Japan model ဂျပန်နမူနာ
လွန်ခဲ့တဲ့ ၂ နှစ်ကရေးခဲ့တဲ့စာကို ဒေါ်စုခရီးစဉ်နဲ့တိုက်ဆိုင်လို့ ပြန်တင်ပါရစေ။
နာဂါဆာကီဒေးကို ဘယ်တောမှ မမေ့ပါ။ ကျွန်တော်မမွေးခင် ၃ နှစ်တိတိ၊ ၁၉၄၅ ခုနှစ် သြဂုတ်လ ၉ ရက်နေ့မှာ ဂျပန်နိုင်ငံ နာဂါဆာကီမြို့ အနုမြူဗုံးချခံရတယ်။ လူပေါင်း ၃၈,ဝဝဝ ကနေ ၄ဝ,ဝဝဝ သေဆုံးရတယ်။ ၆-၈-၁၉၄၅ ဟီရိုရှီးမားမှာ လူ ၉ဝ,ဝဝဝ ကနေ ၁၄၆,ဝဝဝ သေဆုံးခဲ့ပြီးဖြစ်တယ်။ မြင်မြင်သမျှ ပြားချပ်ကုန်ပြီ။ အဲဒီနောက်မှာ ဂျပန်တွေ ဘာလုပ်ခဲ့ကြသလဲ။
ကမ္ဘာမှာ ချမ်းသာနေတဲ့နိုင်ငံတွေ ဘယ်လိုကနေဘယ်လို ချမ်းသာလာကြသလဲက စိတ်ဝင်စားဘို့ အလွန်ကောင်းတယ်။ အဲဒီမေးခွန်းကို ခပ်သောသောနဲ့ ဖြေခဲ့ဘူးတယ်။ အဲလိုချမ်းသာတဲ့နိုင်ငံကလူတွေဟာ အရင်က ပင်လယ်ဓါးပြတွေ ဖြစ်ခဲ့ကြတယ်လို့။ ဒီစာမှာရေးချင်တာကတော့ ဂျပန်ဟာ ဒုတိယကမ္ဘာစစ်မှာ မရှုမလှ အရှုံးကြီးရှုံးခဲ့ရာကနေ ကနေ့မှာ ဘာလို့ချမ်းသာလာသလဲ။
ဂျပန်လူမျိုးတွေဟာ ငတ်မွတ်မှုထဲကနေ၊ ရတာရှိတာကိုစားပြီး ဗိုက်ဖြည့်ကြတယ်၊ အလုပ်လုပ်စရာမရှိချိန်မှာ မီးခိုးခေါင်းတိုင်ကနေ အငွေ့ထွက်သလို ဆေးလိပ်သောက်ကြတယ်၊ ဒီကြားထဲကနေ ကမ္ဘာမှာ လူတိုင်းက လေးစား အားကျရတဲ့အဆင့်ကို မရရအောင် လုပ်ဆောင်ပြနိုင်ကြတယ်။ (မေဂျီ) ပြုပြင်ပြောင်းလဲရေးခေတ်တုံးကလို သန္နိဋ္ဌာန်နဲ့ စည်းကမ်းကိုပြန်ပြီးစွဲကိုင်လိုက်ကြတယ်။ ၁၉၄၆ ကနေ ၁၉၈၉ အထိသာ ကြာလိုက်ပါတယ်။ ဘယ်သူကမှ ဖြစ်နိုင်မယ်လို့ မထင်မှတ်တဲ့ ချမ်းသာကြွယ်ဝမှုနဲ့အတူ ထိုက်တန်တဲ့ဂုဏ်သိက္ခာကို စုစုစည်းစည်းနဲ့ အရယူနိုင်လိုက်ကြပါတယ်။ အနာဂတ်အတွက် ကြီးမားတဲ့မျှော်လင့်ချက်ကို ရစေလိုက်ပါတယ်။
ကျွန်တော်တို့တတွေဟာ ငတ်မွတ်မှုထဲကနေ၊ ရတာကိုစားပြီး ဗိုက်ဖြည့်ကြရတဲ့ ဂျပန်တွေဘဝနဲ့တော့ တူနေပါပြီ။ ဒီကနေတက်ဘို့ရာ ကျွန်တော်တို့တတွေမှာ ဂျပန်တွေနဲ့ ဘာတွေများတူလို့၊ ဘာတွေမတူနေပါသလဲ။ မီးခိုးခေါင်းတိုင်ကနေ အငွေ့ထွက်သလို ဆေးလိပ်သောက်ကြတယ်။ ကြွက်တွင်း ရေလောင်းလို့ မပြည့်နိုင်သလို အရက်သောက်ကြတယ်။ (မေဂျီ) လိုပဲ ကနောင်မင်းသားလည်းကြိုးစားဘူးတာရှိတယ်။ သန္နိဋ္ဌာန်ဆိုတာ (မဆလ) ခေတ်က ကျောင်းတိုင်းမှာ အဆိုခိုင်းတဲ့ ကျွန်ုပ်တို့၏ယုံကြည်ချက်မျိုး မဟုတ်ပါ။ စစ်အစိုးရလက်ထက်ကတည်းက နေရာတိုင်းမှာထိပ်ကပါနေတဲ့ ဒို့တာဝန်အရေးများ မဟုတ်ပါ။ စည်းကမ်းဆိုတာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကိုပြောတာ မဟုတ်ပါ။ စစ်တပ်တိုင်းမှာ စည်းကမ်းရှိတယ်။ အရပ်စည်းကမ်းနဲ့ ထပ်တူမကျပါ။
ဂျပန်တွေက (၁၉၄၆ - ၁၉၈၉) ၄၃ နှစ်နဲ့ကမ္ဘာ့ထိပ်အထိ တက်နိုင်ခဲ့ကြတယ်။ မြန်မာနိုင်ငံမှာ (၁၉၆၂ -၁၉၈၇) ၂၅ နှစ်နဲ့ ကမ္ဘာ့အောက်အထိ ဆင်းနိုင်ခဲ့တယ်။ ကျွန်တော်တို့ LDC ဘဝကနေတက်လမ်း မမြင်ရသေးပါ။ ဂျပန် ဒိုင်းယက်ထဲမှာ ယူနီဖေါင်းဝတ်တွေ မထိုင်ပါ။ ဂျပန်နိုင်ငံရေးမှာ ယူနီဖေါင်းချွတ်တွေက ဦးစီးမထားပါ။ နောက်ဆုံးဖြစ်လာတဲ့ ဂျပန် ကာကွယ်ရေးဝန်ကြီး (တိုမိုမီ အင်နာဒါ) က အရပ်သူဖြစ်တယ်။
ကျွန်တော်တို့ငယ်ငယ်က ဂျပန်ပစ္စည်းကို ဘယ်သူကမှ မသုံးချင်ကြပါ။ ကနေ့တော့
ဂျပန်တွေဆီကယူစရာ စည်းကမ်းရှိမှု၊ သန့်ရှင်းမှု၊ အချိန်အသုံးချမှုနဲ့ ကိုယ့်တိုင်းပြည်နဲ့ကိုယ့်လူမျိုးကို တကယ်ချစ်တဲ့စိတ်။ စစ်တပ်နဲ့ အရပ်ဘက်ဆက်ဆံရေး။
ဒေါက်တာတင့်ဆွေ
၉-၈-၂ဝ၁၄

Comments
Post a Comment