Pronoun နာမ်စား

Pronoun နာမ်စား

ဆရာ မင်းဟာလို့ရေးတာ ရိုင်းရင် ဘယ်လိုနာမ်စားနဲ့ အယဉ်ကျေးဆုံးဖြစ်အောင်တပ်ခေါ်သင့်လည်းဆရာ။ လူတယောက်ရဲ့ အလုပ်အကိုင် အနေအထားပေါ် မူတည်ကွဲပြားခေါ်ရပါသလားဆရာ။ အခေါ်အဝေါ်ယဉ်ကျေးမှူ သိပ်နားမလည်လို့ပါဆရာ။

နာမ်စားကို အင်္ဂလိပ်မှာကတော့ ရှင်းတယ်။ ကိုယ့်ကိုယ်ကိုပြောရင် (အိုင်) တခုတည်းသာရှိတယ်။ I ဆိုတာ ပဌမပုဂ္ဂိုလ် + အနည်း + နာမ်စား + ပြုလုပ်သူဖြစ်တယ်။ Me ဆိုတာ ပဌမပုဂ္ဂိုလ် + အနည်း + နာမ်စား + ပြုလုပ်ခံရသူဖြစ်တယ်။ အင်္ဂလိပ်စာဆရာတွေက Me (မီ) ကို I (အိုင်) သဘောမျိုးနဲ့ ပြုလုပ်ခံနေရာမှာ ပြောမိရင်လည်း ပြောပေါ့၊ စာနဲ့တော့ မရေးပါနဲ့လို့ဆိုပါတယ်။ ခက်တာက Me and My Broken Heart သီချင်းရှိတယ်။

ဘန်းစကားတွေနဲ့ သီချင်းတွေကြောင့် မြန်မာစာသာမက အင်္ဂလိပ်စာလည်း ပျက်ကုန်တယ်။ အင်္ဂလိပ်စာသင်တဲ့ ဆရာတွေက အင်္ဂလိခ်ျ-အစ်စ်-ခရေးဇီးလို့ ဝန်ခံတယ်။

ဒီစာမှာ မြန်မာလို နာမ်စားကိုရေးချင်တာပါ။ အမျိုးမျိုးသုံးနေကြတယ်။ ကျွန်တော်၊ ကျွန်မ၊ ကျနော်၊ ကျမ၊ ကိုယ်၊ ကျုပ်၊ ငါ၊ ကျွန်ုပ်၊ အကျွန်ုပ်၊ အကျွန်၊ သမီး၊ သား၊ မီးမီး၊ အိုင်၊ အီစကို၊ ဤဖေကိုယ်၊ တို့ (ဒို့)၊ မိမိ၊ ငါကိုယ်တော်မြတ်၊ ငါတို့၊ သင်၊ မင်း၊ ခင်ဗျား၊ နင်၊ သူ၊ သင်း။

သက်မဲ့ကို ထို၊ ယင်း၊ အနှီ၊ ဤ၊ ၎င်း၊ ဟို၊ သည်လို့ အလျဉ်းသင့်သလိုသုံးပါတယ်။

ဆရာက၊ ဆရာမက၊ အဖေက၊ အမေက၊ အဖိုးအဖွားက စသဖြင့်လည်းရှိတယ်။ ရှင်က၊ ရှင်တို့က၊ ညည်းက၊ ညည်းတို့ကကို ရင်းနှီးလို့ရော၊ ပြစ်တင်ချင်လို့ရော နှိမ်ချင်လို့ပါသုံးကြတယ်။

ကျွန်တော်အစား ကျနော်၊ ကျွန်မအစား ကျမလို့ရေးတာ သင့်တယ်ထင်ပါတယ်။ ဒါပေမယ့် အမ၊ အကိုလို့သာ ရေးသင့်တယ် ထင်တယ်။ အရင်သတ်ပုံစာအုပ်တွေမှာ အမ၊ အကို မပါ။ အစ်မ မပါ၊ အစ်ကို မပါ။ ကွမ်းအစ်၊ အစ်အံလို့သာ ပါတယ်။

ကျုပ်လို့သုံးတာတော့ မယဉ်ကျေးလို့ထင်ပါတယ်။ ငါ နဲ့ မင်းကိုလည်း သတိထားသုံးရမယ်။ ရန်ဖြစ်ချိန်၊ စိတ်တိုချိန်၊ မူးနေချိန်မှာ သုံးတတ်ကြတယ်။ ကိုယ့်ထက် အသက်၊ ဝါ၊ ဂုဏ်ငယ်သူကိုသာသုံးတယ်။ ကိုယ့်ထက်ငယ်တိုင်းလည်း မသုံးအပ်ပြန်ပါ။ အသက်ဘယ်လောက်ငယ်ငယ် ဆရာ-ဆရာမတွေကို အဲလို မသုံးအပ်ပါ။

တို့လိုရေးခဲတ့ာကို တချို့က ဒို့လုပ်တာတွေ့ရတယ်။ သူမဆိုတာ အင်္ဂလိပ် ရှီ စာလုံးကို ဘာသာပြန်ထားတာဖြစ်တယ်။ မြန်မာစာမှာ အရင်က သူမ မရှိခဲ့ပါ။ ဘာသာပြန်သူတွေ သုံးတာတော့ ကန့်ကွက်ရန်မရှိပါ။

ရုံးသဘောမှာ ကျားဖြစ်စေ မ ဖြစ်စေ၊ လူကြီးမင်းလို့သုံးတယ်။ စစ်တပ်အသုံးတွေက တမျိုးရှိပုံရတယ်။ သိပ်မသိပါ။ သူ့စနစ်နဲ့သူ ဖြစ်ပါမယ်။

တောသားတွေက တောဆန်ဆန် ပြောတာကို အပြစ်တင်စရာမရှိပါ။ တိုင်းရင်းသားတွေကို နားလည်မှုပေးလို့ရတယ်။ ရိုင်းတာကိုတော့ ရိုးတယ်လို့ မထင်ပါ။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး