ယဉ်ကျေးမှု
ကွန်မင့်တခုရတယ်။ မြန်မာ့ယဉ်ကျေးမှု အများစုက India က ဆင်းသက်လာတာများပါတယ်ဆရာတဲ့။
အများ အနည်းတော့ မပြောလို။ ယဉ်ကျေးမှုဆိုတာ ရောနှောကူးစက်ပါတယ်။ အစားအသောက်၊ အဝတ်အစား၊ ပြောဆိုစကားတွေသာမက ကိုးကွယ်ရာဘာသာတရားလည်း အဲလိုပဲ။
အိမ်နီးချင်းတိုင်းပြည်တွေကနေရယူတာတွေ အများကြီး။ အသက်မွေးမှုလုပ်ငန်းတွေလည်းပါတယ်။ တေးဂီတနဲ့ အနုပညာ၊ စာပေလည်း ပါတယ်။
ရက်ကန်း၊ ပိုးထည်လုပ်ငန်းတွေ ဇင်းမယ်နဲ့ မဏိပူကနေရတယ်။ ပုဆိုးက အိန္ဒိယ၊ အင်္ကျီက တရုပ်ကလို့ပြောကြတယ်။ ကျွန်တော့်လေ့လာမှုအရ ဗမာတွေ ပုဆိုးကို ဟိုရှေးကတည်းက ဝတ်ပါတယ်။ ကိုယ်တုံးလုံးခေတ် မရှိပါ။ ခါးပုံစ ဗမာ့နည်းနဲ့သာဖြစ်တယ်။ အမျိုးသမီးတွေလည်း ထဘီကို ဟိုရှေးကတည်းကဝတ်တယ်။ ဘောင်းဘီနဲ့ စကပ်သာ နောက်မှ ယူကြတာ။
ကွမ်းစားတာလည်း ဗမာဘုရင်တွေခေတ်ကတည်းကပါ။
ဗုဒ္ဓဘာသာ သီဟိုဠ်ကလာတယ်။ ခရစ်ယန် ကိုလိုနီနဲ့အတူပါတာ။ အစ္စလမ်လည်း အဲလိုပဲ။ ဟိုအရင် နတ်ကိုသာ ကိုးကွယ်တယ်။ အရည်းကြီးက နောက်မှ။
မြဝတီမင်းကြီးဦးစ သီချင်းကြီးတွေ ယိုးဒယားကနေရတယ်။
ကျွန်တော်တို့ယဉ်ကျေးမှုတွေလည်း အိမ်နီးချင်းတွေဆီရောက်ပါတယ်။ မျက်စိအောက်မှာတင် ရောက်သွားတာတွေ ရှိတယ်။ မြန်မာပြည်တွင်းမှာ တိုင်းရင်းသားအမျိုးမျိုးရဲ့ ယဉ်ကျေးမှုတွေလည်း ကူးစက်ရောနှောနေတယ်။ ပိုကောင်းတဲ့ ယဉ်ကျေးမှုက လွှမ်းမိုးတယ်။
ချောင်းဆိုးလက်ဆေးယဉ်ကျေးမှုစာလည်း ရေးထားတယ်။
အိပ်ချင်နေလို့ ခပ်တိုတိုသာ ရေးပါရစေ။ ဘယ်အရာမဆို ကောက်ချက်ကို ခပ်လွယ်လွယ်မချသင့်ပါ။ ကျွန်တော်ရေးတာလည်း သုတေသန မဆန်ပါ။ ဆောရီး။ ဂွတ်နိုက်။
ဒေါက်တာတင့်ဆွေ
၁၆-၁၂-၂၀၁၉
ည ၂ နာရီ ၂၂ မိနစ်။

Comments
Post a Comment