HIV cure news ပျောက်ကင်းသတင်းများ
ဆရာ ဘာစီလိုနာကသတင်းက အမှန်လားသိချင်လို့ပါခင်ဗျာ။ HIV ပျောက်ကင်းခြင်းသတင်းတခုကို မှန် မမှန်မေးတယ်။ သတင်းနေ့စွဲကိုအရင်စစ်တော့ ၁၃-၈-၂ဝ၁၅ နေ့ကသတင်းကိုမေးတာဖြစ်နေတယ်။ အဲလိုပဲ လူမှုရေးကွန်ရက်မှာ နေ့စွဲနဲ့ သတင်းပင်ရင်းမရေရာပဲ ပြန်ပြန်တင်နေကြတာတွေ နေ့တိုင်းတွေ့နေရတယ်။ တခါတလေ အတော်အဆီအငေါ်မတည့်ပါ။
HIV ပျောက်တယ်ဆိုတဲ့သတင်းတွေ မများလှပါ။ အကုန်ရေးထားပြီးပါပြီ။
၁။ The Berlin patient ဘာလင်လူနာ
၂။ Mississippi girl မစ်ဆစ္စပိကလေးမ
၃။ Barcelona ဘာစီလိုနာသတင်း
HIV ပျောက်တဲ့ ပဌမဆုံးလူသားသတင်းဟာ ၁၉၉၈ မှ ထွက်ခဲ့တယ်။ သူ့ကိုစမ်းသပ်ဆဲကုသမှု didanosine, indinavir နဲ့ hydroxyurea ဆေးအတွဲကို ပေးတာပါ။ အဲသည်တုံးကတော့ လူနာမည်ဖေါ်ပြခဲ့ခြင်းမရှိပါ။ ဒါပေမဲ့ တကယ် မပျောက်ပါ။ သူ့သွေးထဲမှာ HIV ပိုးအရေအတွက်နည်းနေရခြင်းဟာ HLA B*57 allele ကြောင့်ဖြစ်တာလို့ သိလာရပါတယ်။ ဆေးပေးလို့ပျောက်နေတာ မဟုတ်ပါ။
The Berlin patient ဘာလင်လူနာလို့ တင်စားခေါ်ပါတယ်။ သူက ဂျာမဏီနိုင်ငံ၊ ဘာလင်မြို့က Timothy Ray Brown (တင်မိုသီ ဘရောင်း) ဖြစ်ပါတယ်။ မူလက အမေရိကား၊ ဆီယာတဲလ်ကပါ။ ၁၉၉၅ ကတည်းက HIV ပိုးရှိနေတာသိလို့ (ART) ဆေးပေးနေခဲ့တယ်။ ၂ဝဝ၆ မှာ acute myeloid leukemia လူကီးမီးယားရောဂါ ရလာပြန်ပါတယ်။ Hematopoietic stem cell transplant ကုသနည်းလုပ်ပေးပါတယ်။ ART ဆေး ပေးနေတာကို ရပ်လိုက်ပါတယ်။ ၃ လ နေတော့ HIV ပိုး အရေအတွက်ဟာ စမ်းမရအောင်ကျပြီး၊ CD4 T cells တွေလဲ တက်လာတယ်။ ၂ဝ၁၂ အထိ သူဟာ ရောဂါပျောက်ကင်းသူအဖြစ် ဆက်လဲရှိနေတယ်။
၂၅-၉-၂ဝ၁၄ နေ့ကလာတဲ့သတင်းမှာလဲ (တင်မိုသီ) မှာရောဂါပျောက်ကင်းဆဲဖြစ်တယ်။ HIV ပိုးတွေနဲ့ ၁၁ နှစ်ကြာ နေခဲ့ပြီးမှ ပျောက်တာဖြစ်ပါတယ်။ ဘာလို့ပျောက်သလဲဆိုတာမှာ အချက် ၃ ချက်တွေ့ရပါတယ်။ (၁) လူကီးမီးယားအတွက် ရိုးတွင်းခြင်ဆီအစားမထိုမီမှာ ခီမိုသာရာပီ + ဓါတ်ကင်ပေးတော့ ခုခံအားစနစ်ပျက်စီးတယ်။ ရိုးတွင်းခြင်ဆီလှူတဲ့သူမှာ မျိုးဗီဇမှာ ထူးခြားတဲ့ မြူတေးရှင်းဖြစ်နိုင်နေတာလဲတွေ့ရှိရတယ်။ တတိယအချက်က ခုခံအားစနစ်သစ်ကနေ ကျန်နေသေးတဲ့ပိုးတွေကို အနိုင်ယူတာလို့ယူဆရတယ်။
၁၁-၇-၂ဝ၁၄ နေ့ကရေးထားခဲ့တဲ့သတင်းကတော့ HIV re-emerges in cured Mississippi girl မစ်ဆစ္စပိကလေးမ HIV ပြန်ပေါ်လာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ (မစ်ဆစ္စပိ) က အသက် ၄ နှစ်အရွယ် ကလေးမလေးမှာ အရင်က HIV ကင်းပျောက်နေပြီလို့ သတ်မှတ်ခဲ့တာ အခုစစ်ဆေးတော့ မပျောက်သေးတာတွေ့လာရတယ်။
ကလေးမလေးကို ပိုးမရှိတော့ဘူးဆိုပြီး ဆေးမပေးဘဲထားခဲ့တာ ၂ နှစ်နီးပါးကြာပါပြီ။ သူ့ကို ချစ်နိုးနဲ့ Mississippi baby မစ်ဆစ္စပိကလေးမလို့ ခေါ်ခဲ့ပါသေးတယ်။ ကလေးမကို အသက် ၁၈ လအထိ ဆေးပေးခဲ့ပြီး ဘယ်နေရာရောက်သွားမှန်း မသိလို့ ဆေးမပေးနိုင်တော့ပါ။ ၁ဝ လကြာတော့မှ သူ့အမေကဆေးဆက်ကုမပေးပေမဲ့ ကလေးမမှာ HIV ပိုးမတွေ့တော့လို့ အားလုံးက အံ့သြခဲ့ရတယ်။ ဒီသတင်းထူးကို ကျွန်တော့ ဘလော့ခ်မှာလဲ တင်ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့အပါတ်မှာ ဆေးပြန်စစ်တော့ ပိုးပြန်တွေနေရတယ်။ ပိုးတွေက ဘာလို့ပြန်ပြီး ခေါင်းထောင်လာယ်ဆိုတာကို ဆရာဝန်တွေက မပြောနိုင်သေးပါ။
ဒုတိယကလေးကိုတော့ ၂ဝ၁၃ ဧပြီလထဲတုံးက လော့စ်အင်းဂျဲလိစ်မှာ မွေးကတည်းကနေ ဆေးပေးထားတယ်။ အခုလဲ ပေးနေပါတယ်။ လူကြီးထဲကတယောက်တော့ ပျောက်တဲ့သတင်းရှိထားပါတယ်။
ဘာစီလိုနာ (စပိန်) မှာ အသက် (၃၇) နှစ်ရှိ HIV လူနာတယောက်ကို ဗီဇအရ HIV ခံနိုင်ရည်ရှိသူရဲ့ ချက်ကြိုးကသွေးကို ထုတ်ယူပြီး Stem cells သွင်းပေးတယ်။ ပျောက်တယ်လို့ ဆိုတယ်။ ဒါပေမယ့် လူနာက ကင်ဆာနဲ့ဆုံးသွားတယ်။ ဆေးကုနည်းတခုအဖြစ် လက်ခံကြတယ်။ နောက်သတင်းတခုမှာ မြွေဆိပ်ကနေထုတ်တဲ့ဆေးနဲ့ HIV ကုတယ်လို့ဆိုတယ်။
ဒေါက်တာတင့်ဆွေ
၁၃-၁ဝ-၂ဝ၁၆
http://www.vidavibrante.com/2013/03/04/baby-in-mississippi-cured-of-hiv-brings-hope-for-reversing-disease/
https://www.tumblr.com/search/Berlin-patient
http://www.ayyaantuu.net/good-news-hivaids-cure-finally-found-doctors-confirm-no-more-condoms/

Comments
Post a Comment