Thursday, February 20, 2020
နှမ်းဖတ်ချဉ်ဋီကာ
နှမ်းဖတ်ချဉ်စာရေးတော့ နှမ်းဖတ်နဲ့ ပဲဖတ်ကို ခွဲခြားပြောကြတယ်။ အရင်တင်စဉ်ကလည်း အဲလိုကွန်မင့်တွေလာပါတယ်။ အရောင်မတူတာကို ထောက်ပြကြတယ်။
ဆီးကြိတ်တာတွေက အမျိုးမျိုးရှိတာ မှန်တယ်။ အရင်ကတော့ နှမ်းနဲ့ မြေပဲဆံကိုသာ သုံးကြတယ်။ နှမ်းမှာ နှမ်းလျှင်နဲ့ နှမ်းကြီးလို့ အရင်ပေါ်နောက်ပေါ်။ နောက်တော့ နှမ်းနက်၊ ပန်းနှမ်းနဲ့ နေကြာသုံးကြတယ်။
ဒီတိုင်းပြည်မှာ ဆီထွက်အောင်လုပ်တာတွေက ပိုများတယ်။ သံလွင်ဆီ၊ မြေပဲဆီ၊ နေကြာဆီ၊ အုန်းဆီ၊ စားအုန်းဆီ၊ ဝါစေ့ဆီ၊ နှမ်းဆီ၊ စပျစ်စေ့ဆီ၊ ပဲပုပ်ဆီ၊ မက်မွန်စေ့ဆီ၊ သစ်ကြားသီးဆီ၊ ကင်နိုလာဆီ၊ ပြောင်းဆီ၊ ကြက်ဆူဆီ၊ ထောဖတ်၊ ဝက်ဆီ စသည်။
ဆီဖြစ်အောင်ကျိတ်တာတိုင်းမှာ အဖတ်ထွက်တယ်။ အဲတာကို နှမ်းဖတ်ချဉ်လို လုပ်နိုင်မယ်ထင်ပါတယ်။ အခေါ်ကတော့ ဘာကိုလုပ်လုပ် နှမ်းဖတ်ချဉ်လို့ ရောခေါ်ကြတာများတယ်။ ကျွန်တော်က အများကြီး မသိပါ။ စားတာသာ တတ်တယ်။
စကားအရာမှာ ဓါတ်သိနှမ်းဖတ်ချဉ်လို့လည်း ရှိတယ်။
ဒေါက်တာတင့်ဆွေ
၂၀-၂-၂၀၂၀
My village မင်းရွာ
• ကျွန်တော့်ဇာတိရွာ အိမ်ခြေတရာမရှိ၊
• ဒါပေသိ နွေရာသီတိုင်းမှာ ကိုယ့်ကမ္ဘာလို့သာထင်မိ။
• ရွာတောင်ဘက်က ယမားချောင်း၊ ကားမောင်းဘို့ခက်၏၊
• အုန်းလက်၊ ငှက်ပျောဖက်၊ သစ်ရွက်၊ မြက်၊ လမ်းလုပ်ဖို့အတွက် အိမ်တိုင်းက အင်ဂျင်နီယာ ထွက်ကြရ၏။
• သဲသောင်စပ်တွင်၊ ကြက်သွန်၊ ခရမ်းချဉ်၊ နှစ်စဉ်စိုက်၊
• ဈေးကိုက်တဲ့အခါကိုက်၊ အရင်းစိုက်ရတဲ့အခါစိုက်။
• ရွာမှာဈေးမရှိ၊ အိမ်ဆိုင်လည်းမရှိ၊
• ခေါင်းရွက်သည့်အသယ်၊ ဈေးလည်ရောင်းသူအလာစောင့်ကြရ၏။
• ခြံထွက်တဲ့ ကွမ်းရွက်၊ အခင်းထွက် အရွက်အသီး၊
• ဝက်မလွတ်ငှက်ပျောသီး၊ ဖီးကြမ်းငှက်ပျောသီး၊
• မနီးမဝေး ငါးရက်တဈေး၊ ဈေးလှည့်ရောင်းရ၊ ဈေးလှည့်ဝယ်ရ၏။
• ခြံစည်းရိုးဟိုဘက်မှာ ပြောင်းဖူးခင်း၊
• အိမ်ခေါင်းရင်းက အုန်းပင်၊
• ပင်ထက်မှည့် သင်္ဘောသီး၊
• ဆီးယိုကနှစ်ပေါက်၊ မုံ့လက်ကောက်၊ မုံ့ဆီကျော်၊
• ပဲလှော်ကမျိုးစုံ၊ ဆီဆုံက နှမ်းပတ်ခဲ၊
• အမဲခြောက်ဖုတ်၊ ပေါက်ပေါက်ဆုပ်၊
• ဧည့်သည်လုပ်မလား၊ အိမ်တိုင်းမှာ ကြက်မွေးထား။
• မြို့သားကျွန်တော် ရွာလည်ပြန်သော်၊ ဆရာတော့်ဆွမ်းကျန်စားပြီး စာအံ၊
• ကျောက်တန်နဲ့ ကျောက်သင်ပုန်း၊ ဝလုံးကစ၊
• ဂဏန်းက ဆယ့်ခြောက်ဆယ်နှစ်လီထိ အာဂုံဆောင်ရ၊
• တက်ဘလက်ခေတ်ကျမှ အလွတ်ကျက်ရတဲ့ပညာရေး၊ ရှေးကြတယ်လို့သတ်မှတ်ခံရ၊
• ငယ်ကတည်းကစာ ခုထိပြန်အန်လို့ရ၊ အတွေးကြတောဆန်၊ အရေးကလည်းတောသံ၊
• ဘာလိုလိုနဲ့ တောမပြန်ရတာကြာပြီကော။ ။
ဒေါက်တာတင့်ဆွေ
ဓါတ်ပုံ = ကျွန်တော်နေခဲ့ဘူးတဲ့ ပုလဲမြို့နယ်၊ မင်းရွာ ပြည်တော်သာမူလတန်းကျောင်း (၁-၅-၂ဝ၁၄)
ပစ္စန္တရစ်
သိပ္ပံမောင်ဝ
တပေကုလားဆိုသော အမည်သည် ဆန်း၏။ ယင်းကား မောင်လူအေး၏ နယ် အတွင်းရှိ တံငါ ရွာကလေး တရွာ၏ အမည် ဖြစ်လေသည်။ တပေကုလားရွာသာ မဟုတ်။ တပေကုလားအင်း ဟူ၍လည်း ရှိသေး၏။ တပေကုလားကွင်း ဟူ၍လည်း ရှိသေး၏။ တပေကုလားချောင်း ဟူ၍လည်း ရှိသေး၏။ တပေကုလား အင်းကို အကြောင်းပြု တပေကုလားရွာ ဟူ၍ပင် ခေါ်ဆိုသလော။ တပေကုလားရွာကို အကြောင်း ပြု၍ တပေကုလားချောင်း၊ တပေကုလားအင်း၊ တပေ ကုလားကွင်းဟူ၍ပင် ခေါ်ဆို သလော မည်သူမျှ မပြောနိုင်။
တပေကုလား ရွာသား တို့အား မေးသော အခါကား ရှေးပဝေသဏီကပင် ရှိခဲ့သည်ဟု ပြောကြ ဆိုကြကုန်၏။ ကမ္ဘာဦး အခါကပင် ဆင်းသက် ပေါ်ပေါက် လာသည် ဟူ၍များ ထင်မှတ် နေကြ လေရော့ သလား။ တပေကုလားဆိုသော စကား၏ အဓိပ္ပာယ် မည်သို့ နည်းဟု နှိုက်နှိုက်ချွတ်ချွတ် မေးလေ့ရှိသူတို့က မေးကောင်း မေးကြ ပေလိမ့်မည်။ ရွာတွင် အသက်အကြီးဆုံး အဘိုးကြီး ဦးနောက်တိုးအား မေးကြည့်သော အခါ 'တပေကုလား' ဆိုသော စကားမှာ 'တပေကုလား' ဟူ၍ အဓိပ္ပာယ်ရကြောင်းနှင့် ပြောပြလေသည်။ ယင်း၏စကားကို ယုံမှားဖွယ် မရှိ။ ဦးနောက်တိုးကား အသက် ၈၅ နှစ်ပင် ကျော်ပြီ ဖြစ်သောကြောင့် ရှေးမီ နောက်မီ အဘိုးကြီး ဖြစ်လေသည်။ အချို့ အတွေးကောင်းသော သူတို့က မူကား တပေကုလား ဆိုသည်မှာ တပေခန့် ရှိသော ကုလားပုလေး တယောက်က စတင်တည်ထောင်၍ထားခဲ့သော ရွာဖြစ်သောကြောင့် တပေကုလား ရွာဟု အမည်တွင်ကြောင်း တွေးတောကောင်း တွေးတောကြပေလိမ့်မည်။ သို့သော် ဦးနောက်တိုး ပေးသော အဓိပ္ပာယ်လောက် မကြိုက်။
တပေကုလား ဆိုသော စကား၏ အဓိပ္ပာယ်ကို ရှင်းလင်း ပြီးသည်၏ အခြားမဲ့၌ တပေကုလား ဟူသော အကြင် တံငါ ရွာကလေး၏ တည်ရာ အခြေနှင့် သာယာပုံကို ရေးသားဦးအံ့။ ယင်းရွာကလေးကား အလွန်နောက်ကျိ၍ ရွှံ့အတိပြီးသော တပေကုလားချောင်းကလေး၏ ဘေးတွင် တည်ရှိလေသည်။ ဤချောင်းကလေးမှတပါး အခြားဘေးပတ်လည်တွင် ကွင်းပြင် လဟာကြီ်းဖြင့် ခြံရံလျက် တရွာလုံးတွင် ကုက္ကိုပင် သုံးလေးပင်အပြင် အခြား အပင်ဟူ၍ မရှိ။ ကွင်းခေါင်ခေါင် ကြီးတွင် တည်ထားသော ရွာကလေးတည်း။
နွေဥတုတွင် ပူပြင်းလိုက်သည်မှာ ပြောစရာမရှိ။ ရွာထိပ်တွင် ဘုန်းတော်ကြီး ဦးဇဝန ကျောင်းတကျောင်း ရှိ၏။ အင်းသားများ သေခါနီး ဆည်းကပ်ရာ ကျောင်း ပေတည်း။ ရွာတောင်ဘက် စွန်းတွင် ဦးဖိုးထွန်း တူးထားသော ရေကန် တကန် ရှိလေသည်။ ရွာသားတို့ သောက်ရေ ခပ်ယူ ရာတည်း။ ထို ရေကန်နှင့် ကပ်လျက် အန္တရာယ်ကင်း ကိုးတောင်ပြည့် ဘုရား၊ ကွင်းခေါင်ခေါင်တွင်။
ရွာတွင် အိမ်ခြေကား သုံး လေးဆယ်ခန့်။ သက်ငယ်မိုး၊ ဝါးကပ်ကာ၊ ဝါးခြမ်းခင်း၊ ဝါးတိုင် တွေနှင့် အိမ်များသာ။ နှစ်ဆောင်ပြိုင် ကျယ်ကျယ် ဆောက်ကာထားသော အိမ်ကား နတ္တိ။ ပျဉ်ထောင်အိမ် ဟူ၍ကား မရှိ။ တအိမ်လျှင် အလွန်ဆုံး ငွေ ၁၀ ကျပ်ခန့် တန်၏။ သို့သော် အင်းခံဝန် ပေးကြသော အခါ ငါးရာ တန်သည်ဟု ကျမ်းကိုင်ကာ ဆိုကြ လေသည်။ အိမ်အောက်များတွင် ဝက်တွေ၊ ကြက်တွေ၊ ဘဲတွေ အနှံ့အပြား လွှတ်၍ ထားလေသည်။ ဆူဆူညံညံနှင့်။ အိမ်ရှေ့ အိမ်နောက်ဖေး အိမ်ပတ်ဝန်းကျင်များတွင် ငါးပိအိုးတွေ၊ ငံပြာရည် အိုးတွေ အနန္တနှင့်။ နံလိုက်တဲ့ ဖြစ်ခြင်း။ သင်းတို့ ရွာသားတွေ ဘယ်လို နေကြသည်မသိ။ ရောဂါလည်းမရ။ ဒုက္ခလည်းမဖြစ်။ တရွာလုံးတွင် အိမ်သာတလုံးမျှ မရှိ။ တကယ့် ရွာသားတွေ။
ရွာလမ်းကား ကျယ်ပါ၏။ နွေအခါတွင် ဖုန် တထောင်းထောင်း။ မိုး အခါတွင် ရေမြုပ်။ လမ်းချည်းသာ ရေမြုပ်သည် မဟုတ်။ အိမ်များလည်း ရေမြုပ်၏။ ရွာသားများ အိမ်အပေါ် ထပ်တွင် တက်၍ နေကြ လေသည်။ ကြက်လည်း သည်မှာ၊ ခွေးလည်း သည်မှာ၊ ဝက်လည်း သည်မှာ၊ ဘဲလည်း သည်မှာ၊ ကြောင်လည်း သည်မှာ၊ တော်တော် ပျော်စရာ ကောင်း၏။ အိပ်လည်း သည်မှာ၊ စားလည်း သည်မှာ ၊ ထမင်းဟင်း ချက်လည်းသည်မှာ။ ကျန်းမာရေးဆရာများအတွက် သင်ခန်းစာ တခု ရပြီ။ မိုးတွင်း အခါတွင် မြွေပွေးတွေ ပေါလိုက်သည်မှာ ပြောစရာ မရှိ။ ဝါခေါင်လအတွင်းက မောင်းဖိုးသောင် ဇနီး အပေါ်ထပ်တွင် အိပ်နေခိုက် မြွေပွေးခဲ၍ သေရှာလေပြီ။
ဤမျှနှင့် တပေကုလား ရွာကလေး၏ သာယာပုံ အကြောင်း သိလောက် ပြီထင့်။ ရွာသား ရွာသူတို့ အကြောင်း ရေးသား ပါရစေဦး။ တရွာလုံး ရေနှင့် အသက်မွေး သူချည်း။ ရွာ ပတ်ဝန်းကျင်တွင် အင်းပေါင်း ခြောက်အင်းခန့် ရှိ၏။ ယင်းအင်း တို့တွင် ရှိသော ငါးများ အပေါ်၌ အုပ်ချုပ်ကာ မင်းလုပ်၍ နေကြသော အင်းသားကြီးကား ခြောက်ယောက် ခန့်ပင် ရှိလေသည်။
တပေကုလားသူကြီး ဦးငွေလှလည်း တယောက် အပါအဝင် ဖြစ်၏။ ထို အင်းသားကြီး ခြောက်ယောက် တို့မှ အပ ဖြစ်သော အခြား ရွာသား တို့ကား အချခံ အင်းသား ကလေးများနှင့် အင်းကူလီ များသာတည်း။
လယ်သမားဟူ၍ အောင်ဖေနှင့် ဦးဖိုးဆင်တို့ နှစ်ယောက်သာ ရှိလေသည်။ သူတို့ နှစ်ယောက်ကား တရွာလုံးနှင့် မသင့်။ နှစ်ယောက်နှင့် တရွာလုံး ဖြစ်သော်လည်း အောင်ဖေ တို့တွင် အနည်းငယ်မျှ ကြောက်စိတ် မရှိ။ အောင်ဖေသတင်း ပေးချက်အရ ယစ်မျိုး အရာရှိ ဦးဘမော် ဗိုက်ပူကြီး ရွာသို့ တိတ်တဆိတ် လာ၍ မွှေနှောက် သွားလေသည်။ သူကြီးသား မောင်ပြားလက်ထဲမှ ဘိန်းငါးကျပ်သား မိ၏။ သူကြီး၏တူ ထွန်းတင်၏ အိမ်မှ ချက်အရက် ခြောက်ပုလင်း မိလေသည်။ ဒဏ်ငွေ ၇၅ ကျပ်စီ အရိုက်ခံကြ ရ၏။ မောင်ပြားနှင့် ထွန်းတင်တို့မှာ အခဲမကျေကြ။ သူကြီးမင်း ဦးငွေလှမှာလည်း အောင်ဖေ့ အပေါ်တွင် အချက်ရှာလျက် နေလေတော့သည်။
အောင်ဖေမှာလည်း ခေါင်းမာသူ တယောက် ဖြစ်၏။ လူခွန်ကို မဆောင်။ ကတ်ဖဲ့လုပ်၍ နေလေသည်။ သူကြီးမင်း၏ အချက် ပေါ်ပြီ။ မြို့ပိုင် မင်းထံ တိတ်တဆိတ် သွား၍ ဝရမ်းစာ တစောင် ထုတ်ခဲ့လေသည်။ ည တိတ်တဆိတ် အောင်ဖေ၏ အိမ်ကို ဝိုင်း၍ အောင်ဖေကို ဖမ်းကြကုန်၏။ အောင်ဖေလည်း မပြေးသာ။ အဖမ်းခံရရှာ၏။ သူကြီးမင်းလည်း ဝရမ်းစာကို ပြပြီးလျှင် အောင်ဖေအား လက်ထိတ်ခတ်လေတော့သည်။ ပြီးလျှင် မီးတုတ်တွေနှင့် ရွာလယ်ကောင်တွင် လျှောက်၍ ပြလေသည်။ တရွာလုံး တအုန်းအုန်းနှင့် နေ၏။
အောင်ဖေ၏ အရှက်ကား ဆိုစရာမရှိပြီ။ သူ၏မယားက နောက်တနေ့တွင် လူခွန် ငါးကျပ်နှင့် စရိတ် ငါးကျပ်၊ ပေါင်း ငွေတဆယ် ဆောင်တော့မှ အောင်ဖေအား ရွာသူကြီးမင်း လွှတ်လိုက် လေတော့သည်။ မိမိ၏ တပည့်ကို အရှက်ခွဲ သောကြောင့် ဦးဖိုးဆင်မှာ အသည်း နာလျက်နေ၏။ တနေ့သော် ပုလိပ်အရာရှိများနှင့် ပူးပေါင်းပြီး သကာလ ဆယ်အိမ်ခေါင်း ဖိုးထင်တို့ အိမ်တွင် ဖဲဝိုင်းကို ဖမ်း၏။ ဖိုးထင်ကား အောင်ဖေအား သူကြီး ဖမ်းစဉ်က ရှေ့ဆောင် ဖြစ်လေသည်။ ထိုဖဲဝိုင်း ဖမ်းရာတွင် အင်းသားကြီး ထွန်းစိန်၊ အင်းလက်ထောက် အချခံ စိန်ဘိုး၊ သူကြီးကတော် ဒေါ်ရု၏တူ မောင်အောင် တို့လည်း အဖမ်းခံကြရလေသည်။
တရားသူကြီးက တယောက်လျှင် ဒဏ်ငွေ အစိတ်စီ ရိုက်လိုက် လေသည်။ ဤ အမှုအတွက် ဦးဖိုးဆင် အပေါ်၌ သူကြီးမင်း စိတ်ခု ပြန်လေပြီ။ အချက်ကို ရှာပြန်၏။ ဦးဖိုးဆင်ကား လူခွန်လည်း ဆောင်ပြီးပြီ။ မြေခွန်လည်း ဆောင်ပြီးပြီ။ ဖဲဝိုင်း ထောင်သူလည်း မဟုတ်။ ဘိန်းတို့ အရက် တို့ကိုလည်း မရောင်း။ အကြံရ အိုက်လျက် နေ၏။ သို့သော် အကြံကို မလျှော့။ ဦးဖိုးဆင်မှာ သစ်ပင်ပန်းပင် စိုက်ပျိုးခြင်းကို ဝါသနာပါ၏။ သူ၏ အိမ်ရှေ့တွင် ပန်းခြံကြီးကို ခမ်းနားစွာ ပြုစုပျိုးထောင်၍ ထားလေသည်။ ယင်း ပန်းခြံအတွင်းရှိ ပန်းပင်၊ သစ်ပင်ကလေးတို့ကိုသာလျှင် အရိပ်တကြည့် ကြည့်နှင့် နေ၏။ ယင်း ဦးဖိုးဆင်၏ ဥယျာဉ်မှာ ရွာလမ်းထဲသို့ ဆယ်ပေခန့် ကျူးလွန်၍ နေလေသည်။ သူကြီးမင်း၏ အချက် ပေါ်ပေပြီ။ ဦးဖိုးဆင်သည် ရွာလမ်းမ အပေါ်၌ ကျူးလွန်နေကြောင်းကို အရေးပိုင်မင်းထံ အစီရင်ခံစာ ရေးသားဆက်သွင်းလိုက်၏။ မကြာမီ အရေးပိုင်မင်းထံမှ ယင်း ကျူးလွန်၍ နေသော မြေပေါ်ရှိ သစ်ပင် ပန်းပင် တို့ကို ခုတ်ပစ်ရန် အမိန့် ရောက်ရှိ လေသည်။
သူကြီးမင်း၏ ဝမ်းမြောက်ခြင်းကား မပြောပြနိုင်ပြီ။ မိမိ အိမ်ဦးခန်းတွင် ဆွဲ၍ထားသော မောင်းကွဲကြီးကို အကြိမ်ပေါင်း များစွာ ထု၏။ ရွာသား သုံးဆယ်ခန့် ဓားကိုယ်စီ၊ တုတ်ချွန် ကိုယ်စီနှင့် ရောက်ကြလေပြီ။ သူကြီးမင်းလည်း ယင်းရွာသား သုံးဆယ်ကျောို့နှင့် ဦးဖိုးဆင်၏ အိမ်ရှေ့သို့ သွား၍ လမ်းတွင် ကျူးလွန်၍ နေသော ဥယျာဉ် တွင်းရှိ သစ်ပင်၊ ပန်းပင် တို့ကို သိသိညက်ညက် ကြေအောင် ဖျက်ဆီး လိုက်ကြ လေပြီ။ ဦးဖိုးဆင်က တား၏။ သူကြီးမင်းက အရေးပိုင်မင်း၏ အမိန့်စာကို ပြ၏။ ဦးဖိုးဆင်၏ အသည်းကို ကျွဲဝင်၍ ခတ်လေပြီ။ အဘယ်မှာ အခဲကျေနိုင်အံ့နည်း။
တနေ့သော် မောင်ဟန်ကြီးနှင့် မပန်းစိန် တို့၏ မင်္ဂလာဆောင် အိမ်တွင် ဦးဖိုးဆင်၏ သမီး မပန်းအောင်က သူကြီးမင်း ဦးငွေလှသည် မတရားသော သူကြီး၊ ရွာသူ ရွာသားတို့အား နှိပ်စက်သော သူကြီး၊ ဘိန်းစားသောသူကြီးဟူ၍ ခပ်ကျယ်ကျယ်ကလေး ဆိုလျက်နေလေသည်။ သူကြီးကတော်ကြီး ဒေါ်ရု ကြားလျှင် မခံနိုင်။ မင်္ဂလာဆောင် အိမ်တွင် ရန်ပွဲကြီး စလေတော့၏။ ဒေါ်ရု၏ အဒေါ် တော်စပ်သူ ဒေါ်ရေခက်က ထမီတတောင်လောက် မြင့်ကာ သူကြီးကတော် ဘက်မှ ဝင်၍ ကူ၏။ ဦးဖိုးဆင်၏ တူမ မပန်းရီက မပန်းအောင် ဘက်မှ ဝင်၍ ရန်တွေ့၏။ ဤ ရန်ပွဲကား မိန်းမတွေ နှင့်သာ ကိစ္စတုံး မူကား ကောင်းလေစွ။
ဟော ဟော၊ သူကြီးသား မောင်ပွားနှင့် သူကြီးတူ ထွန်းတင်တို့ ပေါက်၍ လာကြလေပြီ။ မောင်ပွား လက်ထဲတွင် ဓားမြှောင်နှင့်၊ ထွန်းတင် လက်ထဲတွင် သံတုတ်နှင့်။ မိန်းမ အချို့ မင်္ဂလာဆောင်အိမ်မှ ဆင်း၍ ပြေးကြ လေပြီ။ သို့သော် မပန်းအောင်နှင့် မပန်းရီ တို့ကား ထီပင် မထီ။ ဂရုပင် မစိုက်။ အရေးပင် မလုပ်။ ဆဲမြဲတိုင်း၊ တိုင်းမြဲတိုင်း၊ ဆိုမြဲတိုင်း။ မောင်ပွားနှင့် ထွန်းတင်တို့ ဒေါ်ရု ဘက်မှကူ၍ ဆဲကြလေပြီ။ ရွာသားများ မည်သူမျှ မကပ် ဝံ့ကြ။ တော်တော်ဆိုးတဲ့ အကောင်တွေ။ မပန်းအောင်၏ ယောက်ျား မောင်သာအိက အိမ်မှ ပြေးလာပြီးလျှင် ထွန်းတင်အား ဓားနှင့် ခုတ်လေပြီ။ မောင်ပွားက သာအိအား ဓားမြှောင်နှင့် ထိုး၏။ ထွန်းတင်နှင့် သာအိ နှစ်ယောက်သား ပုံလျက် လဲကျ နေလေပြီ။ ဟော ဟိုမှာ သာအိညီ ကဇန်းနှင့် ဖိုးကျားတို့ ပေါက်လာ ကြပြီ။ ဆွဲကြပါဦး၊ ဆွဲကြပါဦး။ သည်တခါ ခက်တော့မည်။ လှံတွေ ကိုယ်စီနှင့်၊ ဆွဲသူက ဆွဲ၊ ဖက်သူက ဖက်ထား ကြ၏။ မနိုင်။
မောင်ပွားဘက်မှ ကူညီရန် ထွန်းအောင်နှင့် ထွန်းမောင်တို့ ညီအစ်ကိုလည်း မှိန်းကြီးတွေ ကိုယ်စီနှင့်။ ခက်ကုန်ပြီ၊ ခက်ကုန်ပြီ။ လုပ်ကြပါဦး။ သူကြီးကို အကြောင်းကြား မှပေါ့။ သူကြီးအိမ်မှ မောင်းကွဲသံကြီး ဆူညံ နေပြီ။ တရွာလုံး အုတ်အုတ်ကျက်ကျက်။ သူကြီးလည်း မနိုင်တော့ပြီ။ သူကိုယ်တိုင်ပင် ဤစစ်ပွဲတွင် ပါဝင် နေသလား မပြောတတ်။ ဆွေမျိုးတွေ အားလုံး မီးစက်ကုန်ကြ လေပြီ။ အနားအနီး ရွာများ ကပင် ဆူညံ နေသော အသံကြီးကို ကြားကြ ရကုန်၏။ ဤရန်ပွဲကြီးကား မည်မျှကြာမည် မသိ။
နောက်တနေ့၌ တပေကုလား ရွာသူ ရွာသား၂၀ ခန့် ဆေးရုံသို့ ရောက်၍ နေကြ လေသည်။ တရွာလုံး တိတ်လျက် နေပေပြီ။ ဘုန်းတော်ကြီး ဦးဇဝနကျောင်းတွင် မွေးထားသော အောင်နက်၊ ဂျိုကာ၊ အာဝါဒေး စသော ခွေးများလည်း ထမင်းငတ်ကြကုန်၏။ ဘုန်းတော်ကြီး ဦးဇဝန ကိုယ်တိုင်ပင် ဆွမ်းမဝ တဝသာ ဘုန်းပေးမည်ဟူသော ဓူတင်ကို ကျင့်ရလေ၏။ ဆွမ်းပို့သူ မရှိ။ ဆွမ်းခံ၍ ရသမျှ နှင့်သာ တင်းတိမ်ရ ရှာလေတော့သည်။ အဆိုပါ ရန်ပွဲ ကြီးကား ရွာသူ ရွာသား တို့ကိုသာ ထိခိုက်သည် မဟုတ်။ ဘုန်းတော်ကြီး ဦးဇဝနကိုပင် ထိခိုက်သော ဟူ၏။
ဘုန်းတော်ကြီး ဦးဇဝန တပေကုလား ရွာသို့ ရောက်သည်မှာ သုံးဝါပင် ရှိလေပြီ။ ယခုကဲ့သို့ တခါမျှ ခေါင်းပါးခြင်း မဖြစ်ခဲ့ဖူး။ မိမိ တပေကုလားသို့ မရောက်လာမီ ထိုကျောင်းတွင် ထိုင်ခဲ့သော ဘုန်းကြီး ဦးဝိဇယ လက်ထက်တော် အခါက မူကား ရွာသားများနှင့် မသင့်သောကြောင့် တော်တော်ပင် ခေါင်းပါး ခဲ့လေသည်။ အကြောင်းကား ဦးဝိဇယ ကိုယ်တိုင်က ငါးဖမ်းခြင်း၊ ငါးပိလုပ်ခြင်း တို့ဖြင့် အသက်မွေးခြင်းသည် မကောင်းသော အသက် မွေးခြင်း ဖြစ်သည်ဟူ၍ ဟောတော် မူသောကြောင့် ဖြစ်လေသည်။
ဘုန်းတော်ကြီး ဦးဇဝနကား ဘုန်းတော်ကြီး ဦးဝိဇယ မဟုတ်။ အင်းသားတွေနှင့် ဆန့်ကျင်ဘက်ဖြစ်သော တရားကို မဟော။ တသက်ပတ်လုံး သူတကာ၏ အသက်များကို သတ်ဖြတ်၍ နေသော်လည်း သေခါနီး ကောင်းသော ဇောကို ဝင်လိုက်လျှင် ကောင်းရာ သုဂတိသို့ လားရသည်ဟူ၍ ပုံတွေ၊ ဝတ္တုတွေနှင့် ဟောလေ့ရှိ၏။ ထိုတရားကို ဟောကြားသည့် နေ့မှစ၍ ဘုန်းတော်ကြီး ဦးဇဝနကျောင်းတွင် ဆွမ်းအုပ် မနည်းပြီ။ ကန်တော့ပွဲတွေ မနည်းပြီ။ ကျောင်းသားလည်း မနည်းပြီ။
ဘုန်းတော်ကြီး ဦးဇဝနမှာ တရားဟောသောနေရာတွင်သာ ခေတ်ဆန်သည်မဟုတ်။ ကျောင်းသားများအား စာသင် ကြားသောနေရာတွင်လည်း ခေတ်ဆန်လေသည်။ ကျောင်းသားများ၏ စိတ်ကို ချုပ်ချယ်ခြင်း မပြု။ ယင်းတို့အား လွတ်လပ်စွာ ထား၏။ ကျောင်းသားများ ကျောင်းတက်ချင်သောအချိန်တွင် ကျောင်းတက်နိုင်၏။ အလျှင်း ကျောင်း မတက်ဘဲ နေလိုက နေနိုင်၏။ သင်းကြားလိုသောစာကို သင်ကြားနိုင်၏။ ထင်သလိုနေနိုင်သော ကျောင်းတည်း။
ထိုသို့ လွတ်လပ်ခွင့်ကို ပေးထားသောကြောင့် မဟုတ်လော။ ကျောင်းသားများ ထမင်းဟင်း စားသောက်ပြီးကြလျှင် ကျောင်းတွင် တယောက်မျှမရှိ။ တပေကုလားအင်းထဲတွင် ရေကူးသူ ကူး၊ ငါးဖမ်းသူ ဖမ်း၊ ဂဏန်း နှိုက်သူ နှိုက်။ လွတ်လပ်လိုက်တဲ့ ကျောင်းသားတတွေ။ အင်္ကျီ လုံချည်ဆို၍ မကပ်ကြ။ ခေါင်းတုံး ပြောင်ပြောင် ကိုယ်ရောင် မည်းမည်း။ သရဲလေးတွေနှင့် မခြား။ ဆေးပြင်းလိပ်တွေ ပါးစပ်ထဲ ခဲထားကြသေး။ အရွယ်ကလေးတွေက ကိုးနှစ် ဆယ်နှစ်သာ။ ယင်း ကျောင်းသားများအနက် နောင် နှစ်ပေါင်း လေးငါးဆယ် လွန်မြောက်လျှင် တယောက်တလေ မြန်မာပြည်သမ္မတ မဖြစ်ဘူး ဟူ၍ မည်သူပြောကြားအံ့နည်း။
သမ္မတဆိုသည်မှာ အများသဘောတူလျှင် ဖြစ်စတမ်း။
ဂန္ထလောကမှာ သိပ္ပံမောင်ဝ ၁၂၉၅ ဝါဆိုလမှာရေးတယ်။ ကျွန်တော့်အသက်ထက် ၁၅ နှစ်ကြီးတယ်။ ကျွန်တော် ၁၅ နှစ်သားအရွယ် ဆယ်တန်းမှာ သင်ရတယ်။ သိပ္ပံမောင်ဝရေးတဲ့ မြန်မာစာသတ်ပုံတွေကို ကျွန်တော် ၃၂ နှစ်သားမှာ ပြောင်းလိုက်ကြတယ်။ ဝိဇ္ဇာမောင်ပိန်တို့ခေတ်မှာ။ သတ်ပုံဆိုသည်မှာ အများသဘောတူလျှင် ဖြစ်စတမ်း။ ပစ္စန္တရစ်ဟူသော အရပ်မှာ။
စာသားတွေကို မောင်သာချိုဖေ့စ်ဘွတ်ကနေ ကူးယူပါတယ်။ ကျေးဇူး။ သိပ္ပံမောင်ဝစာတွေကို အဲလိုသတ်ပုံမှန်နဲ့တင်သူ စုစုပေါင်း တယောက်တိတိ။
ဒေါက်တာတင့်ဆွေ
၂၀-၂-၂၀၂၀
Shame on you! လွဲမရှက် မှားမရှက်
- မြန်မာစာ သတ်ပုံမှား၊
- ဂဏန်းမှာ သင်္ချာမှား၊
- သမိုင်းမှာ နေ့စွဲမှား၊
- ပထဝီမှာ နေပြည်တော်မှား၊
- စာမေးပွဲမှာ မေးခွန်းမှား၊
- အင်တာဗျူးမှာ မေးခွန်းမှား၊
- ဆရာဝန်မဖြေတတ်တဲ့ မေးခွန်းမှား။
ငိုက်မရှက်၊ ကြိုက်မရှက်၊ ငတ်မရှက်၊ လွဲမရှက်၊ မှားမရှက်။
ဒေါက်တာတင့်ဆွေ
၂ဝ-၂-၂ဝ၁၆
၂ဝ-၂-၂၀၂၀
သတ်ပုံအမှား တားဆီးကြပါ
Gentleman Magazine မှာ အမျိုးသားများ အမျိုးသမီးကိုကြည့်ခြင်းက တားစီးဖို့မဖြစ်နိုင်လို့ရေးပြီး သတ်ပုံအမှားကို မျှဝေပြီး ကုသိုလ်လုပ်နေကြတယ်။ တားဆီးလို့သာရေးရတယ်။
• စီး = စီးပွားရေး၊ စီးဖြန်းသည်၊ လှည်းတစီး၊ စီးပိုးသည်။
• ဆီး = တားဆီး၊ ပုဆိုးဆီး၊ ဆီးကန့်၊ ဆီးကြို၊ ဆီးခုံ၊ ဆီးချိုရောဂါ၊ ဆီးစပ်၊ ဆီးပနီပင်၊ ဆီးပင်၊ ဆီးဖြူပင်၊ ဆီးဝမ်း။
သတ်ပုံအမှား တားဆီးကြပါ။
ဒေါက်တာတင့်ဆွေ
၂ဝ-၂-၂ဝ၁၆
၂ဝ-၂-၂၀၂၀
အမိန့်ရ အပ်ချုပ်ဆိုင်
စာမေးပွဲမေးခွန်းအမှားကို ထောက်ပြတော့ ကွန်ပြူတာသမားကမှားတာလို့ ခပ်ပေါ့ပေါ့ပြောတယ်။ ထမင်းရည်ပူ လျှာလွှဲတာလို့ ပြောတယ်။ ခေါင်းရှောင်တာလို့လည်း ခေါ်တယ်။
လူကြီးတွေ၊ ပါမောက္ခတွေမှာ တာဝန်ရှိတဲ့ အမှားတွေကို တင်ပြတိုင်း စာရိုက်သူကိုသာ အပြစ်တင်ကြတယ်။ အမြင် သွေလွဲတာ။
အင်္ကျီလက်တဖက်တို တဖက်ရှည်ချုပ်ပေးတာကို မင်္ဂလာဆောင်ဝတ်သွားပြီး၊ ငါ့အပြစ်မပြောကြနဲ့၊ စက်ချုပ်သမားလို့ ပြောသလိုပဲ။ ခက်တာက အဲဒီစက်ချုပ်သမားကိုပဲ လိုင်စင်ပေးထားတယ်။ အခုထိ။
ဒေါက်တာတင့်ဆွေ
၂၀-၂-၂၀၁၆
၂၀-၂-၂၀၂၀
Careless mistake on vinyl အန်ဗီရာစီတီ နှင့် တစ်ကသိုလ်
သူများအမှား ထောက်ပြစရာ မရှားပါ။ ဂျပန်ကတော့ ယူနီဗာစီတီဖြစ်ပြီး၊ ရန်ကုန်ကတော့ အန်ဗီရာစီတီ ဖြစ်လို့ နေတယ်။
ဒီစာတင်ပြီးနောက် ကွန်မင့်တွေထဲမှာ လက်တင်လိုရေးသလားတဲ့။ မဟုတ်ပါ။ လက်တင်လိုက University (Latin = universitas) ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံသားတွေက ကြံဖန်ပြီး အပြစ်ရှာတတ်သလို ကြံဖန်ပြီး အပြစ်မတင် အချစ်ဝင်သူတွေလည်းမရှားပါ။
ဖေ့စ်ဘွတ်မှာ ဘာဟုတ်သေးလဲ၊ လက်ပန်းတောင်အရေးမှာ ဘုန်းတော်ကြီးတွေကို ဆက်ကပ်တဲ့ သမတရုံးကစာမှာ ထိန်းသိမ်းကို မှားရေးထားတယ်။ ဆေးရုံဆိုင်းဘုတ်တခုမှာ အာထွာဆောင်းကို မှားရေးထားတယ်။
ကြီးကျယ်လှတဲ့ကုန်တိုက်တွေမှာ ဆူပါကို စလုံးနဲ့ရေးထားတယ်။ အစည်းအဝေးနောက်ခံ ဗိုင်းနယ်လ် မှာ အဲလိုမျိုးတွေက မနည်းလှ။ စာမေးပွဲမေးခွန်းတွေမှာ အာစရိယနွယ်ဝင်တွေက မတတ်တဲ့ပညာပြကြတယ်။
Vinyl ကို ဗိုင်းနယ်လ်လို့ အသံထွက်ပါတယ်။ http://dictionary.cambridge.org/us/pronunciation/english/vinyl
အဲတာတွေက ဘာဟုတ်သေးလဲ။ တက္ကသိုလ်တွေက မြန်မာစာမှာ တစ်ကသိုလ်တွေ ဖြစ်ကုန်ကြပြီ။
ဒေါက်တာတင့်ဆွေ
၂၀-၂-၂၀၁၆
၂၀-၂-၂၀၂၀
အလ္လကပ္ပ
ဆရာက ဘယ်နယ်သားလဲဗျ။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းရွာဇာတိ၊ မုံရွာမှာကြီးပြင်းပါတယ်။ မန္တလေးမှာ စာသင်တယ်။
အလ္လကပ္ပမှာ အာ မဟုတ်ဘူးလား။ သေချာ မသိပါ။
အရင်တုန်းကတော့ အာလကပ္ပလို့လဲရေးထားတာတွေ့ဖူးပါတယ်။ အခုလက်ရှိရေးနေတာကတော့ အလ္လကပ္ပလို့ပဲ ရေးကြပါတယ်။
ဟုတ်။ အာလ္လကပ္ပလို့သာ အသံထွက်တယ်။ သတ်ပုံစာအုပ်တွေထဲ လိုက်ရှာတာ မတွေ့။ အွန်လိုင်းမှာတော့ အလ္လကပ္ပသာ တွေ့တယ်။
ကျောင်းသားဘဝ မုံရွာကနေ မန္တလေးကို ရထားနဲ့ သွားရတိုင်း အလ္လကပ္ပဘူတာမှာ မြေရေအိုးလေးတွေကို ဝယ်ကြရတယ်။ တမတ်ပေးရတယ်။ တခါတခါ မြေအိုးလေးကို ကျောင်းဆောင်အထိ ယူလာတယ်။
ကျွန်တော်တို့ မမွေးခင်ကတည်းက စစ်ကိုင်းတိုင်းလို့သာ ရေးပါတယ်။ အခုတော့ လွယ်တာတွေကို ခက်အောင်၊ မှန်တာတွေကို မှားအောင် ရေးခိုင်းတဲ့ခေတ်။ တမတ်ခေတ်က စတယ်။
ဒေါက်တာတင့်ဆွေ
၂၀-၂-၂၀၂၀
စွန့်ခွာရသည့် နွေညများ
တက္ကသိုလ်ဘုန်းနိုင် ရေးတဲ့ စွန့်ခွာရသည့် နွေညများထဲက အရေးအသားနဲ့ သတ်ပုံကို တင်ပြပါတယ်။
ကိစ္စမရှိ။ ဆောင်းနံနက်ခင်းက အေးမြနေသည်။ ရထားထွက်ပြီး၍ တရေးလောက် မှေးလိုက်လျှင် ပဲခူးရောက်လောက်၌ ခေါင်းကကြည်လင်လာနိုင်သည်။ မကြည်လင်လာသေးလျှင်လည်း ဆက်ငိုက်။ မော်လမြိုင်အထိ အချိန်တွေ အများကြီး ရှိသည်။
အထက်တန်းတွဲ့၏ က ခုံတန်းစဉ်ဘက် တနေရာရသည်မှာ ကံကောင်းသည်။ သည်ခုံတန်းစဉ်မှာက ယှဉ်ဘက်မရှိ။ တခုံတည်းတွင် တဦးတည်း သီးသီးသန့်သန့် ထိုင်ရသည်။
တစ်ခုံတည်း မဟုတ်။ တစ်ဦးတည်း မဟုတ်။ တစ်ရေးလောက် မဟုတ်။ တစ်နေရာရသည်မှာ မဟုတ်။
မြန်မာစာသတ်ပုံမှန်ကနေ စွန့်ခွာရသည့် နွေညများ သိသူရှားပါသည်။ အမှားရထားကြီးပေါ်မှာ ထိုင်ခုံနေရာအပြည့်။ ခေါင်းတွဲမှာ လူအပြည့်။ အလံနီပြထားလည်း ဆက်သွားနေပါသည်။
ဒေါက်တာတင့်ဆွေ
၂ဝ-၂-၂ဝ၁၈
၂၀-၂-၂၀၂၀
Wednesday, February 19, 2020
Rural Beauty တောလား
ရေကန်နဲ့ လက်ပံ၊ ဆက်ရက်သံ ညံ၊ ရွာပြန် အမှတ်ရ။
ထန်းတောနဲ့ ယာ၊ အဝေးမှာ ခင်တန်း၊ ရွာကို လွမ်း။
သစ်ပင်နဲ့ ခြုံပုပ်၊ နတ်လုပ်တဲ့ ကန်၊ ရွာ အလည်ပြန်ချင်တယ်။
အုန်း ထန်း ငှက်ပျော၊ ပေါက်နဲ့ လက်ပံပေါတာ၊ ကျွန်တော်မွေးခဲ့တဲ့ မင်းရွာ၊
ပေါက်နှင့် ထန်းနှင့် လွမ်းချင့်ဖွယ်ရာ၊ ကျွန်တော်အလုပ်လုပ်ခဲ့ဘူးတဲ့ မြို့သာ၊
နယ်သူနယ်သားများနဲ့ နိုင်ငံသူနိုင်ငံသားများ ဘေးမခ ရန်ကွာ ကျန်းမာ ချမ်းသာ။
ဒေါက်တာတင့်ဆွေ
၂၀-၂-၂၀၁၆
၂၀-၂-၂၀၂၀
နှမ်းဖတ်ချဉ်ဋီကာ
နှမ်းဖတ်ချဉ်စာရေးတော့ နှမ်းဖတ်နဲ့ ပဲဖတ်ကို ခွဲခြားပြောကြတယ်။ အရင်တင်စဉ်ကလည်း အဲလိုကွန်မင့်တွေလာပါတယ်။ အရောင်မတူတာကို ထောက်ပြကြတယ်။ ဆီးကြ...