Wednesday, December 27, 2017

Prostatitis ဆီးကျိတ်ရောင်ခြင်း

(ကန်တော့ပါ)

၁။ ယောက်ျားလေးဖြစ်တာပါ။ ဆီးကျိတ်ရောင်တယ်လို့ ပြောနေပါတယ်။ အပေါ့သွားရင်ကြာပြီး နာပါတယ် ဆရာ။ နည်းလမ်းကောင်းလေးလိုချင်ပါတယ်။

၂။ ဆရာခင်ဗျား ကျွန်တော့် အသက် ၃၇၊့ မှာနေပါသည်။ ကျွန်တော်ဆီးသွားလျင် နာကျင်သလိုဖြစ်နေပါသည်။ သိပ်တော့ပြင်းပြင်းထန်ထန် နာကျင်တာမျိုးမဟုတ်ပါ။ သို့သော်ယခင်လိုမျိုးပေါ့ပေါ့ပါးပါး မဟုတ်ပါ။ အထူးသဖြင့် ဆီးသွားတာနောက်ဆုံးပိုင်းတွင်ပိုသိသာပါသည်။ ဆီးအရောင်မှာများသောအားဖြင့် ဝါလေ့ရှိပြီး အနည်မပါပါ။ သုတ်လွတ်ချိန်နောက်ဆုံးပိုင်းတွင်လည်း အလားတူနာကျင်ကျင်ဖြစ်ပါသည်။ သို့ပါသောကြောင့် လေးစားစွာဖြင့် ဆေးလမ်းညွန်ပေးပါခင်ဗျား။ ကျေးဇူးတင်စွာဖြင့်။

ဆီးလမ်းပိုးဝင်ခြင်းစာဖတ်ပြီး လိုတာ လိုက်နာသင့်။ http://doctortintswe.blogspot.com/2017/08/urinary-tract-infection.html
သုက်လွှတ်ချိန်နာတာအတွက် ဆီးကျိတ် ရောင်နေသလား စစ်ဆေးသင့်။

၃။ ကျနော် အသက် ၂၇ နှစ်ပဲ ရှိပါပြီ။ အိမ်ထောင်မရှိပါ။ ဆီးသွားပြီးတိုင်း ဆီးကျန်သလို ခံစားရပါတယ်။ ဆီးသွားတာ အားမရပါဘူး။ ဆီးသွားပြီး ပြန်သွားရင်လည်း တစက်တစက်ပဲကျပါတယ်။ အမြဲညစ်ရပါတယ်။ ချွေးတွေတောင် ထွက်ပါတယ်။ ဒီလိုဖြစ်နေတာ ၆နှစ်၊ ၇ နှစ်လောက် ရှိပါပြီ။ ကျနော်သေချာပြောနိုင်တာက ကျနော် မိန်းမ အပျော်အပါး လုံးဝမလိုက်စားပါဘူး။ ဒီနှစ်ပိုင်း ပိုးဆိုးလာပါတယ်။ ဓါတ်မှန်ရိုက်တာ ဘာကျောက်မှတော့မရှိပါဘူး။ ဆေးရုံမှာ ဆ၇ာဝန်နဲ့ ပြပါတယ်။ Utrasound ထွက်လာတော့ ဆီးကျိတ်ရောင်နေတယ်လို့ ပြောပါတယ်။ ပြည်တည်နေတယ်၊ ပြည်တွေကို ထုတ်ပစ်ရမယ်လို့လည်း ပြောပါတယ်။ ပြည်တွေကို ခွဲစိတ်ပြီး ထုတ်ပစ်ရတာမျိုးလား။ မခွဲဘဲနဲ့ထုတ်လို့ရလား။ ဆီးကျိတ်ရောင်နေတာကို ဆေးစားပြီးကုလို့ရတာလား။ ခွဲစိတ်ရမှာလား။ တိုင်းရင်းဆေးနည်းနဲ့ရော ကုလို့ရနိုင်လား။ ကျနော့်လိင်တံထိပ်မှာ ကြွက်နို့လို အရည်ကြည်ဖုတခုပေါက်ပါတယ်။ ၆ နှစ် ၇ နှစ်လောက် ရှိပါပြီ။ နောက်ပိုင်း တဖြည်းဖြည့် ကြီးလာပါတယ်။ Ultrasound ရိုက်ထားတဲ့ပုံကို ပို့လိုက်ပါတယ်။

တိုင်းရင်းဆေးတွေကို မသိပါ။

ဆီးကျိတ်ရောင်တာ အသက် ၃ဝ-၅ဝ အတွင်းမှာ အဖြစ်များတယ်။ အများအားဖြင့် ပိုးဝင်လို့ ကျားဆီးကျိတ်ရောင်တယ်။ တခါတလေ ပိုးမတွေ့ရပါ။ ဆီးစပ်အတွင်းပိုင်းနေရာနာမယ်။ ကျားအင်္ဂါနေရာတဝှိုက် နာမယ်။ ထိုင်နေချိန်မှာပိုနာမယ်။ စက်ဘီးစီးရင်နာမယ်။ ကျားအစိနေရာနာမယ်။ ဆီးသွားရင် နာမယ်။ ဆီးသွားရခက်တတ်တယ်။ အတူနေချိန်နဲ့ သုက်ရည်ထုတ်ချိန်မှာနာမယ်။

Acute infectious prostatitis ရက်တိုဆီးကျိတ်ရောင်ခြင်း
လူတစ်သောင်းမှာ တယောက်သာဖြစ်တယ်။ ချက်ချင်းကောက်ဖြစ်တာ။ ဗက်တီးရီးယားကနေဖြစ်တယ်။ ပိုးသေဆေး ချက်ချင်းပေးရတယ်။ ခံစားရတာက ၂ ပါတ်နဲ့ပျောက်ပေမဲ့ ဆေးကို ၄ ပါတ်ကြာပေးရတတ်တယ်။ Paracetamol နဲ့ Ibuprofen အနာသက်သာဆေးလဲလိုတယ်။ အပြင်းစား ဥပမာ Codeine ပါတာမျိုးလိုတတ်တယ်။

Fluoroquinolones ကို အများဆုံးသုံးတယ်။ ဆေးယဉ်တာလဲရှိနေပြီ။ ceftazidime, ceftriaxone, imipenem or ertapenem ဆေးတွေ ၁၄ ရက်ပေးနိုင်တယ်။ Kanamycin A, Amikacin, Tobramycin, Gentamicin, Neomycins B, C, E နဲ့ Streptomycin တွေ သုံးနိုင်တယ်။ Clindamycin နဲ့ trimethoprim တွေကိုလဲသုံးနိုင်တယ်။ ဥပမာ Ceftazidime 250 mg IV or IM ထိုးဆေး၊ တနေ့ ၂-၃ ကြိမ်၊ ၃-၇ ရက်။ Ceftazidime 500 mg IV or IM ထိုးဆေး၊ တနေ့ ၂-၃ ကြိမ်၊ ၂-၃ ပါတ်။

ပိုးသေဆေးကို ၁၂ ပါတ်ကြာအထိပေးမယ်။ ၇၅% က ပျောက်တယ်။ မပျောက်သေးသူကို ဆေးအဆနည်းနဲ့ ရက်ပိုကြာကြာပေးတယ်။ TMP-SMZ at 80-400 mg ကို တနေ့ ၂ ကြိမ်။ ၃၃-၅ဝ% ဟာ ၄-၆ ပါတ်မှာကောင်းတယ်။ Ciprofloxacin at 500 mg or Ofloxacin at 400 mg တနေ့ ၂ ကြိမ်၊ ၃၃-၅ဝ% ဟာ ၄-၆ ပါတ်မှာကောင်းတယ်။ TMP-SMZ ဆေးက ဈေးလည်းချိုတယ်။ ဒါပေမယ့် အသက် ၃၅ နှစ်အောက် လိင်ဆက်ဆံမှုရှိနိုင်သူတွေဆိုရင် လိင်ကတဆင့် ကူးစက်ရောဂါတွေ (chlamydial and gonorrheal) တွေပါရှိနိုင်လို့ Ofloxacin ပေးသင့်တယ်။

သတိထားဘို့က တချို့ပိုးတွေက ဆေးယဉ်နေတယ်။ အဲဒီပိုးသေဆေးတွေနဲ့မရသေးရင် Carbenicillin (သို့) doxycycline စားဆေးတွေနဲ့ gentamicin ထိုးဆေးတွေသုံးနိုင်တယ်။gentamicin ထိုးဆေးကို ဆီးကျိတ်ထဲထိုးပေးနိုင်တယ်။ ဆေးတွေ ပေးပေမယ့် ဆက်ကျန်သူတွေကို ဆေးအဆနည်းပြီးရက်ကြာကြာပေးတယ်။ တခြားပိုးသေဆေးတွေ nitrofurantoin, nalidixic acid, cephalexin နဲ့ trimethoprim ပေးနိုင်တယ်။

Chronic infectious prostatitis နာတာရှည်ဆီးကျိတ်ရောင်ခြင်း
ပိုများတယ်။ တခါဖြစ်ရင် ၃ လလောက်ကြာတတ်တယ်။ ဖြစ်လိုက် သက်သာလိုက်နေတယ်။ ဘာလို့ဖြစ်သလဲက မရှင်းလှပါ။ ဗက်တီးရီးယားကနေလဲဖြစ်နိုင်တယ်။ ပိုးသေဆေး ၆ ပါတ်ကြာ ပေးရတတ်တယ်။ Alpha-blockers ဆေးအမျိုးအစားကနေ ကြွက်သားပြေလျှော့စေလို့ အနာသက်သာမယ်။ ဒါပေမဲ့ ဒီဆေးက အိပ်ချင်တယ်။ ခေါင်းကိုက်တယ်။ အားယုတ်တယ်။ ပန်းအဖျားနေရာ၊ ကျားအစိနေရာနဲ့ စအိုနေရာနားနာမယ်။ ဆီးသွားရင် နည်းနည်း နာမယ်။ ဆီးသွားချင်ရင် မြန်မှရတယ်။ သုက်လွှတ်တဲ့အခါ အားနည်းမယ်။ လိင်အင်္ဂါသန်မာမှုအားနည်းမယ်။ လိင်ဆက်ဆံရင်လည်း နာမယ်။ လိင်ကတဆင့်ကူးစက်တာတော့မဟုတ်ပါ။

Finasteride ဆေး ပေးနိုင်တယ်။ Fluoxetine ဆေးကို စိတ်ဓါတ်ကျနေသူတွေကိုပေးတယ်။ ဆီးကျိတ် ထုတ်ပေးရတာလည်းရှိတယ်။ ကျောက်တည်နေသူကိုလုပ်မယ်။ Alpha-blockers ဆေးအမျိုးအစားလည်း ပေးနိုင်တယ်။ Bioflavonoids (Quercetin) နဲ့ Finasteride ဆေးကိုလဲပေးတာရှိတယ်။ ဆီးကျိတ် အရွယ်အစား သေးစေတယ်။ Paracetamol နဲ့ Ibuprofen အနာသက်သာဆေးပေးတယ်။ ကြွက်သားပျော့ဆေး တွဲနိုင်တယ်။ နည်းနည်း အိပ်ချင်မယ်။ Gabapentin ဆေးကို တာနာရှည် နာနေတာအတွက်ပေးတယ်။ Amitriptyline ဆေးအဆ နည်းနည်းကို နာတာနဲ့ အိပ်နိုင်စေဘို့ပေးတယ်။

ဆီးကျိတ်နှိပ်နည်း၊ လေ့ကျင့်ခန်းလုပ်တာ၊ ကောင်ဆယ်လင်းလုပ်တာတွေကနေ ကူနိုင်တယ်။ စိတ်ဖိအားများနေသူတွေက လျှော့ချနည်းလုပ်ရမယ်။ ရေခပ်နွေးနွေးထဲထိုင်နည်း ကောင်းတယ်။ အပူအစပ်၊ ကေဖင်း၊ ကေဖင်းများတာ မသင့်ဘူး။ အရက်မသင့်ပါ။ စက်ဘီးစီးတာမသင့်ပါ။ ထိုင်တာလည်း အကြာကြီးမသင့်ပါ။ ဝမ်းပျော့ဆေးလဲ ကူနိုင်တယ်။ အစပ်စားတာလျှော့ရင် တချို့မှာသက်သာတယ်။

ယောက်ျားမှာ အတူနေစဉ်နာခြင်း

သမီးအမျိုးသားအတွက်မေးချင်းလို့ပါ။ အသက် ၃၈ နှစ်၊ ပထမအိမ်ထောင်  ၉ နှစ်၊ သားသမီးမရခဲ့ပါဘူးဆရာ။ မထမ အိမ်ထောင်ဆုံးပြီး၊ အခုသမီးနဲ့ အိမ်ထောင်ကျတာ ၂ နှစ်ပြည့်ပါတော့မယ်။ ကလေးရပြီး ပျက်ကျခဲ့ပါတယ်။ ကန်တော့ပါဆရာ အခုနောက်ပိုင်း သမီးတို့အတူနေတဲ့ခါ အမျိုးသားက ပြီးခါနီးရင် အရမ်းနာလို့ဆိုပြီ အော်တယ်ဆရာ။ အဲလိုဖြစ်တာ ၁ လလောက်ရှိပြီ။ မနေ့က အတူနေတော့ အစပိုင်းမှနာလို့ဆိုပြီး သမီးတို့အတူဆက်မနေဖြစ်တော့ပါဘူး။ အဲဒါ ဘာဖြစ်လို့လဲဆရာ။  အမျိုးသားက ဆေးခန်း မသွားချင်ဘူးဆရာ။ သူက တခြားဘာရောဂါမှမရှိပါဘူး။ ဖျားတာနားတာလဲမဖြစ်ပါဘူးဆရာ။ ဒါပေမဲ့ ဆေးလိပ် အရမ်းသောက်တယ်။ အလုပ်ပင်းပန်ရင် အရမ်းသောက်တတ်ပါတယ်ဆရာ။ သူခံစားနေတဲ့ဝေဒနာက ဘာဖြစ်တာလဲဆရာ။ ဘယ်လိုဆေးတွေသောက်လို့ရလဲဆရာ။

ယောက်ျားတွေမှာ အတူနေချိန်မှာနာစေတဲ့အကြောင်းတွေ အမျိုးမျိုးရှိတယ်။ Prostatitis ဆီးကျိတ်ရောင်တာဖြစ်နေရင် ဆီးသွားရင်လဲနာတယ်၊ လိင်ဆက်ဆံပြီးချိန်မှာလဲနာတာဖြစ်တယ်။ အထက်မှာ ဒီရောဂါအကြောင်းရေးထားပါတယ်။ ဒီရောဂါကို အရင်ဦးစားပေးစဉ်းစားသင့်ပါတယ်။ ဒါ့အပြင် -
• Peyronie's disease လိင်တံအတွင်းမှာ အရွတ်ဖြစ်လို့ လိင်တံကောက်နေခြင်း၊
• Urinary tract infections ဆီးလမ်းပိုးဝင်ခြင်း၊
• Yeast infections မှိုပိုးဝင်ခြင်း၊ လိင်တံထိပ်မှာ ယားမယ်။
• Dermatitis မတည့်တာနဲ့ထိတွေမိလို့ လိင်တံအရေပြားရောင်ခြင်း၊
• Herpes ရေယုံ၊
• Psoriasis နာတာရှည်အရေပြားရောဂါ၊
• Phimosis ပန်းငုံတာ၊
• Paraphimosis ပန်းတပိုင်းတစငုံတာတွေကနေလဲ ယောက်ျားတွေမှာ လိင်ဆက်ဆံရင်နာနိုင်တယ်။

Peyronie's Disease ကျား-လိင်အင်္ဂါ ကောက်နေခြင်း http://doctortintswe.blogspot.com/2015/01/peyronies-disease.html

ဒေါက်တာတင့်ဆွေ
၂၇-၁၂-၂ဝ၁၇

3 comments:

  1. ဆီးကျိတ်ကြီးနေတယ်လို့ Ultrasound Report က ပြောပါတယ်။ ဘယ်လိုကုရမယ်ဆိုတာကျေးဇူးပြုပြီးလမ်းညွှန်ပေးပါအုံးခင်ဗျာ။

    ReplyDelete
  2. Prostate: measures 3.83x2.73x2.68 cm (14.67 ml). Intravesical protrusion of prostate
    (IPP) is “5”mm.

    ReplyDelete
  3. ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။ ကျွန်တော့်အသက်က(၅၈)နှစ်ပါ။
    ဇနီးကလွန်ခဲ့သော(၂)နှစ်က(၁၇-၆-၂၀၁၃) ဆုံးသွားခဲ့ပါပြီခင်ဗျာ။

    ReplyDelete

Note: Only a member of this blog may post a comment.

နှမ်းဖတ်ချဉ်ဋီကာ

နှမ်းဖတ်ချဉ်စာရေးတော့ နှမ်းဖတ်နဲ့ ပဲဖတ်ကို ခွဲခြားပြောကြတယ်။ အရင်တင်စဉ်ကလည်း အဲလိုကွန်မင့်တွေလာပါတယ်။ အရောင်မတူတာကို ထောက်ပြကြတယ်။ ဆီးကြ...