ပြန်ဆိုတေး

သတ်ပုံတွေရေးနေရင်းနဲ့ နှိုင်းယှဉ်ချက်တခု ပေးချင်လာပါတယ်။

အရင်ကရေးခဲ့တဲ့သတ်ပုံတွေကို ခေတ်ကာလအရ လွယ်ကူးရှင်းလင်းအောင်ပြောင်းတာမျိုး မဟုတ်ဘဲ အုပ်ချုပ်သူကို အခွင့်ကောင်းယူပြီး ကိုယ်လိုရာကို မှန်တယ်လို့ ဆရာကြီးတချို့က ပြောင်းခဲ့တာ သမိုင်းမှန်ဖြစ်ပါတယ်။ သူတို့လည်း တော်ကြပါတယ်။ သူတို့လိုတော်တဲ့ ဒါမှမဟုတ် ပိုတော်တဲ့ဆရာတွေကတော့ ကုလားထိုင်မှာ ထိုင်ကြသူတွေမဟုတ်ကြလို့ လူရာသွင်းမခံရပါ။ အဲတာလည်း သမိုင်းမှန်ဖြစ်ပါတယ်။ နာမည်တွေ ထုတ်မရေးလိုပါ။

ပြင်ခဲ့သူတွေက စီမံခန့်ခွဲမှုအာဏာနဲ့ သည်လိုသာဖြစ်စေရမယ်။ လွဲတာကိုထုတ်ဝေခွင့်မပေး လုပ်ပါတယ်။ ကြာလာတော့ ပုံနှိပ်စာအုပ်မှတ်သမျှ ခြမကိုက် ပိုးမထိုးတာဆိုရင် အဲလိုပေါ်လစီသတ်ပုံတွေချည်းသာ ဖြစ်လာတယ်။ နောက်လူတွေက အဲတာတွေသာ အမှန်ထင်ကြတော့တယ်။ မြန်မာစာနဲ့ ဘာသာစကားဆိုတာ သိပ္ပံမှာလို ပုံသေနည်းတခုချထားရင် မပြောင်းတော့တာ မဟုတ်ပါ။

ဒီကြားထဲမှာ ဘာသာစာပေကို အလေးထားလေ့လာလိုက်စားသူတွေရှိပါတယ်။ သူတို့အတွက် မြင်ဆရာ ကြားဆရာအဖြစ် တာဝန်ရှိသူတွေဆီကနေ နာယူမှတ်သားကြတယ်။ အဲလိုဆရာကြီးတွေကို အလွန်ပဲလေးစားကြတယ်။ ကျွန်တော်လို မြန်မာစာမှာ ဘာမှမဟုတ်သူကနေ အခုလိုတွေရေးတာလည်းဖတ်ကြပုံရပါတယ်။ သူတို့ဆရာတွေကသာ ခေတ်ပေါ်၊ ခေတ်မီပညာရှင်တွေအဖြစ် လက်ခံကြတယ်။ အရင်က ဘယ်လိုရေးထားခဲ့ထားခဲ့ ဦးနေဝင်းလမ်းညွှန်ခဲ့တဲ့အတိုင်း တပြေးညီဖြစ်ရမယ်။ မူရှိမယ်လို့ ပြန်လှန်ဆွေးနွေးပါတယ်။ အရင်ကတော့ မူပျက်တယ်လို့ပြောချင်ပုံရတယ်။ မြန်မာစာကို ယူနီဖောင်းဝတ်ပေးတာ သဘောကျပုံရတယ်။

တေးဂီတနယ်မှာ ကျွန်တော်တို့ခေတ်က ပြည်လှဖေ၊ မေရှင်၊ ဂီတနက်သံကိုစောညိန်း၊ ကိုအံကြီး၊ မာမာအေး၊ မြို့မ။ နောက်လူတွေက အဆိုတော်သစ်တွေနဲ့သာ စခန်းသွားလာကြတယ်။ နောက်အဆိုတော်တွေကလည်း ခေတ်ဟောင်း သီချင်းတွေပဲ ပြန်ဆိုကြတယ်။ နောက်လူတွေက ပြည်လှဖေဆိုတာကို နားမထောင်တတ်တော့ဘူး။ မေရှင်အသံကို နားမဝင်ကြတော့ဘူး။ ကိုစောညိန်းအသံ နားဝင်ပီယံမဖြစ်ကြတော့ဘူး။

နတ်သျှင်နောင်ရတုကို သတ်ပုံပြင်ဆိုမှသာ နားဝင်ချိုကြတော့တယ်။ ယူနီဖောင်းခတ်က ပြင်ရတာအတော်ခက်တယ်။ ကျွန်တော်က ဇွဲကိုတော်တော်နဲ့ လျှော့တတ်သူမဟုတ်ပါ။

မြကလောင်ရေးပြီး ပြည်လှဖေဆိုတဲ့ ဇွဲ https://www.youtube.com/watch?v=vytRoh8CSbA

ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ