေမယ်၊ တင်းနေစေမယ်တဲ့။ ဘယ်ကနေဘယ်လို နှိပ်ပါဆိုတာတွေကို ကြော်ညာသလို မရေးတော့ပါ။ ဗီဒီယို ကြော်ညာတွေကို ကျန်းမာရေးအတွက် ဟုတ်တယ်မထင်ပါ။ နေရာအနှံ့နဲ့ အချိန်မှန်ဘို့သာ လိုပါမယ်။ ညောင်းလို့ နှိပ်တာမျိုးလို ကြွက်သားအနေအထားသိနေဘို့ မလိုပါ။

လေ့ကျင့်ခန်းဆိုတာ push-up လုပ်တာပါ။ ကြမ်းပြင်မာမာမှာ မှောက်အိပ်ပါ။ ဒူးကွေးပါ။ ခြေခြင်းဝတ်နှစ်ဖက် ကန့်လန့် ချိတ်ပါ။ လက်ဝါးနှစ်ဖက်ကို ပခုံးအတိုင်း တတန်းထဲထားပြီး၊ တဒေါင်ဆစ်ကို ကွေးပါ။ တဒေါင်နဲ့ လက်ဝါးကိုထိန်းညှိပြီး ကိုယ်ကို အထက်မပေးပါ။ ခြေခြင်းဝတ်ချိတ်တာ မဖြေပါနဲ့။ နောက် ကိုယ်ကို ဖြေးဖြေးချင်း အောက်ချပါ။ ၁ဝ ကြိမ် ဆက်လုပ်ပါ။ နောက်ရက်တွေမှာ တိုးလုပ်ပါ။ တပါတ်မှာ ၂-၃ ကြိမ်လုပ်ပါ။ အားကစားဝတ်စုံနဲ့ဆို ပိုကောင်းတယ်။

နောက်ဆုံး လှချင်သူများ စီလီကွန်ထည့်ကြရတယ်။ ၂ဝဝ၆ အမေရိကန် Society of Aesthetic Plastic Surgery အရ အမျိုးသမီး ကြီး-ငယ် ၃ဝ၃၃၃၆ ယောက် ခွဲစိတ်ကုသမှုလုပ်ခဲ့ကြပါသတဲ့။ ၁၉၉၇ ကနေ တွက်ရင် ၄၄၆% တိုးလာတာတဲ့။ နောက်ဆက်တွဲဖြစ်တာမရှိသူများကတော့ ဒစ်စကိုသွားဘို့၊ ရုပ်ရှင်ရိုက်ဘို့တော့ ကောင်းတာပေါ။ လှချင်သူများ လှနိုင်ကြသလို၊ ကလေးငယ်များလည်း မိခင် နို့ချိုဝကြပါစေ။ အဆင်မပြေလို့ ဒုက္ခရောက်တဲ့သတင်းတွေလည်း ဖတ်ရတယ်။ ပဌမမေးခွန်းမေးတဲ့သူ နောက်ကိုယ်ဝန်မှာ ရင်သားအရွယ်အစား တိုးတက်လာနိုင်တယ်။

ဘလော့မှာ စာရိုက်ပြီးရှာဖတ်နိုင်ပါတယ်။
Breast Massage ရင်သား နှိပ်နယ်ခြင်း
Breast Enlargement ကလေးအတွက်မို့ မသေးချင်တာ ရင်သားပါနဲ့ တွဲဖတ်ပါ။
Breast Beauty ရင်သားအလှ
Breast Exercise ရင်သား-လေ့ကျင့်ခန်း
Breast Care ရင်သားကို ဘယ်လို ဂရုစိုက်မလဲ
Breast Enlargement ကလေးအတွက်မို့ မသေးချင်တာ ရင်သားပါ
Breast Enhancement Exercises လေ့ကျင့်ခန်းဆိုတာ push-up လုပ်တာပါ။

လှချင်သူများ လှနိုင်ကြလို၊ ကလေးငယ်များလည်း မိခင် နို့ချိုဝကြပါစေ။ ကွန်မင့်မှာ မဖွယ်မရာရေးလာရင် ဘလော့ပါမယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၇-၁၂-၂ဝ၁၇


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ