Stay Humble သခွတ်ပွင့်

တမြန့်ပြင်တနှစ်က ကွန်မင့်တခုရတယ်။ သခွတ်ပွင့်ခြောက်လေးကို ပြုတ်ပြီး ခရမ်းချဉ်သီးငပိချက်လေးကို မလွမ်းဘူးလားဆရာ။ ပြည်တွင်းမှာနေတုံးက သခွတ်ပွင့် (ဟင်းငုတ်ပွင့်) ကို ကိုယ်တိုင်ကောက်ဖူးတယ်။ မြို့သာကနေ ငါန်းဇွန်ကိုသွားတဲ့လမ်းမှာ အပင်ရှိတယ်။ သခွတ်ပင်မမြင်ရတာ ၂၅ နှစ်ကျော်ပြီဆရာတဲ့။

တနေ့ကလည်း ပုလဲနယ်ထဲက ဟင်းငုတ်ပွင့်ပုံပို့ပေးတယ်။

ကျွန်တော် ဆရာဝန်အလုပ် ဒုတိယနေရာ မြို့သာမှာ တိုက်နယ်ဆရာဝန်လုပ်ရတယ်။ ၂-၃ နှစ်နေတော့ ဂျစ်ကားလေးတစီး ဝယ်တယ်။ ငါန်းဇွန်းကို လခထုတ်တိုင်း၊ တရားရုံးအစစ်ခံစရာရှိတိုင်း၊ ဆေးထုတ်စရာရှိတိုင်း ကိုယ့်ကားလေး မောင်းသွားတယ်။ ကားလေးလည်း ဖွတ်ဖွတ်ညက်ညက်ကို ကျေလို့။

နိုင်ငံရေးလုပ်တော့လည်း မြို့နယ်ပါတီရုံး၊ ရွေးကောက်ပွဲမှာ ကုန်တာကျတာ အားလုံး အိတ်ထဲကစိုက်တယ်။ နိုင်ငံရေးထဲ ဝင်လုပ်မယ်ဆိုပြီး အစိုးရဆရာဝန်အလုပ်က ထွက်တော့လည်း ၁၅ နှစ် လုပ်ထားတာအတွက် ဘာခံစားခွင့်မှမရပါ။

ပြည်ပရောက်စနှစ်တွေမှာ ပြည်တွင်းမှာကျန်ရစ်သေးတဲ့ ဇနီးဆီကနေ မှာသုံးရတယ်။ ၂ဝဝ၇ ကတည်းက အထောက်အပံ့တွေ အကုန်ဖြတ်တော့ ဒေလီမှာရှိတဲ့ရုံးကို ၂ နှစ်တိတိ ဆက်ဖွင့်နိုင်အောင် ကိုယ့်ဖါသာကိုယ် ဖန်တီးခဲ့ပါတယ်။ ကျွန်တော့်ကို ပြည်ပပါတီထဲမှာ စွပ်စွဲတော့ အဖွဲ့ပိုင်ငွေအလွဲသုံးစားတယ်တဲ့။ အမေရိကမှာအခြေချဘို့ နောက်ဆုံးအဆင့်မှာ ယူအက်စ်မှာ အိမ်ဝယ်ထားတယ်လို့ အမေရိကန်သံရုံးကို တိုင်စာပို့တာခံရတယ်။ ဝယ်စရာ တပြားမှရှိတာမဟုတ်။ နိုင်ငံရေးထဲမှာ အဲလိုတွေရှိတယ်။

ကျွန်တော့်နိုင်ငံရေးဟာ သခွတ်ပွင့်လိုပါပဲ။ အရသာခါးပေမယ့် ခံတွင်းတွေ့တယ်။ ကိုယ့်လက်နဲ့ ကောက်ယူလို့ရတယ်။ အပင်ပေါ်မှာ ဖြူဖွေးနေတာပဲ။ ဒါပေမဲ့ ဟင်းငုတ်ပွင့်ဆိုတာ ကြာကြာမခံပါ။ အခြောက်လှမ်းထားတော့ မည်းသွားရော။

ဒေါက်တာတင့်ဆွေ
၁၃-၂-၂ဝ၁၆
၁၃-၂-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး