Political readings နိုင်ငံရေးဖတ်စာ

ဒေါက်တာ နိုင်ငံရေးနဲ့ပတ်သက်ပြီး လေ့လာစရာ၊ ဖတ်စရာစာအုပ်များကို ညွှန်ပြပေးပါဦး။ လေးစားစွာဖြင့် ချင်ပြစ်သား။

ကျွန်တော်က နိုင်ငံရေးထဲမှာ ထဲထဲဝင်ဝင်လုပ်နေသူတော့ ဟုတ်ပါတယ်။ အစဉ်အလာအရသတ်မှတ်လေ့ရှိတဲ့ နိုင်ငံရေးသမားလို့ပြောရင်တော့ တစိတ်တပိုင်းသာမှန်ပါမယ်။ နိုင်ငံရေးသိပ္ပံကို ကျွန်တော်က မသင်ယူခဲ့ဘူးပါ။ ဖတ်နိုင်သလောက်တော့ ဖတ်ပါတယ်။ အခုလည်း ဖတ်နေရဆဲပါ။

အဖတ်မှာလည်း ခက်ခဲ့တယ်။ ဖတ်စရာဆိုလို့ လွတ်လပ်ရေးမရခင်ကနေ လက်ဝဲအယူအဆ တမျိုးတည်းသာ ခေတ်စားခဲ့တယ်။ နိုင်ငံရေးခေါင်းဆောင်မှန်သမျှ အများစုကလည်း လက်ဝဲအယူအဆသမားကြီးတွေဖြစ်ပြီး၊ ကျန်လူတွေက လိုက်ပါသူတွေ၊ လိုက်နာအောင် သွန်သင်တာခံရသူတွေနဲ့ လက်ဝဲတိမ်းညွတ်သူတွေဖြစ်ခဲ့ကြတယ်။ သူ့ခေတ်နဲ့သူပေါ့။ (ယူဂျီ) လို့ခေါ်ခဲ့ကြတယ်။

ဒီမိုကရေစီကာလက မကြာလိုက်ပါ။ ဆိုရှယ်လစ်အယူအဆကို မြန်မာမှုပြုတဲ့ခေတ်မှာတော့ ဖတ်စရာရော လုပ်စရာပါ မြန်မာ့ဆိုရှယ်လစ်တမျိုးတည်းသာရှိစေအောင် အတင်းအကြပ်လုပ်လိုက်တော့ ရွေးစရာမရှိအောင်ဖြစ်သွားခဲ့တယ်။ ဒီကြားထဲကနေ နိုင်ငံရေးလုပ်ချင်လာသူတွေဟာ တိတ်တဆိတ်လက်ဝဲစာ ရှာဖတ်တာကလွဲရင် မရှိသလောက်ပါ။ ၁၉၈၈ မှာ ဖွင့်ထွက်လာနိုင်ခဲ့ကြလို့ တခဏတာစာမျိုးစုံခဲ့တယ်။ လုပ်စရာဆိုလည်း ဒီမိုကရေစီပြောပြီး အစုံလုပ်လာကြတယ်။ လူငယ်တွေတချို့မှာ မျက်စိရောနားပါရှုတ်ရတယ်။ ဟောင်းတာမှန်သမျှ လက်မခံချင်ကြတော့ပါ။ အသစ်ကလည်း အသားမကျသေးပါ။

ဖတ်စရာလိုတာ အမှန်ပါ။ သမိုင်းက မဖတ်မဖြစ်ပါ။ သမိုင်းစုံသင့်တယ်။ မြန်မာ့သမိုင်း၊ အိမ်နီးချင်းနိုင်ငံတွေသမိုင်းနဲ့ ကမ္ဘာ့သမိုင်း။ စာအုပ်စုံလေကောင်းလေ။ သမိုင်းရေးသူတွေက သူတို့အမြင်နဲ့သာရေးတယ်။ ခေတ်တွေကို သူတို့ဖါသာ သတ်မှတ်ခွဲပေးတယ်။ မတူကြပါ။ အင်္ဂလိပ်လိုရေးလည်း တက်တက်စင်ကွဲလွဲတာတွေက မနည်းပါ။

ထင်ရှားသူတွေ၊ ခေါင်းဆောင်ကြီးတွေအကြောင်း ဖတ်သင့်ပါတယ်။ ကျောင်းသုံးစာအုပ်တမျိုးတည်း အားမကိုးပါနဲ့တော့။ နိုင်ငံရေးသိပ္ပံမှာတော့ ကောင်းတယ်။ တခြားလူမျိုးတွေအကြောင်းပါဖတ်ပါ။ ကိုယ်မကြိုက်လဲ သူတို့အကြောင်းလည်း ဖတ်ရပါမယ်။ အာဇာနည်သူရဲကောင်းတွေကို သိရမယ်၊ ဆိုးသွမ်းဘုရင်တွေ၊ အာဏာရှင်တွေအကြောင်းပါ သိရမယ်။ စစ်အေးခေတ်မှာ လိုရာဆွဲနဲ့ နှပ်ကြောင်းပေးစာနှစ်မျိုးသာရှိခဲ့လို့ ကံဆိုးခဲ့ပါသေးတယ်။ ကျွန်တော်က တကြောင်းဆွဲကို အားမပေးပါ။ စွယ်စုံကျမ်းတွေနဲ့ညှိပါ။ မြန်မာပြည်မှာက စစ်အစိုးရကနေ မူရင်းစွယ်စုံကျမ်းကို နှစ်ချုပ်လုပ်ပြီး အလိုကျ ပြန်ရေးထားတာတွေကို သတိထားပါ။

အင်ဆိုက်လိုပီးဒီယား ဘရစ်တိန်နီးကား ကောင်းပါတယ်။ အွန်လိုင်းသမိုင်းကြောင်းတွေမှာ ဆန်ကာစစ်စရာတွေပါတယ်။ တချို့ကအလွဲတွေ။ ဖြစ်နိုင်သလောက် အင်္ဂလိပ်လိုစာအုပ်တွေကိုပါ ဖတ်သင့်ပါတယ်။ ဖတ်ပြီးစဉ်းစားကြတယ်။ ဒါပေမဲ့ ဖတ်ပြီးတာနဲ့ သိသွားပြီ၊ ပြည့်စုံပြီလို့ မယူဆစေချင်ပါ။ တချို့က ပြည့်ပြီဆိုပြီး ကိုယ်ခွက် ကိုယ့်လက်နဲ့ဖုံးထားကြတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁ဝ-၂ဝ၁၄

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ