Friday, October 21, 2016

မီးပွားစေသူနှင့် ငြှိမ်းသတ်ရသူ

By ဒီဗွီဘီ 20 October 2016

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်မှုတွေဖြစ်ကတည်းက လက်ရှိအစိုးရဟာ အရင်အစိုးရနဲ့ မတူတဲ့အမြင်၊ ခြားနားတဲ့ချဉ်းကပ်မှုနဲ့ ဆန့်ကျင်ဘက်ကျတဲ့ ဖြေရှင်းနည်းတွေလုပ်ပါတယ်။ သတင်းတပုဒ်က ရခိုင်အရေးဖြေရှင်းမှု ဒေသတွင်း မွတ်စလင်နိုင်ငံများ ထောက်ခံလို့ဆိုပါတယ်။ ပြည်ခိုင်ဖြိုးအစိုးရလက်ထက်က ဖြေရှင်းနည်းကနေရခဲ့တဲ့ မကောင်းကျိုးဆက်တခုကို ၁၆-၅-၂ဝ၁၄ နေ့ကရေးခဲ့ပါတယ်။

လွန်ခဲ့နှစ်အနည်းငယ်အတွင်းမှာ စစ်အစိုးရရဲ့ လက်တွဲဖော်ဟောင်းတွေအနက်၊ တရုတ်ပြည်က သေနင်္ဂဗျူဟာသစ်နဲ့ နည်းပရိယာယ်သစ်တွေကို ဖော်စပ်လာတယ်။ တရုတ်ကနေ နိုင်ငံရေးပါတီတွေ၊ လှုပ်ရှားတက်ကြွသူတွေကို ဖိတ်နေတယ်။ တရုတ်က မြန်မာနိုင်ငံအတွက် ပြည်သူ့ဆက်ဆံရေးလုပ်ရပ်တွေကိုလည်း စသုံးလာတယ်။ အထူးသံဆိုတာလည်း ခန့်အပ်ခဲ့တယ်။ ကုလသမဂ္ဂရယ်၊ အမေရိကားရယ် တရုတ်ရယ်ပဲ ဗမာပြည်ကို ဒီလိုမျိုး အထူးသံခန့်တာ သတိပြုစရာပါ။ နောက်ဆုံး အထူးသံဆိုတာ OIC ကပါ။ ဒီဟာကိုတော့ အတော်သတိကြီးကြရပါလိမ့်မယ်။ စစ်အစိုးရနှစ်ဆက်တုံးကတော့ ကုလသမဂ္ဂအထူးသံနဲ့ ကုလအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးသံရယ်ဘဲရှိတာပါ။ တစုံတရာ ပြောင်းလာတော့မယ့် အရိပ်အယောင်ပြတဲ့အခါ အမေရိကားနဲ့ အီးယူက အထူးသံတွေ ထပ်တိုးလာတယ်။ မြစ်ဆုံကနေ တရုတ်ကို အထူးသံခန့်ဖို့ ဖြစ်လာတယ်။ ရခိုင်အရေးအပြီး OIC တပ်တိုးလာပြန်ပြီ။ နောက်ထပ် အထူးသံတွေ ဘယ်လောက်များဦးမလဲ မသိသေးပါ။ (OIC = အစ္စလာမ္မစ် ကွန်ဖရင့် အဖွဲ့ချုပ်)

အဲလို နိုင်ငံတကာဝင်ရောက်စွက်ဖက်မှုတွေ ဆိုးဆိုးဝါးဝါးရှိခဲ့လို့ မြန်မာလိုမဖတ်တတ်ကြတဲ့ ပရိသတ်အတွက်လည်း အင်္ဂလိပ်လိုစာတွေ ရေးခဲ့ရပါသေးတယ်။ ၂၈-၅-၂ဝ၁၅ နေ့မှာ AsiaNews နဲ့ အမေးအဖြေကို ဘာသာပြန်ထားပါတယ်။

မေး – အရှေ့တောင်အာရှဟာ အဓိကစိန်ခေါ်မှုကြီးတရပ်နဲ့ ရင်ဆိုင်နေရပါတယ်။ အုပ်စုလိုက်ရွှေ့ပြောင်းမှုနဲ့ ခေတ်သစ် လှေစီး ခရီးသည်များ ပြဿနာပေါ့ဗျာ။ အများစုကတော့ မြန်မာပြည်ကလာတဲ့ ရိုဟင်ဂျာတွေပေါ့။ ပြဿနာရဲ့ အဓိက ရင်းမြစ်က ဘာပါလိမ့်ဆရာ။

ဖြေ – အာရှသတင်းတွေမှာ ဒီပြဿနာက လွန်ခဲ့တဲ့ နှစ်နှစ်ကစပြီး သတင်းခေါင်းစဉ်ဖြစ်နေခဲ့တာ ရက်တွေ လတွေချီပြီး ကြာခဲ့တာပါ။ အတိအကျပြောရရင်တော့ ဒီကိစ္စက ၂ဝ၁၂ ခု ဒီဇင်ဘာ ၁၆ ရက်က စခဲ့တာပါ။ အဲဒီတုန်းက အခု မြန်မာပြည်လို့ခေါ်တဲ့ ဗမာပြည်ရဲ့ အနောက်ပိုင်းမှာ ရခိုင်တိုင်းရင်းသူ သီတာထွေးဆိုတဲ့ မိန်းကလေးဟာ အုပ်စုဖွဲ့ မတရားပြုကျင့်ပြီး သတ်ပစ်တာခံခဲ့ ရရှာတယ်။ ခိုင်လုံတဲ့သတင်းရပ်ကွက်တွေရဲ့ အဆိုအရတော့ အမှုကျူးလွန်သူတွေဟာ ဗမာမွတ်စလင်တွေဖြစ်ကြတယ် လို့ဆိုတယ်။ ဒီတော့ ရိုဟင်ဂျာဆိုတဲ့နာမည်ဟာ နိုင်ငံတကာ မီဒီယာမှာ တောက်လျှောက်ကြီး ပါနေတော့တယ်။ ဗမာပြည်မှာတော့ ပြည်တွင်းမီဒီယာ သတင်းတွေမှာ မပါလှဘဲ လူမှုကွန်ရက် သတင်းစာမျက်နှာတွေ အထူးသဖြင့် ဖေ့စ်ဘွတ်မှာ ဖော်ပြ ရေးသား ကြပါတယ်။ ဒီနောက်တော့ ဗမာပြည်တွင်းမှာ နာမည်တလုံးနဲ့ပတ်သက်လို့ တိုက်ပွဲစတော့တာပါပဲ။ ၂ဝ၁၁ခု၊ ဖေဖော်ဝါရီ ၄ ရက်မှာ အာဏာရလာတဲ့ စစ်တပ်တပိုင်း အစိုးရဟာ အဲဒီမွတ်စလင်တွေကို ခေါ်ဝေါ်ဖို့ ဘင်္ဂါလီဆိုတဲ့ စကားလုံးကို တီထွင်ခဲ့ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ သည်းခြေကြိုက်အခေါ်ပေကိုး။

မေး – ဗမာပြည်တွင်းရေးပြဿနာအဖြစ်ကနေ အခုဆိုရင် ဒေသဆိုင်ရာပြဿနာဖြစ်လာနေပါတယ်။ ဒီကိစ္စကို ဘာကြောင့် ဂရိုမစိုက်ဘဲ အကြာကြီးပစ်ထားကြတာတုန်း။

ဖြေ – ဦးသိန်းစိန်အစိုးရအဖွဲ့ရဲ့ ကိုင်တွယ်ပုံညံ့ဖျင်းလို့၊ အရည်အချင်းမရှိလို့ ပြဿနာက ဆက်တိုက်ကျယ်ပြန့်လာတာပါ။ အခုဆိုရင် ဒေသဆိုင်ရာပြဿနာလို့ သံတမန်လောကမှာ ခေါ်ဆိုနေကြပြီ။ ဒီမိုကရေစီရေးအတွက် ကျနော် လှုပ်ရှားလာတာ ၁၉၉ဝ ကတည်းကပါ။ ကျနော့်အတွေ့အကြုံအရဆိုရင် ကုလသမဂ္ဂဦးဆောင်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဒီဗမာ့ပြဿနာကို ဒေသဆိုင်ရာပြဿနာလို့အသိအမှတ်မပြုဘဲ လူ့အခွင့်အရေး ဖောက်ဖျက် ကျူးလွန်မှုတခု သက်သက်ပါပဲလို့ မှတ်ယူထားကြတာ။ မြန်မာအစိုးရသစ်ကို ကမ္ဘာက ဟိမဝန္တာချီးမွမ်းခန်းဖွင့်တော့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့လည်းပါတာပဲ။ ဒီတော့ကာ ဒီလို အစိုးရတရပ်ဟာ ဒီမိုကရေစီတောင်းဆိုမှုတွေကိုတော့ အသံတိတ်သွားအောင်လုပ်နိုင်ခဲ့ပေမယ့် ဒေသဆိုင်ရာ ပြဿနာတရပ်ကိုတော့ မီးမွှေးပေးတာ ဘာကြောင့်လဲဆိုတာ ဝိုင်းဝန်း ခွဲခြမ်းစိတ်ဖြာကြဖို့ အချိန်တန်ပါပြီ။ အခုဆိုရင် ဗမာပြည်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖိအားပေးတဲ့ဒဏ်ကို အပြင်းအထန်ခံနေရပြီ။ နိုင်ငံတကာအသိုင်းအဝိုင်းဆိုတာလည်း မွတ်စလင်အဝန်းအဝိုင်း တစိတ်တပိုင်းရဲ့ ဦးဆောင်မှု လမ်းညွှန်မှုအောက်မှာရှိတာပါ။ မီဒီယာလောကက ဒီကိစ္စကို အနည်းနဲ့ အများဆိုသလို ဇောင်းပေးဖို့ နေ့စဉ်လို တန်းတန်းစွဲ ဖြစ်နေတာပါ။ ဗမာပြည်ကို လာရောက်ကြတဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်တွေ အားလုံးက ဒီကိစ္စကို အထူးတလည် ရှေ့တန်းတင်ကြတယ်။ သမ္မတအိုဘားမားနဲ့ ဘန်ဂီမွန်းတို့လည်း ဒီလိုပါပဲ။ ဗမာအစိုးရရဲ့ထုတ်ပြန် ချက်အရရော စီအိုင်အေရဲ့ ထုတ်ပြန်ချက်အရပါ သိရတာက ဗမာပြည်မှာ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူက လူဦးရေရဲ့ ၈၉ ရာနှုန်းရှိသတဲ့။

အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေး အစည်းအရုံး (OIC) က ဒီလိုမျိုး ဗမာပြည်မှာ ရုံးဖွင့်ချင်သတဲ့။ သမိုင်းကြောင်းအရ ဒါပထမဆုံးအကြိမ်ပါပဲ။ ဒီကိစ္စနဲ့ပတ်သက်တဲ့သတင်းကို ထုတ်ပြန်ရာမှာ ပြည်ပမီဒီယာတော်တော်များများက တလွဲတချော်လုပ်ကြတယ်။ ဥပမာ ၂ဝ၁၅ခု မေလ ၂ဝ ရက်နေ့မှာ ထုတ်ဝေတဲ့ ဆစ်ဒနီ နံနက်ခင်း သံတော်ဆင့် (The Sidney Morning Herald) သတင်းစာ ရေးပုံကိုကြည့်။ ရိုဟင်ဂျာတွေမှာ အခွင့်အရေးရှိတယ်လို့ ဗမာပြည်က အတိုက်အခံ အင်အားစုကပြောတယ်တဲ့။ သူတို့ရေးတဲ့ထဲမှာ မှန်တာတခုတော့ရှိတယ်။ ဗမာပြည်ထဲက အလွန်ဆိုးဝါးလှတဲ့ အခြေအနေတွေကနေ ရှောင်ပြေးကြတဲ့ မွတ်စလင်တွေမှာ လူ့အခွင့်အရေးခံစားပိုင်ခွင့်တော့ရှိပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အတိုက်အခံအင်အားစုရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က တိုက်တွန်းတယ် လို့ရေးထားတာပါ။ ဒီလိုပြောတာဟာ ဗုဒ္ဓဘာသာဝင် အများစုကြီးရှိတဲ့ ဗမာပြည်မှာ ချောင်ထိုးခံရတဲ့လူစုနဲ့ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ဝေဖန်ချက် ပေးလိုက်ခြင်းပါပဲ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ဒီကိစ္စကိုရှင်းပြတော့ မီဒီယာက မသိချင်ယောင်ဆောင်ကြတယ်။ ဗုဒ္ဓဘာသာမှတပါး အခြား ဘာသာကိုးကွယ်သူ ဗမာနိုင်ငံသားဦးရေက ပြည်ပမှာနေတာ သုံးသန်းထက်မနည်းရှိပါတယ်။ သူတို့ထဲက ငါးပုံလေးပုံ ကျော်ဟာ ဗမာပြည်ကနေ တရားမဝင်ထွက်ပြေးကြသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြဿနာမရှိခဲ့ပါဘူး။ ထိုင်းနိုင်ငံကတော့ တခါတရံ ပြောတယ်။ မလေးရှားကလည်း တရားမဝင် ရွှေ့ပြောင်းလာကြတဲ့ ဗုဒ္ဓဘာသာဝင် အလုပ်သမားတွေအကြောင်းကိုသာ ထောက်ပြ တတ်တာပါ။ ကျန်တဲ့ နိုင်ငံတွေကတော့ ဒီကိစ္စကို အာရုံမစိုက်ကြပါဘူး။

မေး – မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက လှေစီးပြီးရောက်လာကြတဲ့သူတွေ သူတို့ရဲ့ နိုင်ငံတွေဆီကို မလာအောင် တကြိမ် နှစ်ကြိမ်လောက် တားဖူးတယ်။ အခု ဒီနိုင်ငံတွေ စိတ်ပြောင်း သွားကြပြီ။ ဒီတော့ ဒီအခြေအနေ ပြေလည်မှုရရှိအောင် သူတို့ ပူးပေါင်းဆောင်ရွက်နိုင်မလား။

ဖြေ – အင်ဒိုနီးရှားနဲ့ မလေးရှားတို့လို မွတ်စလင်အများစုနေထိုင်တဲ့ ဒေသတွင်းနိုင်ငံတွေဟာ ဒီဒေသမှာရှိတဲ့ ဘယ်နိုင်ငံကပဲလာလာ မွတ်စလင်ရွှေ့ပြောင်းသူတွေကို မျက်ကွယ်ပြုထားခဲ့တာ ထုံးစံပါ။ အိန္ဒိယနဲ့ ပါကစ္စတန်က အစွန်းရောက်အုပ်စုတွေဆီကပဲ အသံတွေထွက်လာတယ်။ ရိုဟင်ဂျာအမည်ခံထားတဲ့ လက်နက်ကိုင်အုပ်စုတွေကို အကူအညီပေးကြတယ်။ နောက်ထပ် အာစီယန် နိုင်ငံတခုဖြစ်တဲ့ ဘရူနိုင်းနိုင်ငံကဆိုရင် မွတ်စလင်လှေစီးခရီးသည်တွေနဲ့ ဒေသတွင်းတရားမဝင် ရွှေ့ပြောင်းသူတွေကို ကူညီဖို့ကိစ္စမှာ အသံတိတ်နေတယ်။

မေး – ဒီပြဿနာကို ဖြေရှင်းရာမှာ အာဆီယံရဲ့အခန်းကဏ္ဍက ဘယ်လိုရှိမလဲ။

ဖြေ – ဗမာပြည်ကို အာဆီယံအဖွဲ့ထဲဝင်ခွင့်ပြုခဲ့တဲ့ ၁၉၉၇ခု ဇွန်လ ၂၃ ရက် ကတည်းက အာဆီယံအဖွဲ့ကြီးဟာ ဗမာပြည်ရဲ့ ပြဿနာတွေကို ကူညီဖြေရှင်းခဲ့တဲ့ လုပ်ရပ် တခုမှမရှိပါဘူး။ အာဆီယံအဖွဲ့ကြီးရဲ့ ထိပ်သီးအစည်းအဝေးတွေမှာ အာဏာရ အစိုးရကိုသာ မျက်နှာသာပေးခဲ့ပြီး နှိပ်ကွပ်ခံနေရတဲ့ လူထုကိုဖြစ်ဖြစ် အဲဒီအစိုးရနဲ့ ထိပ်တိုက်တွေ့တဲ့ ဘယ်ပြဿနာကို ဖြစ်ဖြစ် ကူညီခဲ့တာ ဖြေရှင်းပေးခဲ့တာ မရှိပါဘူး။

မေး – အဲဒီ အဖွဲ့အစည်းကြီးမှာ ကျင့်ဝတ်အရရော နိုင်ငံရေးအရပါ စွက်ဖက်နိုင်တဲ့ အခွင့်အာဏာ ရှိပါသလား။

ဖြေ – မရှိပါဘူး။ လုံးဝ မရှိပါဘူး။ ၂ဝဝ၄ ခုနှစ်တုန်းကတော့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ဖိအားပေးကြလို့ ၂ဝဝ၆ ခုနှစ်မှာ ဗမာပြည် အိမ်ရှင်နိုင်ငံဖြစ်ရေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ငြင်းပယ်ခဲ့ကြဖူးတယ်။ အဲဒီလို ရဲရဲဆုံးဖြတ်ခဲ့ကြတာကလွဲလို့ အာဆီယံဟာ ဗမာပြည်ကို ဘယ်တုန်းကမှ ထိပ်တိုက်ဟန့်တားတာမရှိခဲ့ဖူး။ အခု ရိုဟင်ဂျာကိစ္စမှာ အမေရိကန်နဲ့ အီးယူတို့ကပါ မဆီလျော်တဲ့ တောင်းဆိုချက်တွေလုပ်နေပြန်တယ်။

မေး – ဆရာ့ အမြင်အရဆိုရင် ဒီ အရေးပေါ်ပြဿနာကိုဖြေရှင်းဖို့ သင့်တော်တဲ့ နည်းနာက ဘာပါလဲ။

ဖြေ – ဒီပြဿနာကို ပိုဆိုးသွားစေတဲ့ အကြောင်းနှစ်ချက်ရှိတယ်ဗျ။ ဗမာအစိုးရကိုယ်တိုင်ကြောင့်ရော တဖက်သတ် နားချ နေကြတဲ့သူတွေရဲ့ လှည့်ဖျားခံနေရတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကြောင့် ရောပေါ့ဗျာ။ ဗမာပြည် ဒီမိုကရေစီရရှိရေးအတွက် မနားမနေ အထောက်အပံ့ပေးခဲ့ကြတဲ့ အစိုးရတွေရော ထောက်ပံ့ရေး အေဂျင်စီတွေရော ၂ဝဝ၇ ခုနှစ်ကတည်းက ရန်ပုံငွေ ထောက်ပံ့နေတာတွေကို ရပ်ဆိုင်းလိုက်တယ်။ အဲဒီကတည်းက ရိုဟင်ဂျာတွေအတွက် စည်းရုံးနားချပေးတဲ့၊ တက်တက်ကြွကြွနဲ့ ငွေကြေးပြည့်ပြည့်စုံစုံရှိတဲ့ အဖွဲ့တမျိုးတည်းသာ ကျန်တယ်။ ဒီတော့ကာ (ဗမာပြည် ဒီမိုကရေစီရရှိရေး) မှသည် (မြန်မာပြည် ရိုဟင်ဂျာ ထွေးပိုက်ရေး) အဖြစ် ပြောင်းသွားတယ်။

ဒီအကြပ်အတည်းကို ဖြေရှင်းဖို့ဆိုရင် အစိုးရက ရိုဟင်ဂျာနဲ့ပတ်သက်ရင် နိုင်ငံရေး ကစားလို့ မဖြစ်ပါ။ စစ်ခေါင်းဆောင်တွေက ရိုဟင်ဂျာလို့ရေးတာ ပြောတာကို ပိတ်ပင်ခြင်းဖြင့် လူထုရဲ့လက်ခုပ်သံကို ရအောင် ကြိုးစားနေတယ်။ ဗိုလ်ချုပ်ကြီးတွေက အစွန်းရောက် ဗုဒ္ဓဘာသာအုပ်စုကို ဖန်တီးတော့ အဲဒီအုပ်စုက အမုန်းစကားတွေ ပြောကြတော့တာပေါ့။ ကုလသမဂ္ဂကိုယ်စားလှယ်ကို မလိုမုန်းထားအပုပ်ချစကားတွေ သုံးနှုန်းတော့ တာပေါ့။ မကြာသေးမီကဆိုရင် ပြည်ထောင်စုလွှတ်တော်က အငြင်းပွားစရာဖြစ်တဲ့ လူဦးရေ ဥပဒေကြမ်းကို အတည်ပြုခဲ့တယ်။ စစ်အရာရှိဟောင်းတွေ လုပ်နေတာမှန်သမျှရဲ့ ရည်ရွယ်ချက်က ဒီနှစ်အောက်တိုဘာလလောက်မှာ ကျင်းပမယ်ဆိုတဲ့ လာမယ့်ရွေးကောက်ပွဲမှာ မဲရဖို့ချည်းပါပဲ။ ဒါပေမယ့် နိုင်ငံကတော့ ရိုဟင်ဂျာအရေးနဲ့ ပြည်ပရဲ့ ခြိမ်းခြောက်မှုခံနေရပြီ။

နိုင်ငံတကာအသိုင်းအဝိုင်းက ရိုဟင်ဂျာ ပြဿနာရဲ့ သဘောသဘာဝနဲ့ အကြောင်းရင်းဇာစ်မြစ် အမှန်ကို တိတိကျကျ နားလည် မှဖြစ်မယ်။ လူသားဆန်တဲ့ ရပ်တည်ချက်၊ လူ့အခွင့်အရေးရှုထောင့်ကနေ ဆောင်ရွက်တာပဲ အမှန်တကယ် ကောင်းတာပါ။ ဒါပေမယ့် ခက်တာက နိုင်ငံတကာကလည်း နိုင်ငံသားအဖြစ်အသိအမှတ်ပြုရေးနဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆိုတာတွေကိုသာ တောင်းဆိုနေကြတယ်။ ဒီလိုမျိုး နိုင်ငံတခုရဲ့ ပြည်တွင်းရေးကိစ္စကို တမင်သက်သက် ဝင်ရောက်စွက်ဖက်ခံခဲ့တဲ့ နိုင်ငံမျိုး ရှိသလားဗျာ။

မေး – ဗမာအစိုးရက ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုလိမ့်မယ်လို့ ဆရာ ထင်သလား။ ဒါမှမဟုတ် သူတို့ကို ဗမာပြည်မှာ အေးအေးချမ်းချမ်းနေထိုင်နိုင်စေဖို့ အခွင့်အရေးတွေ ပိုပေးလိမ့်မယ်လို့ကော ထင်ပါသလားဗျာ။

ဖြေ – လူကုန်ကူးမှုဟာ တကယ့်စိန်ခေါ်မှုကြီးပဲလို့ ဗမာအစိုးရကထောက်ပြတဲ့အချက်ကို ကျနော်သဘောတူပါတယ်။ ဥပဒေ ချိုးဖောက်သူတွေကတော့ ပိုက်ဆံရရင် ဘယ်သူ့ကိုဘဲ ဖြစ်ဖြစ်လှေနဲ့တင်ခေါ်သွားကြမှာပဲ။ ဘယ်နိုင်ငံကလူတွေပဲ ဖြစ်ဖြစ်၊ ဘယ်နိုင်ငံသားတွေကိုပဲ ဖြစ်ဖြစ်ခေါ်သွားမှာပဲ။ ဒါပေမယ့် ဘာလို့ ရိုဟင်ဂျာကျမှ ပြဿနာတက်ရတာတုန်း။ ဘာလို့ ဗမာပြည်ကျမှ ပြဿနာဖြစ်ရတာတုန်း။ ဘင်္ဂလားဒေ့ရှ်ကိုကျတော့ ဘယ်သူမှ မပြောကြဘူး။ ပြီးတော့ ပင်လယ်ပြင်က ဖမ်းဆီးမိတဲ့ လူတွေကို ပြန်ပို့တာ ဘယ်သူ့ကိုမျှ အထောက်အကူမပြုပါဘူး။ သူတို့ဟာ မိမိအခြေတကျ နေထိုင်ခဲ့တဲ့ နေရာကို စွန့်ခွာလာခဲ့ကြတာပါ။ ဘာ လို့ထွက် ပြေးလာခဲ့ကြတာလဲ။ ဒါအရှင်းကြီးပါ။ ဘင်္ဂလားဒေ့ရှ်ရာ ဗမာပြည်ပါ သူတို့အတွက် ပဋိရူပဒေသမဟုတ်လို့ပေါ့။ ဘင်္ဂလားဒေ့ရှ် အသာထား။ ဗမာပြည်ကတော့ ပြင်ပက ချီးမွမ်းနေကြသလို ပြောင်းသွားပြီဆိုတာ မဟုတ်ပါ။ ပြင်ပက အဆ မတန်ဖိအားပေးနေတာတွေ၊ ဗမာအစိုးရက ဒီပြဿနာကို အကိုင်အတွယ် မှားတာတွေက အဲဒီ ကံဆိုးသူ မောင်ရှင်တွေကို ဘယ်လိုမှု ကယ်ရာရောက်မှာ မဟုတ်ပါဘူး။ မမြင်ရတဲ့ နောက်ကွယ်က အားကောင်းတဲ့ လက်တံရှည်တွေရှိတယ်။ ဗမာအစိုးရက ကိုယ့်နိုင်ငံကောင်းစားရေးကို ဂရုမစိုက်ဘူး။ ဘယ်ဘာသာဝင် ဖြစ်နေနေ ကိုယ့်ပြည်သူတွေကို ဂရုမစိုက်ဘူး။ ဘယ်ဘာသာကို ကိုးကွယ်သူတွေကိုဖြစ်စေ၊ ဘယ်နိုင်ငံသားကိုဖြစ်စေ သူတို့ကို နိုင်ငံသားဖြစ်ခွင့်ပေးလိုက်လို့ အာဏာတည်မြဲမယ်ဆိုရင် အစိုးရက နိုင်ငံသားဖြစ်အောင် လုပ်ပေးလိုက်မှာပဲ။

ဒီအင်တာဗျူးနောက်မှာ ဒေါ်အောင်ဆန်းစုကြည့်ဦးဆောင်မှုနဲ့ အစိုးရသစ်တက်လာတယ်။ ဒီအရေးကိစ္စကို ချဉ်းကပ်မှုသစ်တွေနဲ့ လုပ်တယ်။ ဒီကြားထဲမှာ အဲဒီဒေသမှာပဲ အကြမ်းဖက်တိုက်ခိုက်တာခံရတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က မကြားဝံ့မနာသာ ကျယ်ကျယ်လောင်လောင်အော်ခဲ့ကြသူတွေ ဘာသံမှမထွက်ကြပါ။ ဟီးရိုးလုပ်သူတွေလည်း ကြက်ပျောက်ငှက်ပျောက်။ အစိုးရသစ်က ကြိုးစားနေပါတယ်။ နောက်ဆုံးအခြေအနေအရ OIC ခေါ် အစ္စလားမစ် ကွန်ဖရင့်အဖွဲ့ချုပ်ကလည်း လေသံပြောင်းလာပါတယ်။ မီးတောက်က ကြီးတော့ အသေအပျောက်နဲ့ အပျက်အစီးတွေလည်း ရှိခဲ့တယ်။ မီးညွန့်ကျိုးအောင် အတော်လုံးပမ်းရမယ်။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Djenkol bean တညင်းသီးကျန်းမာရေး

၁။ တညင်းသီးက ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေတယ်ဆိုတာ ဟုတ်ပါသလား ဆရာ ၂။ ဆရာကခင်ဗျာ၊ တညင်းသီးက လူခန္ဓာကိုယ်အတွက် အကျိုးပြုပါသလားခင်ဗျာ ကျန...