လမ်းလျှောက်ရင်း ရှောက်သီးစားခြင်း
၁။ မင်္ဂလာပါဆရာ အသက်က ၃၀ အပျိုရာသီမှန်ပါတယ် ညစာကို ၇ခွဲဆိုစားပြီးပါပြီ ၁၀နာရီခွဲဆိုအိပ်ပါတယ် ထမင်းစားပြီး တနာရီလောက်နေပြီးရင် လမ်းနာရီဝက်လောက်လျှောက်ခြင်းလို့ပါဆရာ အဲဒါလျှောက်လို့ရမရသိချင်းတာပါ တချို့တွေက ညဘက် အစာစားပြီးရင်လမ်းမလျှောက်ရဘူးပြောကျလို့ပါဆရာ
လမ်းလျှောက်ခြင်းစာ မနေ့က တင်ထားတယ်။ ပြောကြလို့ ရေးရတယ်။ လျှောက်ချင်၊ သိချင်လို့ ရေးရတယ်။
၂။ ဆရာ မင်္ဂလာပါရှင် ကျမအသက် ၃၅ နှစ် အိမ်ထောင်ရှိ ရာသီမှန်ပါတယ် ဆောင်းတွင်းဆိုတော့ ကျမအပါဝင် လူတော်တော်များ လမ်းရှောက်ကြပါတယ်ရှင် လမ်းရှောက်တဲ့အခါ ကျမ်းမာရေး နဲ့ညီညွတ်အောင် ဘယ်လို ရှောက်ရမယ်ဆိုတာ ဖြေကြားပေးပါအုံး ဆရာ။
လမ်းလျှောက်လို့ ရေးရတယ်။ ရှောက်ဆိုတာ ရှောက်သီး။
လမ်းလျှောက် နည်းမလိုတတ်ပါ။ ရိုးရိုးလမ်းသွားသလိုလျှောက်နည်းရှိတယ်။ ဂျော့ဂင်း ခေါ် ခုန်သလို လက်နှစ်ဘက်ကို တံတောင်ဆစ်မှာကွေးထားပြီး လျှောက်နည်းရှိတယ်။ အဲတာက ရိုးရိုးလျှောက်တာထက် ကယ်လိုရီပိုကုန်စေမယ်။ ချွေးပိုထွက်မယ်။ ကိုယ့်ကျန်းမာရေးအရ တနေ့ ဘယ်လောက်အကွာအဝေးလျှောက်မလဲ ရှိမယ်။
လမ်းလျှောက်အပါအဝင် ကိုယ်လက်လှုပ်ရှားမှုဆိုတာ တကိုယ်လုံးမှာရှိတဲ့ အဆစ်တွေနဲ့ ကြွက်သားတွေကို အလုပ် လုပ်စေတာဖြစ်တယ်။ သွေးမပူခင် ဖြည်းဖြည်းလုပ်ရတယ်။ ဖြစ်နိုင်ရင် ကျောင်းတွေမှာ သင်ပေးသလို ၁-၂-၃-၄ သွေးပူလေ့ကျင့်ခန်းကို အရင်စလုပ်ရတယ်။
တကယ်တော့ ကြွက်သားနဲ့ အဆစ်တွေသာမက နှလုံးပိုခုန်စေမယ်။ အသက်ရှူတာလည်း ပိုလာမယ်။ ချွေးသာမက ချွဲထွက်စရာရှိရင် ထွက်မယ်။ နေ့စဉ် အချိန်မှန်လုပ်တာကောင်းတယ်။ တပတ်မှာ ၅ ရက်လုပ်လေ့ရှိတယ်။ ခုခေတ်မှာတော့ လက်ပတ်ကရိယာတွေလည်းသုံးတယ်။ ရိုးရိုး မှန်မှန် လျှောက်တာလည်း ရပါတယ်။
သတ်ပုံမှန်မှ စာမှန်တယ်။ နည်းစနစ်မှန်မှ ကျန်းမာတယ်။
ဒေါက်တာတင့်ဆွေ
၂၀-၁၂-၂၀၁၉

Comments
Post a Comment