ယူနီဗာစတီမှ တစ်ကသိုလ်သို့
အမည်အခေါ်အဝေါ်သတ်မှတ်ရေးနဲ့ပတ်သက်ပြီးတာဝန်ရှိတဲ့ အတွင်းဝန်တဦးက ယူနီဗာစတီကို တက္ကသိုလ်လို့ အမည်ဖလှယ်တာကို ချက်ချင်းထကန့်ကွက်တယ်။
တက္ကသိုလ်ဆိုတာ အိန္ဒိယပြည်က တက္ကသီလာ(တက်ဆီးလား)ဆိုတဲ့ မြို့အမည်ကို ဗမာဘာသာနဲ့ တက္ကသိုလ်လို့ သုံးနှုန်းခေါ်ဝေါ်ခဲ့တာပဲ။ ယူနီဗာစတီနဲ့ဘာဆိုင်လို့လဲအဓိပ္ပာယ်တခြားစီပဲ။ ဒီတိုင်းသာဆိုရင်ကျုပ်တို့အင်္ဂလိပ်ဘာသာနဲ့ ယူနီဗာစတီကိုယူနီဗာစတီလို့မဆိုဘဲအောက်စဖို့ဒ်လို့ ခေါ်ရမလိုဖြစ်နေပြီဆိုပြီး ကန့်ကွက်ပါတယ်။
အဲ့လို ကန့်ကွက်တာကို ဦးဖေမောင်တင်တို့က ပြန်လည်ဖြေရှင်းကြပါတယ်။
ခင်ဗျားတို့ဆီမှာ ဘော်လ်စတယ်ဆိုတဲ့ ရွာကလေးကိုငယ်ရွယ်တဲ့ အကျဉ်းသားတွေသွားပို့ထားလေ့ရှိခဲ့တာကိုအစွဲပြုပြီး နောက်တော့ ကလေးထောင်ကို ဘော်လ်စတယ်လ်အင်စတီကျူလို့တွင်နေတာပဲ။ မက်ကင်တော့ရှ်ဆိုတဲ့လူနာမည်ကနေ မိုးကားအင်္ကျီကိုမက်ကင်တော့ရှ်လို့သတ်မှတ်သုံးစွဲခဲ့တာပဲ။ မက္ကဒမ်းဆိုတဲ့ပုဂ္ဂိုလ်ကိုအစွဲပြုပြီး လမ်းပြင်တာကို မက္ကဒင်းမစ် လုပ်တယ်လို့သုံးနှုန်းခေါ်ဝေါ်ကြတာပဲ"စသဖြင့် ပြန်လည်ချေပကြပါတယ်။ ဒါတောင် အတွင်းဝန်က မကျေနပ်လို့ အထက်ကို ဆက်တင်ပြီး အထက်ကခွင့်ပြုလို့ ယူနီဗာစတီကိုတက္ကသိုလ်လို့ ခေါ်တွင်နိုင်ခဲ့တာပါ။
အခုတော့ ရန်ကုန်တက္ကသိုလ်ကြီးလဲ နှစ်(၁၀၀)ပြည့်ခဲ့ပါပြီ။ ဒီတက္ကသိုလ်ကြီးဟာ တချိန်က အာရှမှာထည်ဝါခန့်ညားတဲ့ အသိပညာ အဆောက်အအုံကြီးတခုဖြစ်ခဲ့သလို ဒီတက္ကသိုလ်ကြီးကြောင့် မြန်မာပြည်ဟာလည်း အစဉ်အလာကောင်းခဲ့တဲ့ အသိပညာရပ်ဝန်းကြီးတခုကို ပိုင်ဆိုင်နိုင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ နှစ်ဆယ်ရာစု ဒုတိယနှစ်ဝက်မှာတော့ ဒီတက္ကသိုလ်ကြီးဟာ အဘက်ဘက်က ယိုယွင်းခဲ့ရသလို မြန်မာ့ အသိပညာ အသိုက်အ၀န်းကလည်း ကုန်းကောက်စရာမရှိအောင်ကို ချွတ်ခြုံကျခဲ့ရပါတယ်။
အခု နှစ် ၁၀၀ ပြည့်မှာ ရန်ကုန်တက္ကသိုလ်ကြီးကိုဂုဏ်ပြုကြတဲ့အခါမှာအဓိပတိလမ်း၊ အဆောင်ရှေ့ကသီချင်းတွေ၊ ဂျပ်ဆင်ထိပ်ကလရိပ်ပြာ၊ရေတမာပင်တန်းနဲ့လွမ်းမောဖွယ် တက္ကသိုလ်နေ့ရက်များတွေကို တသသဖြစ်ရအောင် ဂုဏ်ပြုကြသလို အစဉ်အလာကြီးမားခဲ့တဲ့တက္ကသိုလ်ရဲ့ အသိပညာအစဉ်အလာတွေကိုလည်း နှောင်းလူတွေ ပြန်လည်တသမိအောင် ဂုဏ်ပြုဖော်ကျူးနိုင်ဖို့လိုပါတယ်။
နှစ် ၁၀၀ ပြည့်ကို အဓိပတိလမ်းမထက်မှာ တိုးဝှေ့ရင်းဓာတ်ပုံတွေအလုအယက်ရိုက်ပြီး ဂုဏ်ပြုနေကြတာကိုလည်း အပြစ်တော့မဆိုသာပါဘူး။ ဒါပေမဲ့အဲ့လိုဂုဏ်ပြုကြတာထက် ယိုင်နဲ့နေတဲ့ ဒီအသိပညာအဆောက်အဦကြီးကို ပြန်လည်ဝံ့ထည်လာအောင် ၀ိုင်းဝန်းကူညီပံပိုးပေးကြတဲ့နည်းနဲ့ ဂုဏ်ပြုကြရင်လည်း သာပြီးကောင်းမယ်လို့တွေးမိပါတယ်။
ဥပမာပြောရရင် တက္ကသိုလ်စာကြည့်တိုက်ကြီးဆိုပါစို့ဗျာ။ တချိန်ကဆို ခေတ်နဲ့တပြေးညီအသိပညာတွေကို သိုမှီးထားနိုင်ခဲ့တဲ့နေရာကြီးဖြစ်ခဲ့တယ်။ အခုကျတော့ တက္ကသိုလ်စာကြည့်တိုက်ဆိုတာ တခြားနိုင်ငံက တက္ကသိုလ် စာကြည့်တိုက်တွေနဲ့ ယှဉ်ရင် အတော်လေး ချုံးသွားတယ်ပြောရမယ်။ တက္ကသိုလ်စာကြည့်တိုက် ညှိုးချုံးသွားရင် တက္ကသိုလ်အသိပညာရပ်ဝန်းထဲ ညှိုးချုံးသွားမှာပဲ။ ဒီတော့ တက္ကသိုလ်အသိပညာရပ်ဝန်းကြီး ပြန်စည်ပင်အောင် တက္ကသိုလ်စာကြည့်တိုက်ကြီးကို အဆင့်မီစာကြည့်တိုက်ကြီးဖြစ်အောင် နှစ်(၁၀၀)ပြည့်မှာ ၀ိုင်းပြီး ဂုဏ်ပြုကြနိုင်ရင် ကောင်းမယ်လို့စဉ်းစားမိတယ်။ စာကြည့်တိုက်ဆိုတာ ကဏ္ဍလေးတခုပါပဲ။ တခြားသောကဏ္ဍတွေလဲ အများကြီးရှိနေပါလိမ့်မယ်။ အဲ့ဒီတော့ တက္ကသိုလ်နှစ်(၁၀၀)ပြည့်မှာ အသိပညာ အဆောက်အဦကြီး ပြန်လည် ဖွံ့ထွားလာအောင် အဘက်ဘက်က၀ိုင်းဝန်းပံ့ပိုးပြီးဂုဏ်ပြုနိုင်ကြရင်တော့ နတ်လူ၊ သာဓု ခေါ်စရာဖြစ်မယ်လို့ စဉ်းစားမိရင်း ဒီစာကို ရေးလိုက်ပါတယ်။
Ko Ye တင်ထားတာကို ကူးတင်တာသာဖြစ်ပါတယ်။ ကျေးဇူး။ ကျွန်တော်က ခေါင်းစဉ်သာ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment