Tuesday, December 31, 2019

Dr. Norman Bethune ဒေါက်တာနော်မန်ဗက်သွန်း


ရေးထားတာ ၃ နှစ်ကျော်ပြီ။ ကျော်အောင်ဘာသာပြန်စာအုပ် တွေ့လို့။ ငယ်ငယ်ကတော့ ဖတ်ဖူးတယ်။ မေ့ကုန်ပြီ။ ကျွန်တော်က တခြားကနေဖတ်ပြီး ရေးတာပါ။

မြန်မာပြည်ကစာဖတ်သူတိုင်း နော်မန်ဗက်သွန်းကိုသိကြပါတယ်။ အများစုက တရုပ်ပြည်မှာ စွန့်စွန့်စားစား စေတနာ အပြည့်နဲ့ သွားရောက်ကူညီတဲ့ ကနေဒါဆရာဝန်လို့သိကြမှာပါ။ ဒေါက်တာဗက်သွန်းက သူ့ရဲ့ ကမ္ဘာကျော်သမိုင်းတွင်တဲ့ လူမှုရေးဆေးကုသမှုကို စပိန်ပြည်တွင်းစစ်ကတည်းကစခဲ့တာပါ။ ဖက်စစ်ဖန့်ကျင်ရေးသမားဖြစ်တယ်။ စစ်သားတွေကိုရော ရွာသူရွာသားတွေကိုပါ ဆေးကုပေးပါတယ်။

ဒိနောက်မှာ ဒုတိယ တရုပ်-ဂျပန်စစ်ပွဲမှာ ခေတ်မီဆေးပညာနဲ့ တရုပ်ပြည်တောပိုင်းကို သွားရောက်ကုသပေးခဲ့ပါတယ်။ သူရဲ့ ကိုယ်ကျိုးမဖက် တရုပ်ဆင်းရဲသားတွေကို ဆေးပညာနဲ့အကူအညီပေးလို့ တရုပ်ခေါင်းဆောင် မော်စီတုန်းကစပြီး ကနေ့ တရုပ်နိုင်ငံသားတိုင်းကပါ ဒေါက်တာဗက်သွန်းကို လေးစားချစ်ခင်နေကြပါတယ်။

သူကပဲ စပိန်ပြည်တွင်းစစ်မှာ မိုဘိုင်းသွေးသွင်းကုသမှုကို ရှေ့တန်းစစ်မျက်နှာမှာစခဲ့ပါတယ်။ သူကိုယ်တိုင်ကတော့ သွေးအဆိပ်သင့်လို့ ၁၂-၁၁-၁၉၃၉ ကွယ်လွန်ခဲ့ရပါတယ်။ သူဟာ တီဘီရောဂါသည်လည်းဖြစ်ခဲ့တယ်။ အဲဒီ ၁၉၂ဝ ကျော်ကာလတွေမှာ တီဘီကို ထိရောက်အောင်မကုနိုင်သေးပါ။

ရောဂါတွေနဲ့ ဆင်းရဲမှုဆက်စပ်နေတာကို သူကစိတ်ဝင်စားပြီး စာနာစိတ်တွေပေါက်ပွါးလာတယ်။ အဲဒီအတွက် ကနေဒါမှာ အခမဲ့ဆေးကုသနိုင်ရေးအတွက် ကျန်းမာရေးဌာနတွေ၊ အစိုးရတွေနဲ့ ရင်ဆိုင်အန်တုပါတယ်။ သူပဲရှုံးပါတယ်။ ၁၉၃၅ မှာ ဆိုဗီယက်ယူနီယန်ကို အလည်သွားပါတယ်။ ကနေဒါကွန်မြူနစ်ပါတီဝင်ဖြစ်လာပါတယ်။ ၁၉၃၆ စပိန်ပြည်တွင်းစစ်မှာ သွားကူညီပါတယ်။ တရုပ်ပြည်ကို ၁၉၃၈ မှာသွားပါတယ်။ စစ်မျက်နှာအရေးပေါ် ခွဲစိတ်ခန်းလုပ်ပါတယ်။

နော်မန်ဗက်သွန်းကို ဂုဏ်ပြုပြီး ကနေဒါမှာရော တရုပ်ပြည်ကနေပါ တံဆိပ်ခေါင်းနှစ်မျိုးကို ဒီဇိုင်းတူနဲ့ ထုတ်ဝေပေးပါတယ်။ ဘေဂျင်းမြို့မှာရှိတဲ့ ဝန်ပိုင်ခံတပ်ထဲမှာ သူ့ရုပ်တုထားရှိပါတယ်။

သူ့ရဲ့ဆေးပညာစည်းကမ်းက အင်မတန်သဘောကျစရာကောင်းတယ်။
• ဆေးပညာဆိုတာ ဈေးကြီးပစ္စည်းကုန်သွယ်ရေးတခု ဖြစ်တယ်။
• ပေါင်မုန့်ကို ကျောက်မြက်ရတနာလို ရောင်းဝယ်ကြတယ်။ အမြတ်အစွန်းရဘို့ပဲ။
• ဆေးပညာကနေ ကိုယ်ပိုင်အကျိုးစီးပွါးဖြစ်ရေးပဲ။ လောဘသမားတွေပဲ။
• လူချင်းတွေ့ရင် မင်းဘယ်လောက်ရသလဲ။ ကျွန်တော်တို့ ဘယ်လောက်လုပ်ပေးနိုင်သလဲ မဟုတ်ကြဘူး။

ကျော်အောင်ရေးတဲ့စာအုပ်မှာ မြန်မာစာကို သတ်ပုံမှန်နဲ့သာ ရေးထားကို တင်ပြလိုက်ပါတယ်။ သတ်ပုံဖျက်ခံထားရတဲ့ မြန်မာပြည်မှာ နော်မန်ဗက်သွန်းစာအုပ်ကို ထပိထုတ်ကြတယ်။ ပြင်ထုတ်တွေက နော်မန်ဗက်သွန်းအတုတွေ။

A Footwear Doctor ဖိနပ်စီးတဲ့ဆရာဝန်

စောစောက နော်မန်ဗက်သွန်းအကြောင်းကို ခပ်တိုတိုရေးတယ်။ ကျွန်တော်ငယ်ငယ်က သူ့အကြောင်းစာတွေ ဖတ်ပြီး အားကျခဲ့ပါတယ်။ ဆေးကျောင်းမရောက်ခင်ကပါ။ ဒါပေမယ့် တကယ့်အဖြစ်ကတော့ အတော်ကြီးကို ကွာတယ်။

တရုပ်ပြည်မှာ ဆေးကုပေးခဲ့တဲ့ အောင်မြင်မှုတခုကနေ Barefoot doctors ဖိနပ်မပါဆရာဝန်များလို့ ဝေါဟာရသစ်နဲ့ နည်းနာသစ်ပေါ်ထွန်းလာခဲ့တယ်။ ရိုးရိုးလူတွေကို ရက်တိုတိုနဲ့ ဆေးသင်တန်းတွေ ပေးပြီး၊ ကျေးလက်တောနယ်တွေမှာ ဆေးကုစေခဲ့တယ်။ အခြေခံသန့်ရှင်းမှု၊ ရောဂါကာကွယ်ရေး၊ မိသားစုစီမံကိန်းတွေ သင်ပေးတယ်။ အဖြစ်များရောဂါတွေ ကုသနည်းလည်းပါတယ်။ ၁၉၄၉ မှာ စမ်းသပ်မှုစလုပ်ပြီး၊ တရားဝင်ကတော့ မော်စီတုန်းရဲ့ ၁၉၆၅ ခုနှစ် မိန့်ခွန်းပြောပြီးမှ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ WHO ကနေ အသိအမှတ်ပြုပေးလာတယ်။

ကျွန်တော်လည်း ဒေလီက ယမုန်နာဆေးခန်းလေးမှာ ဆေးပညာကို လူနာစောင့်ရင်း သင်ပေးခဲ့တယ်။ တချို့က ဆေးခန်းမှာ တရက်နှစ်ရက်သာကြာပြီး တချို့က ၄-၅ ခြောက်နှစ်ကြာတယ်။

နော်မန်ဗက်သွန်းက ဖက်ဆစ်ကိုဆန့်ကျင်သလို ကျွန်တော်က စစ်အာဏာရှင်ကို ဆန့်ကျင်ပါတယ်။ သူက တရုပ်ပြည်မှာ လယ်လုပ်နေသူတွေကို ဆေးကုပေးခဲ့တယ်။ ကျွန်တော်က အိန္ဒိယ-မြန်မာ နယ်စပ်နဲ့ ထိုင်း-မြန်မာနယ်စပ်မှာလည်း ရောက်တဲ့အခါတိုင်း ဆေးကုပေးပါတယ်။ အားလုံးက မြန်မာပြည်ကဒုက္ခသည်တွေ။ အိန္ဒိယမှာ ၁၂ နှစ်ကြာ ဆေးကုခဲ့တာ။ တောနယ်မှာ မဟုတ်ပါ။ နယူးဒေလီမှာ။ လူနာတွေကလည်း မြန်မာပြည်သားတွေ။

နော်မန်ဗက်သွန်နဲ့ တခြားစီ။ ကျွန်တော်က အမြဲဖိနပ်စီးထားသူ။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၈
၃၁-၁၂-၂၀၁၉

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဈေးကြီးသော ပန်းချီဆရာဝန်

လွန်ခဲ့တဲ့ ၂၈ နှစ်ကသိမ်းထားခဲ့တဲ့ သံသေတ္တာလေးကို ဖွင့်တော့ အထဲမှာ ရေဆေးပန်းချီကားလေးတချပ်တွေ့တယ်။ ကျွန်တော့်လက်မှတ်ပါပေမဲ့ နေ့စွဲမပါ။ ပန်းခ...