ပါတော်မူနေ့

မင်္ဂလာပါဆရာ ကျွန်တော် မရှင်းတာလေးရှိလို့ တခုလောက်မေးပါရစေဗျ အရှင်နှစ်ပါးပါတော်မူတဲ့နေ့နဲ့ သူ့ကျွန်ဘဝ ရောက်တဲ့နေ့ မတူဘူးလားဗျ အရှင်နှစ်ပါးက ၁၈၈၅ နိုဝင်ဘာ ၂၉မှာ ပါတော်မူတယ်လို့ ဖတ်မှတ်ခဲ့ဖူးပါတယ်ဗျ Online ပေါ်မှာ ဒီဇင်ဘာ ၃၁က သူ့ကျွန်ဘဝရောက်တဲ့နေ့လို့ တင်ထားတာတွေ့လို့ မရှင်းလို့ပါဗျ

ဝီကီပီးဒီးယား
၁၈၈၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်၌ ရတနာပုံ ရွှေမန္တလေးမှ သီပေါမင်းနှင့် မိဖုရားခေါင်ကြီး စုဖုရားလတ်တို့အား အိန္ဒိယနိုင်ငံ၊ ရတနာဂီရိ သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ပါတော်မူခြင်းဟု ခေါ်ဆိုသည်။

မဇ္ဈိမ
၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ အင်္ဂလိပ်နယ်ချဲ့အစိုးရက သီပေါမင်း၊ စုဖုရားလတ်နဲ့ နန်းတွင်း ဝန်ထမ်းတွေကို အိန္ဒိယနိုင်ငံ ရတနာဂီရိကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာနဲ့ ပတ်သက်လို့ ပါတော်မူနေ့ ဖြစ်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။

RFA
၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က အင်္ဂလိပ်နယ်ချဲ့အစိုးရက သီပေါမင်း ၊ စုဖုရားလတ်နဲ့ နန်းတွင်းဝန်ထမ်းတွေကို အိန္ဒိယနိုင်ငံ ရတနာဂီရိကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။

7_Day
နိုဝင်ဘာ ၂၈ ရက်သည် ပါတော်မူနေ့မဟုတ်ကြောင်းနှင့် အနွယ်တော်များသည် ပါတော်မူနေ့ကို မြန်မာလ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်ကိုသာ သတ်မှတ်ထားခဲ့ကြောင်း မင်းတုန်းမင်းကြီး၏ သား တော် ပျဉ်းမနား မင်းသားကြီး၏ မြစ်တော်စပ်သူ ဒေါ်ထိပ်တင်နှင်းက ပြောသည်။

စွယ်စုံကျမ်း
၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက် တနင်္ဂနွေနေ့တွင် မြန်မာသီပေါမင်းတရားသည် ဗြိတိသျှစစ်ဗိုလ် ဂျင်နရယ်ပရင်ဒါဂတ်အား ထီးကြငှန်းနှင့် နိုင်ငံကိုပါ အပ်ရလေတော့သည်။

၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့တွင် သီပေါမင်းနှင့်တကွ တမြို့လုံးကိုသိမ်း၍ မင်းမိဖုရား သားတော် သမီးတော်များအား အိန္ဒိယနိုင်ငံ မဒရပ်မြို့သို့ ရှေးဦးစွာ ခေါ်ဆောင်သွားလေသည်။ ထို့နောက် ဘုံဘိုင်ပြည်နယ် ရတနာဂီရိမြို့တွင် ထားသည်။

အဲတာကြောင့် ၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့လို့သတ်မှတ်တာက ပိုပြီးသင့်မှန်မယ်ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး