ညောင်ကန်ရွာ

စစ်ကိုင်တိုင်း၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ရွာ

သားတယောက်က သူ့အမေ့ရဲ့ရွာ ညောင်ကန်ကို အလည်ရောက်နေတယ်။ ကျွန်တော်က ဘုတလင်ရောက်တိုင်း ညောင်ကန်ကို မရောက်တာမရှိ။ ဒေါ်မြမြအေးက မောင်နှမအရင်းမရှိ။ အမေရင်းကလည်း ငယ်ကတည်းကဆုံးလို့ ညောင်ကန်မှာနေတဲ့ သူ့ဒေါ်လေးစောင့်ရှောက်မှုအောက်မှာ ကြီးပြင်းခဲ့တယ်။

ညောင်ကန်သူဒေါ်လေးကလည်း ကျွန်တော် ပုလဲမှာတာဝန်ကျကတည်းက အိမ်မှာလာနေပေးတယ်။ ကျွန်တော့်ကို စစ်ထောက်လှမ်းရေးကနေ လာဖမ်းတဲ့ညမှာ ဒေါ်လေးက ခြံတံခါးသော့ကို ခါးကြားချိတ်ထားရင်း အိမ်ကိုဝိုင်းထားသူတွေကို သော့သွားယူဦးမယ် ပြောထားပြီး၊ ညစာစားနေတဲ့ ကျွန်တော့်ကို သတင်းလာပေးတာနဲ့ စက္ကန့်ပိုင်းလေးအတွင်းမှာ ကျွန်တော် ပုန်းရှောင်နိုင်လို့ လွတ်မြောက်ခဲ့ပါတယ်။ ၁၉၉ဝ ခုနှစ် နိုဝင်္ဘာ ဆောင်းတညမှာ ကျွန်တော့်ညစာ ပုလဲအိမ်မှာ ကျန်ရစ်တယ်။

ညောင်ကန်ရောက်တိုင်း ယာခင်းထဲက အသီးအရွက်တွေ ခူးဆွတ်ပြီး ဒေါ်လေးချက်ကျွေးတာစားခဲ့တာကို မမေ့ပါ။ ဒေါ်မြမြအေး (တရွာလုံးက မတင်တင်လို့သာခေါ်ကြတယ်) အမျိုးတွေက တအိမ်ပြီး တအိမ်ကနေ ထမင်းခေါ်ကျွေးမွေးတာတွေကို မမေ့။ ညောင်ကန်ကိုသွား ထမင်းစားချင်သေးတယ်။ ညောင်ကန်မှာပွင့်တဲ့ စပယ်ပန်းကိုလည်း ဒေါ်မြမြအေးက ပန်ချင်ရှာပေလိမ့်မယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၄-၂ဝ၁၇



Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ