မြန်မာစာ နှစ်တထောင်ကျော်ပြီ

ကွန်မင့်တခုရတယ်။ အမှန်ပြောရရင် ကျမတို့ မြန်မာစာ အဓိပ္ပယ် အတော်ရူပ်တယ်လို့ ပြောရမလား သို့မဟုတ် အဓိပ္ပယ် ကြွယ်ဝတယ်လို့ ပြောရမလား မြန်မာစာကို မြန်မာတယောက် လေ့လာနေရင်း မတတ်တာ ခေါင်းရူပ်လာပါတယ် တဲ့။

ကွန်မင့်အတွက် ကျေးဇူး။

မြန်မာစာဟာ နှစ်တထောင်ကျော်ပြီ။ တိတိကျကျပြောရရင် အေဒီ ၁၁-၁၂ ကစတယ်။ ရာဇကုမာရ်ကျောက်စာက ၁၁၁၃ ခုနှစ်ကဖြစ်တယ်။ ရခိုင်၊ ပျူ၊ မွန်စာ အထောက်အထားတွေက ဒိထက်စောသေးတယ်။

သက်တမ်းရှည်တဲ့စာဆိုတာ ကြွယ်ဝတယ်။ လေးနက်တယ်။ ခေတ်အဆက်ဆက် ဖွံ့ဖြိုးတိုးတက်စည်ပင်လာပါတယ်။

မြန်မာစာကို သူငယ်တန်းကတည်းက စံနစ်တကျသင်ရင် ဆယ်တန်းကျောင်းသားတယောက်ဟာ စာရေးဆရာ ကဗျာဆရာ ဖြစ်နိုင်ပြီ။ ပါရမီပါသူတွေကတော့ ဒိထက်စောပြီး စာကောင်းကောင်းရေးတတ်ကြပြီ။

စံနစ်တကျဆိုတာ အဆန်းတော့ မဟုတ်ပါ။ ခုခေတ်အတွက်တော့ ဆန်းနေမယ်။ ငါးတန်းကတည်းက အလယ်တန်းသဒ္ဒါ၊ အလယ်တန်းကဗျာတွေ သင်ကြရပြီ။ ၈ တန်းကစတဲ့ အထက်တန်းမှာ သဒ္ဒါ၊ စကားပြေနဲ့ ကဗျာသင်ပေးတယ်။ စိတ်ကြိုက် မြန်မာစာယူရင် ဂန္ထဝင်စာပါတွေ သင်ယူကြရတယ်။

ပညာအပါအဝင် ဘာသာရပ်ပေါင်းစုံကို တန်ဖိုးမထားတဲ့ စစ်အစိုးရတက်ကတည်းက မြန်မာစာအပါအဝင် အရာရာ နိမ့်ကျသွားခဲ့ပါတော့တယ်။ အဲတော့ လေးနက်ကြွယ်ဝတဲ့ မြန်မာစာကို ရံဖန်ရံခါတွေ့ရသူတွေအတွက် မြန်မာစာက ခက်ခဲနေတော့တယ်။ မခက်သင့်တာ ခက်တာ။

သတ်ပုံကို မှားနေလို့မဟုတ်ပဲ ပေါ်လစီအရပြောင်းခိုင်းခြင်းက မြန်မာစာပျက်စီးယိုယွင်းလာရခြင်း အကြောင်းခံတချက် ဖြစ်ပါတယ်။ ၁၉၈၀ နောက်မှာ အဲတာတွေကိုသာ ဖတ်ကြရ၊ သင်ကြရတော့တယ်။ စစ်အစိုးရ အာဏာကျဆင်းလာတဲ့ အခုလိုကာလမှာ အရင်ကတန်ဖိုးရှိလှတဲ့ စာကောင်းတွေကို ယှဉ်ဖတ်ရသူတွေအတွက် မြန်မာစာ ခက်လှချည်လားလို့ ထင်လာကြမယ်။ ရင်နာစရာကောင်းပါလားလို့ ဆင်ခြင်မိကြလိမ့်မယ်။

လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလကနေ စစ်အစိုးရမတက်မီထိ ထုတ်ဝေခဲ့တဲ့ ကျောင်းသုံးစာအုပ်တွေနဲ့ ကျောင်းစာမဟုတ်တဲ့ စာအုပ်တွေကို လေ့လာရင် လပိုင်းနှစ်ပိုင်းနဲ့ မြန်မာစာကောင်းကောင်းတတ်လာနိုင်ပါတယ်။ ခေတ်ပေါ် စာအုပ်သစ်တွေ ပြန်ထုတ်စာအုပ်တွေကို ရှောင်ပါလေ။ ကူးစက်ရောဂါပိုးတွေ ပါနေတယ်။

လူကြီးကတော်၏ သဒ္ဒါ

မြန်မာစာအကြောင်း ဖြေတော့ ပြန်ရေးလာတယ်။

ငါးတန်းစတက်တော့ မြန်မာစာဘာသာရပ်မှာ သဒ္ဒါစာအုပ် အပြာရောင်ကို ဖတ်စာအုပ်နဲ့ အတူရခဲ့ပါတယ်။ အဲဒီစာအုပ်က အလယ်တန်း မြန်မာသဒ္ဒါ ၅တန်း ၆တန်း ၇တန်းအထိကိုင်ရတဲ့စာအုပ် ထင်ပါတယ်။ ဒါပေမဲ့ မြန်မာစာသင်တဲ့ ဘယ်ဆရာ ဆရာမမှ အဲဒီသဒ္ဒါ စာအုပ်ထဲကစာကို မသင်ခဲ့ပါ။ အဲဒီလိုနဲ့ စာအုပ်ဟာ အသစ်အတိုင်းကျန်ခဲ့ပါတယ် မှတ်မိခဲ့တာပါဆရာ။

ဆောရီး။ အဲလိုအဖြစ်အပျက်တွေ များတယ်။ မနေ့က ဒေါ်မြမြအေးက သူငယ်စဉ်ကကျောင်းအတွေ့အကြုံတခု ပြောတယ်။ ဆရာမ ဒေါ့့် က ကျောင်းရောက်လာရင် စာမသင်ဘူးတဲ့။ သူ့အတန်းကမဟုတ်လို့ တော်သေးတဲ့။ စကားပဲ လည်ပြောနေတာ၊ လူကြီးကတော်တဲ့။

ဘယ်စာမဆို သဒ္ဒါဟာ အိမ်တိုင်လိုပဲ။ အခုခေတ်မှာ မြန်မာအိမ်အိုကြီး ယိုင်နဲ့နေတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ