တက်ချိန်နှင့်ကျချိန်

ဗျိုင်းညီနောင်၊ အတောင်ကဖြူဖွေး။

ကမ်းစပ်ကိုကြဉ်
ကွင်းပြင်ကို စားကျက်ပြောင်းကျပေါ့
ချောင်းအောက်ခွင်ပင်လယ်ဝမှာ၊ ဒီကြွပြီလေး။

ကဏန်းမ ရွှံ့စိုစို၊ တကိုယ်လုံးနီတွေး။

တွင်းဝလတာပြင်က
ခရာပင် တွယ်ကာတက်လေပေါ့
တောင်ဘက်ခွင်ပင်လယ်စွန်းမှာ၊ ဒီတွန်းပြီလေး။

ပုစဉ်းကောင်၊ အတောင်ကငွေမှေး
ကမ်းစပ် ကျူတရုံက
သူမလုံ သူခုန်ထွက်လေပေါ့၊ ဒီတက်ပြီလေး။

ဒီတက်ချိန်၊ ဆန်လာပေါ့ ဗေဒါပန်း
ကျူရိုးရှင် ကျူတံတီး၊ ဆီးကြိုလို့လွမ်း
ဗျိုင်းညီနောင်၊ အတောင်ကဖြူဖွေး။

ကမ်းစပ်မှာငိုင်
သူ့လည်တိုင် စွေတစောင်းနဲ့
ရေတံငါ အစာချောင်းပြန်ပေါ့
ဒီညောင်းပြီလေး။

ကဏန်းမ ရွှံ့စိုစို၊ တကိုယ်လုံးနီတွေး။

လက်မ တထောင်ထောင်နဲ့
တွင်းပေါင်မှာ မင်းယောင်ခင်းပြန်ပေါ့
ဒီဆင်းပြီလေး။

ပုစဉ်းကောင်၊ အတောင်ကငွေမှေး
ကျူရုံမှာ သူလှုံခပြန်ပေါ့၊ ဒီကျပြီလေး။

ဒီကျချိန်တန်၊ စုန်ပြန်ပေါ့ဗေဒါပန်း
ကျူရိုးရှင် ကျူပင်ရွက်နဲ့
ခွန်းဆက်လို့လွမ်း။ ။ (ဇော်ဂျီ)

ဒေါက်တာတင့်ဆွေ
၂၅-၂-၂၀၁၉

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး