The Origin မူလအစ
မနေ့ကကွယ်လွန်သွားပြီး ထိုင်းလူမျိုးတွေအလွန်ချစ်မြတ်နိုင်ခြင်းခံရတဲ့ ထိုင်းဘုရင်ကြီးဟာ အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ် ကင်းဘရစ်ဆေးရုံမှာ မွေးဖွားခဲ့သူဖြစ်တယ်။
ဥရောပဘုရင်ခေတ်မှာ ရာဇာသွေးပြတ်တဲ့အခါ တခြားနိုင်ငံတွေကနေ မင်းသွေး ချေးယူခဲ့ကြတယ်။ အင်္ဂလန်ဘုရင် ပဌမဝီလီယန်ဟာ အင်္ဂလိပ်မဟုတ်ဘဲ ဗိုက်ကင်း စီးနင်းသူသာ ဖြစ်ပါတယ်။ ပဌမဂျော့ဘုရင်၊ ဘုရင်မကြီးဗစ်တိုးရီးယား၊ မဟာကက်သရင်းမင်းသမီးတို့ဟာ ဂျာမန်သွေးတွေဖြစ်ကြတယ်။ မေရီ အင်တိုနက်ဟာ သြစတြီးယန်သူဖြစ်တယ်။ ဖိလလစ်မင်းသားဟာ ဂရိကဖြစ်တယ်။
ဥရောပသားတွေဟာ ဌာနေတိုင်းရင်းသားတွေကို ပထုတ်ပြီး အမေရိကန်ပြည်ထောင်စုကိုတည်ထောင်တယ်။ အာဖရိက အသားမည်းတွေကို ကျွန်အဖြစ်သွင်းယူခံတယ်။ အသားမည်း အိုဘားမားကို သမတအဖြစ်တင်မြောက်တယ်။
အဲလဗတ်အိုင်းစတိုင်းဟာ နာဇီဂျာမဏီကနေ အမေရိကကိုထွက်ပြေးလာရတဲ့ ဒုက္ခသည်တယောက်ဖြစ်တယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင် မယ်လ်ဒင်း အောလ်ဘရိုက်က ကွန်မြူနစ် ချက်ကိုဆလိုဗားကီးယားကနေ ထွက်ပြေးလာခဲ့သူ ဖြစ်တယ်။
ကွန်မြူနစ်ဝါဒကို စတင်သူ ကားလ်မတ်စ်ဟာ ပရပ်ရှား ရိုင်းလင်းမှာ မွေးခဲ့သူဖြစ်တယ်။ သူနဲ့ နိုင်ငံရောလူမျိုးပါ မတူသူတွေ အများကြီးက လက်ခံကျင့်သုံးခဲ့ကြတယ်။ အိန္ဒိယ ကွန်ဂရက်ပါတီဥက္ကဋ္ဌ မစ္စစ်ဆိုနီယာဂန္ဒီက အီတလီလူမျိုး ဖြစ်တယ်။ ဒီမိုကရေစီစနစ်ဟာ ရှေးဟောင်းဂရိကနေလာတယ်။ ကနေ့ကမ္ဘာမှာ အများဆုံးကျင့်သုံးနေကြတယ်။
ယေရှုခရစ်တော်ဟာ ဂေလီယန်ဂျူးလူမျိုးဖြစ်ပေမဲ့ သူ့လူမျိုးမဟုတ်ကြတဲ့လူ သန်းပေါင်းများစွာက ကိုးကွယ်ကြတယ်။ အစ္စလမ်သာသာမှာ တမန်တော် မိုဟာမက်လဲ မက္ကာမှာ မွေးဖွါးခဲ့တယ်။ မွေးဇာတိ မတူသူကြသူတွေ သန်းပေါင်းများစွာက လိုက်နာကြတယ်။ ဗုဒ္ဓဘုရားအလောင်းဟာ ကပိလဝတ်ပြည်၊ လုမ္ဗိနီ၊ ကနေ့နီပေါနိုင်ငံမှာ ဖွါးမြင်တော်မူခဲ့တယ်။ ကျွန်တော်တို့ ကိုးကွယ်နေကြတယ်။
မြန်မာအစ၊ ဗမာအစ ဘယ်ကဖြစ်ဖြစ်၊ ဘယ်လိုခေါ်ခေါ် ကျွန်တော်တို့ဟာ ကျွန်တော်တို့သာဖြစ်ပါတယ်။ တခြားသူတွေကိုလည်း ဘယ်လိုခေါ်ခေါ် တခြားသူတွေသာဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
၁၄-၁ဝ-၂ဝ၁၆

Comments
Post a Comment