စိန်ပန်းနဲ့ ပိတောက်

ကနေ့ခင်းတဲ့ အင်ဒီယာနာပလစ်မြို့ကထိန်မှာ မြန်မာပြည်ကကြွလာတဲ့ဆရာတော်က တရားဟောပါတယ်။ ကျွန်တော် ဗုဒ္ဓဂါယာကို ပဌမဆုံးအခေါက်ရောက်စဉ်က ဘုရားဖူးလိုက်ပို့ပေးကတည်း ဘုန်းကြီးနဲ့သိကျွမ်းရင်းနှီးပါတယ်။ ဒေလီမှာ ကျွန်တော်ငှားနေရတဲ့အိမ်ခန်းလေးမှာလည်း လာပြီးတည်းခိုဖူးတယ်။ စာသင်တာပြီးဆုံးလို့ ပြည်တွင်းကိုပြန်ကြွသွားတယ်။ မပြန်ခင် ဇင်တရားအင်္ဂလိပ်လိုစာအုပ်လေးတွေ ပေးထားခဲ့သေးတယ်။ ဇင်သမားတွေလို့ပဲ တန်းပြီးမှတ်ယူလိုက်ကြမလား မသိပါ။

ဘုန်းကြီးက ဖီလော်ဆော်ဖီလည်း လေ့လာတယ်။ ကနေ့တရားထဲမှာ တချိန်က မြန်မာပြည်တက္ကသိုလ်နယ်မှာ အထင်ကရ နာမည်ကြီးပြီး၊ လူငယ်တွေအပေါ်အများကြီးလွှမ်းမိုးခဲ့တဲ့ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ကဗျာတပုဒ်ပါ ထည့်ဟောပါတယ်။ (တက္ကသိုလ်ဘုန်းနိုင်ရဲ့ နောက်ပိုင်းရပ်တည်ချက်ကို မသိမရှိပါ။ သူ့ကဗျာကတော့ အခုထိအဓိပ္ပါယ်ရှိပါတယ်။)

စိန်ပန်းနဲ့ ပိတောက်။ စိန်ပန်းက တနှစ်လုံးလို ပွင့်တယ်။ အမွှေးနံ့တော့ မရှိပါ။ ရာသီရောက်တော့ ပိတောက်ပွင့်လာတယ်။ လှလွန်းမွှေးလွန်းလို့ သူ့ခေါင်းမှာလည်း ပိတောက်၊ ကိုယ့်ခေါင်းမှာလည်းပိတောက်။ အဲတော့ စိန်ပန်းက မုဒိတာပွါးပါတယ်။ သူ့ရဲ့တာရှည်ခံတဲ့သက်တမ်းကို ပိတောက်ကို ပေးချင်ပါသတဲ့။

ဒေလီမှာတုန်းကလိုပဲ ဘုန်းကြီးနဲ့ စကေားစမြည်ပြောဖြစ်တယ်။ ဘုန်းကြီးက စာလေးတွေရေးတယ်တဲ့။ တရားကို မပင့်လည်း ကျုပ်ဟောမယ်လို့ လိုက်ဟောရပါသတဲ့။ သူရေးတာ နားလည်တဲ့သူ မရှိလှဘူးတဲ့။ လူငယ်တွေကို စဉ်းစားတွေးခေါ်တဲ့ ဒဿနလေးတွေ ပျိုးထောင်ပေးနေတယ်တဲ့။ စာပေဟောပြောပွဲသွားရင်းနဲ့ ချင်းတွင်းမြစ်အနောက်ဖက်က ပုလဲမှာရှိတဲ့ ကျွန်တော့်အိမ်လေးကို သွားကြည့်ခဲ့သေးသတဲ့။

ပြည်တွင်းက နိုင်ငံရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု အခြေအနေသုံးသပ်ချက်တွေ ကျွန်တော်ထင်တာ မမှားကြောင်း ဘုန်းကြီးမေးကြည့်ပြီး သိရတယ်။ ကျွန်တော်ရေးတာတွေ နားမလည်ကြလည်း ကျုပ်ဟောမယ်လုပ်ရမှာပဲ။

ဒေါက်တာတင့်ဆွေ
၁၃-၁၁-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး