Hot, Flat, and Crowded ပူလောင် ပြားညီ လူများသည်

(မနှစ်က ဒီနေ့မှာ ရေးတဲ့စာ)

စာအုပ်ခေါင်းစဉ်ပါ။ နာမည်ကြီးပြီးသား ပူလစ်ဇာဆုသုံးကြိမ်ရထားတဲ့ စာရေးဆရာ၊ ကမ္ဘာကြီးပြားပြီစာအုပ်နဲ့ နာမည်ထွက်လာခဲ့သူ Thomas L. Friedman (သောမတ်စ် ဖရီးမင်း) ကနေ ၂ဝဝ၉ မှာရေးတာပါ။

အစိမ်းရောင်တော်လှန်ရေး ဘာကြောင့်လိုအပ်သလဲနဲ့ အမေရိကကို ဘယ်လိုဆန်းသစ်မလဲဆိုတာ ရေးပါတယ်။ အေဒီ ၂ဝဝ၈ မဟုတ်ပါ။ အခုချိန်ကို အင်နာဂျီ-ရာသီဥတုခေတ်ပြိုင်လို့ဖေါ်ညွှန်းပါတယ်။ Energy-Climate Era (ECE) အီးစီအီး (၁) လို့ ခေါ်လိုက်ပါတယ်။ စာအုပ်စာမြီးကို ဘာသာပြန်ရေးရတာက အစိမ်းရောင်တော်လှန်ရေးသစ်ကို သိစေချင်တာထက် ပိုပါတယ်။ နိဂုံးဝါကျအထိ ဖတ်စေလိုပါတယ်။

သူရေးတဲ့စာအတွက် ပရိတ်သတ်ဟာ ကိုယ့်လက်အောက်ငယ်သားတွေ တဝက်လောက်ကပဲ ကွန်ပြူတာသုံးပြီး၊ တဝက်လောက်က စာရွက်၊ ခဲတန်နဲ့ ဂဏန်းတွက်ပေသီးပဲသုံးနေသူတွေအတွက်မဟုတ်ဘဲ၊ အမှုဆောင်အရာရှိတွေအတွက် ဖြစ်ပါတယ်။ အမေရိကန်မဟုတ်သူတွေကဖတ်ရင်တော့ မျက်ပြူးမျိုးချစ်တယောက်လို့ ထင်ကြပါမယ်။ ဒါပေမယ့်သူက သက်သေခံငြင်းဆိုချက်တွေနဲ့ ရေးပါတယ်။

ဆိုဗီယက်ယူနီယန်ကြီးနဲ့ (အိုင်းယွန်းကားတိန်း) ခေါ် သံကလကာကြီး ပြိုကျသွားလို့ ကမ္ဘာ့စီးပွါးရေးကစားကွင်းကြီးရဲ့ အဆီးအတားတွေကို ပပျောက်သွားစေတယ်။ ပြင်ညီပြားဖြစ်သွားတယ်။ အလားတူ ဈေးကွက်ကို ဂေဟစနစ်ရဲ့ အမှန်တရားကို ခွင့်မပေးတဲ့အတွက် အရင်းရှင်စနစ်လည်း ပြိုကွဲသွားနိုင်တယ်ဆိုတာ စာအုပ်ရဲ့မက်ဆေ့ခ်ျပါ။

သူက အစပြိုးမှာ ရောဂါရှာပေးတယ်။ ဘာဖြစ်နေသလဲ။ ဘာလို့အခုလိုဖြစ်လာတာလဲ။ သူ့အရင်စာအုပ်မှာလို ကမ္ဘာကြီးဟာ စီးပွါးရေးပြိုင်ဆိုင်ရာမှာ တန်းတူရည်တူဖြစ်လာတယ်။ တဆက်တည်းမှာ လူဦးရေထူထပ်လာတယ်။ များလာတဲ့လူဦးရေ အတော်များများက အမေရိကန်စားသုံးသူပုံစံတွေကိုလက်လှမ်းမီလာနေကြတယ်။ အဲတော့ အဲလိုမျိုး အမေရိကန်တွေက ၂ ကနေ ၃ ဘီလီယန်ရှိလာတယ်။ အားလုံးက လူလတ်တန်းစား (ကားရှိမယ်၊ ရေခဲသတ္တာရှိမယ်၊ အဲယားကွန်းရှိမယ်) ဖြစ်လိုကြတယ်။ အဲတော့ ကမ္ဘာ့အင်နာဂျီလိုအပ်ချက်က တိုးသထက်တိုးများလာတယ်။ အဲဒီ တိုးတက်မှုဟာ တာရှည်ခံ မဟုတ်ပါ။

အင်နာဂျီငတ်မွတ်လာတာ အန္တရာယ်ရှိတယ်။ ပတ်ဝန်းကျင်ကို ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ ထုံမွှမ်းစေတယ်။ အပူချိန်က စိုးရိမ်အမှတ်ရောက်လာတယ်။ လှပတဲ့အရောင်စုံ သဘာဝဇီဝစနစ် ပျက်ယွင်းလာတယ်။ မိနစ် ၂ဝ တိုင်းမှာ မျိုးစိတ်တခု နိဋ္ဌိတံသွားနေရတယ်။ တနည်းအားဖြင့် ကမ္ဘာ့ရုပ်ကြွင်းလောင်စာ အရံထားရှိမှုကို ထိန်းတဲ့အရာရှိရဲ့ အိတ်ထောင်လိုင်နင် လုပ်ပေးနေသလို ဖြစ်နေတယ်။ သူတို့ဟာ ဓါတ်ဆီအာဏာရှင်တွေ ဖြစ်ကြတယ်။

စွမ်းအင်ပိုင်ဆိုင်သူတွေနဲ့ စွမ်းအင်မပိုင်သူတွေကြား ကွာဟမှုက ပိုကြီးမားလာနေတယ်။ ဆိုလိုတာက ပြားပြီလို့ဆိုတဲ့ ကမ္ဘာမှာ လက်ပတော့မပြောနဲ့ မီးလုံးခလုတ်ကိုတောင်မှ ဖွင့်ကြရမှာမဟုတ်တော့မှာမို့ပါ။

ဘာလုပ်ရမလည်းကိုပါ ရေးတယ်။ အမေရိကန်ကနေ သန့်ရှင်းတဲ့အင်နာဂျီနဲ့ သူများတွေအတွက် နမူနာပြလုပ်ပြရမယ်။ အိမ်တွေ၊ ရုံးတွေ၊ ကားတွေမှာ သန့်ရှင်းတဲ့ အီလက်ထရွန်တွေ တပ်ဆင်ပေးရမယ်။ ညစ်ညမ်းတဲ့ရုပ်ကြွင်းလောင်စာ၊ ကျောက်မီးသွေးလောင်စာတွေချည်းသာမသုံးပဲ သန့်ရှင်းတဲ့ လေ၊ ရေ၊ အနုမြူလောင်စာသုံးတွေဖြစ်လာရမယ်။ အီးစီအီး (၂ဝ) ရောက်ချိန်မှာ အင်နာဂျီ အင်တာနက်ကို ဈေုးအချိုဆုံး၊ အသုံးများချိန်အပတွေကို လက်လှမ်းမီသင့်တယ်။ ကားတွေကိုလည်း ဟိုက်ဘရစ် (နေရာင်နဲ့အားသွင်းလို့ရတဲ့ ဗက်ထရီသုံး) ကလည်း တဂါလံမှာ မိုင်တရာအဆင့် ဖြစ်လာစေသင့်တယ်။ (မှတ်ချက်။ ကနေ့ထုတ် ဟိုက်ဘရစ်ကားဟာ ဓါတ်ဆီတဂါလံကို မြို့ထဲမောင်းရင် ၄၁ မိုင်၊ အဝေးပြေးလမ်းမှာ ၃၆ မိုင်သွားနိုင်တယ်။) အဲလိုဖြစ်လာဘို့က အကြီးအကျယ်ပြောင်းလဲမှုလိုပါတယ်။ ဈေးကွက်ပုံစံ ပြောင်းရမယ်။ လျှပ်စစ်နည်းနည်းသာသုံးတာ ဖြစ်ရမယ်။ သမတ အီဗရာဟမ် လင်ကွန်းလို၊ ဖရင့်ကလင် ရုစ်ဗဲလ်လို ခေါင်းဆောင်မှုမျိုး လိုအပ်ပါတယ်။

(ထပ်ဖြည့်)
အခုတော့ စာအုပ်သစ်ရေးရေးကြပါတော့မယ်။ ကမ္ဘာ့အင်အားအကြီးဆုံးတိုင်းပြည်မှာ ပါဝါအမြင့်ဆုံးနေရာကို လူသစ်တယောက် ရောက်လာပါပြီ။ သူကလူတမျိုး။ အင်နာဂျီကို ငွေလုပ်ချင်သူ။ ပတ်ဝန်းကျင်ဆိုတာ ဘေးကအိမ်တွေ။ အနဂတ်ဆိုတာ လေးနှစ်ကနေ ရှစ်နှစ်အထိသာ ရှိသတဲ့။

ဒေါက်တာတင့်ဆွေ
၂၃-၁၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ