ကျေးလက်က သူတို့

နေပင်မြင့်လည်း
မရင့်သေးသည့်၊ ချိုထန်းရည်ကို
သောက်သည်ငါတို့၊ တကြိုက် နှစ်ကြိုက်။

သူတို့ကျွေးကြ
ကျေးလက်ဟင်းလျာ၊ အဖြာဖြာသည်
ရင်မှာဆို့အောင် စုံလှသည်။

ဆွေမျိုးတွေသို့
မမေ့စရာ၊ လွန်ပျူငှါသည်
ရပ်မှာမွဲလည်း၊ စိတ်မမွဲ။

သူတို့အကြောင်း၊ တို့အကြောင်းနှင့်
မြို့ကြောင်းရွာကြောင်း၊ အကြောင်းကြောင်းကို
သောင်းပြောင်းထွေလာ၊ ပြောချင်ရှာ၍
နေပါဦးလား၊ သူတို့တား။

သို့ပင်ဖြစ်လည်း
မစင်လက်ရေ၊ ခဏနေပြီး
ဝေဝေမင်းလွင်၊ နေပူပြင်ကို
အလျှင်ကျော်လွှား၊ ငါတို့သွားရန်
စကားကောင်းတုန်း ဖြတ်ခဲ့ရ။

ငါတို့ခရီး၊ ပန်းတကြီးကား
လှမ်းပြီးလှမ်းရန် ကျန်သေးသည်။ ။

ဆရာမင်းသုဝဏ် ၂၈-၄-၁၉၇၁ နေ့စွဲနဲ့ရေးခဲ့တာ။ ခုခေတ်လူတွေကတော့ တစ်ကြိုက် နှစ်ကြိုက်လို့ ရေးကြတယ်။ ရင်မှာစို့အောင်လို့ ရေးကြတယ်။ ပန်းတစ်ကြီးကားလို့ ရေးကြတယ်။

မြန်မာစာခရီး ပန်းတကြီးကား လှမ်းပြီးလှမ်းရန် ကျန်သေး၏တည်း။

ဒေါက်တာတင့်ဆွေ
၁၈-၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ