ဒေါ်စု အိန္ဒိယကို သွားပြီ
ဒေါ်စုတက်မဲ့ ထိပ်သီးအစည်းအဝေးက အိန္ဒိယအနောက်ဖက်ကမ်းခြေက ခရီးသွားမြို့တခုဖြစ်တဲ့ ဂိုအာမှာဖြစ်တယ်။ ပေါ်တူကီတွေ ဗဟိုပြုခဲ့တဲ့နေရာပါ။ ဂိုအာကနေဆက်ပြီး မြန်မာနိုင်ငံကိုလည်း ပေါ်တူကီလူမျိုးတွေရောက်တယ်လို့ ပြောနိုင်ပါတယ်။
၂ဝ၁၂ ခုနှစ် နိုဝင်္ဘာလထဲ ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယကို အရင်ဆုံးတခေါက်လာစဉ်ကတော့ ကျွန်တော်လည်း ဒေလီမှာနေသေးတာမို့ ဒေါ်စုခရီးစဉ်ထဲက မြန်မာကွန်မြူနတီနဲ့တွေ့တဲ့အစီအစဉ်ကို အစကနေအဆုံးအထိ လုပ်ပေးနိုင်တာတွေနဲ့ လုပ်ခွင့်ရတာတွေမှန်သမျှ လုပ်ပေးခဲ့ရပါတယ်။ အမှန်အတိုင်းပြောရရင် မလာခင်ကတည်းက လုပ်ရတာဖြစ်ပြီး တချို့နေရာတွေမှာ နောက်ကနေသာ ပါခဲ့တာပါ။ မရောက်ခင်ကတည်းက သတင်းရတာနဲ့ ဆက်သွယ်ရေးတွေလုပ်ရတယ်။ ဒေါ်စုဆီကို တိုက်ရိုက်မဟုတ်ပါ။ ဒေါက်တာ တင်မာအောင်ဆီဆက်ရတယ်။ သူလည်း အလုပ်များတဲ့အထဲက အီးမေးလ်နဲ့ပြန်ပါတယ်။ နောက် အိန္ဒိယအာဏာပိုင်တွေနဲ့ ဆက်သွယ်ရတယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာနာက ပရိုတိုကော်လ်အရာရှိတွေနဲ့တော့ အကြိမ်ကြိမ်ဆွေးနွေးတိုင်ပင်ပြီး စီစဉ်ရပါတယ်။ မြန်မာကွန်မြူနတီနဲ့ အကြိမ်ပေါင်းများစွာ၊ လူပေါင်းများစွာနဲ့ ပြောရဆိုရ စီစဉ်ရပါတယ်။
ပရီုတိုကော်လ်ဌာနက ဒေါ်စုနဲ့ ကွန်မြူနတီတွေ့ဘို့ အချိန်တနာရီတိတိသတ်မှတ်ထားတယ်။ အဲဒီနာရီပြည့်တာနဲ့ ကားပေါ် တင်ခေါ်သွားမယ်တဲ့။ အချိန်ကိုက်ဖြစ်အောင် ဒေါက်တာတင်မာအောင်ကလည်းစည်းကမ်းချက်တွေ ကြိုတင်ပေးပါတယ်။ ကျွန်တော်က ကြားခံလူလိုလုပ်ရ၊ တံတားခင်းသူလိုလုပ်ရတယ်။ တံတားဆိုတာ သုမေဓာရှင်ရသေ့လိုပါ။ ကျောပေါ်မှာ နင်းကြွတော်မူပါဘုရား။ ကျွန်တော်မှသာမဟုတ်ပါ။ ဘယ်အလုပ်ကြီးမျိုးမှာမဆို သည်လိုလုပ်ကြရသူတွေရှိပါတယ်။
အဲဒီခရီးစဉ်က အောင်မြင်ခဲ့ပါတယ်။ နေအိမ်အကျယ်ချုပ်ကလွတ်လာတာ ရက်ပိုင်းသာရှိသေးပြီး ပြည်ပဒီမိုကရေစီ လှုပ်ရှားမှုရဲ့ ဒုတိယချက်မနေရာလည်းဖြစ်လို့ မျှော်လင့်ထားချက်တွေက အတော်ကြီးမားနဲ့အညီ အောင်မြင်မှုကလည်း ကိုက်ညီပါတယ်။
သည်ခေါက်က တမျိုး။ မျှော်လင့်အားမကြီးဘူးလို့ ထင်ပါတယ်။ ခရီးစဉ်ကလည်း ပုံမှန်ခရီးသဘောနဲ့ အလုပ်တာဝန်ခရီး ဖြစ်တယ်။ သူ့မှာ တခြားအရေးအရာတွေအတွက် အချိန်မပေးနိုင်လောက်ပါ။ အဲဒီမှာ မြန်မာကွန်မြူနတီဆိုတာလည်း သေးငယ်သွားပြီ။ တာဝန်ခံလုပ်မဲ့သူတွေရော ဆရာကြီးလုပ်မဲ့သူတွေပါ အဲဒီမှာမရှိကြတော့ပါ။
သည်တခါ ဒေါ်စုက BRICS ခေါ်တဲ့ ဘရာဇီးလ်၊ ရုရှား။ အိန္ဒိယ၊ တရုပ်နဲ့ တောင်အာဖရီကနိုင်ငံတွေ စုစည်းထားတဲ့ အဖွဲကြီး ထိပ်သီးအစည်းအဝေးနဲ့အတူ BIMSTEC အစုအဖွဲ့အစည်းကိုပါ တက်ရောက်မှာဖြစ်ပါတယ်။ အဲဒီထဲမှာ ဘင်္ဂလားဒက်ရှ်၊ ဘူတန်၊ နီပေါ၊ အိန္ဒိယ၊ သီရီလင်္ကာ၊ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတွေပါတယ်။ အဓိကအာဂျင်ဒါထဲမှာ နိုင်ငံတကာအကြမ်းဖက်မှု တိုက်ဖျက်ရေးပါနေလို့ လောလာဆယ် မြန်မာနိုင်ငံကအဖြစ်အပျက်တွေနဲ့ တိုက်ဆိုင်နေပြီး စိတ်ဝင်စားစရာကောင်းပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒါမိုဒီအစိုးရကနေ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ နိုင်ငံခြားရေးပေါ်လစီကို အရှေ့မျှော်ကနေ အရှေ့လုပ်လို့ ပြောင်းထားပါတယ်။ မြန်မာပြည်မှာ စစ်အစိုးရတက်ကတည်းကထားခဲ့တဲ့ ပေါ်လစီအဟောင်းကို နာမည်ပြောင်းထားတာပါ။ အိန္ဒိယအဖို့ အရှေ့တောင်အာရှနဲ့ချိတ်ဆက်ဘို့မှာ သူ့ရဲ့အရှေ့မြောက်ဒေသကနေ မြန်မာပြည်ကိုဆက်ရမှာပါ။ သူ့ဖက်မှာက သူပုန်သူကန်တွေရှိနေတယ်။ အိန္ဒိယအစိုးရကို လက်နက်ကိုင်တိုက်နေကြတဲ့ အရှေ့မြောက်ဒေသက လက်နက်ကိုင်အဖွဲ့ပေါင်း ဒါဇင်ဝက်လောက်က မြန်မာ့မြေပေါ်မှာခြေကုပ်ယူထားကြတယ်။ မြန်မာစစ်အစိုးရလက်ထက်မှာ စခဲ့တာပါ။ နှစ်နိုင်ငံအစည်းအဝေးတိုင်းမှာ အဲတာကိုပြောတယ်။ ပြောတိုင်းလည်း မြန်မာဘက်ကမရှိစေရပါလို့သာ ပြန်ပြောနေခဲ့တာ နှစ်ပေါင်းမနည်းတော့ပါ။ လက်ရှိမြန်မာအစိုးရကလည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူရှီမာ ဆွာရက်စ် နေပြည်တော်ကို လာစဉ်က သည်အတိုင်းဖြေထားပြီးဖြစ်တယ်။ အဲဒီအိန္ဒိယရဲ့ပြဿနာဟာ မြန်မာပြည်က တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခနဲ့ တူနေတယ်။ အစိုးရက တစိတ်ပိုင်းသာ သြဇာသက်ရောက်မှုရှိပါတယ်။
ဒီအစုအစည်းကြီးနှစ်ခုလုံးဟာ ကိန်းဂဏန်တွေအရတော့ အင်မတန်များပြား ကြီးမားပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ လေးပုံတပုံ နေထိုင်တယ်။ ကမ္ဘာ့ GDP ရဲ့လေးပုံတပုံ (၁၇ ထရီလီယန်) ရှိတယ်။ စီးပွါးရေးကတော့ ကောင်းလှတာမဟုတ်ပါ။ လောင်စာဆီဈေး ကျနေတယ်။ ရုရှားဟာ အနောက်နိုင်ငံတွေရဲ့ ဆန်ရှင်ဒဏ်ခံနေရတယ်။ တရုပ်မှာလည်း ထုတ်ကုန်တွေ ကျဆင်းနေချိန်ဖြစ်တယ်။ တောင်အာဖရိကဘဏ္ဍာရေးဝန်ကြီးကလည်း အခြေအနေသိပ်မကောင်းတာပြောထားတယ်။ တရုပ်နဲ့ အိန္ဒိယဆက်ဆံရေးဟာလည်း ထုံးစံအတိုင်း ပြိုင်ဖက်သာဖြစ်တယ်။ ရုရှားကနေလည်း သူ့ရဲ့ဆီးရီးယားပေါ်လစီကို ထောက်ခံမှုရအောင်လုပ်ချင်နေမယ်။ တရုပ်ကလည်း သူ့တောင်တရုပ်ပင်လယ်အရေးမှာ ထောက်ခံစေချင်နေမယ်။
အိန္ဒိယအဖို့မှာ SAARC ခေါ်တဲ့တောင်အာရှနိုင်ငံများအစုက အိန္ဒိယနဲ့ ပါကစ္စတန်ဆက်ဆံရေးကြောင့် အသက်မဝင် ဖြစ်နေတယ်။ အဲတာထဲမှာ မြန်မာပြည်နဲ့ အာဖကန်နစ္စတန်တို့ကို လေ့လာသူအဖြစ် ထည့်ထားတယ်။ အဲတာကြောင့် ၁၉၉၇ ကတည်းကဖွဲ့ထားတဲ့ BISTEC အုပ်စုကို ပိုပြီးအာရုံစိုက်နေတယ်။ အိန္ဒိယက ဘင်္ဂလားပင်လယ်အောာ် ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်ရေး လုပ်ချင်တယ်။ တရုပ်ကလည်း ပိုသားခါးပတ်လမ်းမကြီးလုပ်နေတယ်။ အဲတာကြီးတွေ အားလုံးက မြန်မာ့မြေပုံကို ဖြတ်သန်းကြမှာပါ။ မဏိပူကနေ ဘန်ကောက်ထိသွားမဲ့ သုံးနိုင်ငံလမ်းမကြီးလည်းပါတယ်။ စိတ်ကူးထားတာ ဖနွမ်းပင်အထိဆက်မယ်။ တရုပ်ဖေါက်ချင်တဲ့လမ်းတွေက မျက်စိနဲ့မမြင်နိုင်တာတွေကလည်းပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ဒီခရီးမှာ မျှော်လင့်နိုင်တာတွေလည်းရှိပါတယ်။ ရခိုင်နယ်မြေမှာဖြစ်တာဟာ လူမျိုးရေးမဟုတ်၊ ဘာသာရေးမဟုတ်၊ အကြမ်းဖက်မှုဖြစ်တယ်လို့ တရားဝင်သတ်မှတ်ထားတယ်။ မိုဒီရဲ့ ဘီဂျေပီပါတီကလည်း ဘာသာရေးအစွန်းရောက်မှုတွေကို ရင်ဆိုင်နေရတယ်။ တာလီဘန်အပါအဝင် မွတ်ဆလင်အစွန်းရောက် အတော်များများဟာ ပါကစ္စတန်မှာအခြေစိုက်တယ်။ မောင်တောမှာအကြမ်းဖက်မှုတွေလုပ်နေတဲ့ခေါင်းဆောင်လုပ်သူက အဲဒီမှာ ခြောက်လသင်တန်းဆင်းခဲ့သူဖြစ်တယ်။ အိန္ဒိယမှာ ထက်မြက်တဲ့ R&W ထောက်လှမ်းရေးဌာနရှိလို့ သတင်းအချက်အလက်တွေ မြန်မာပြည်ကလိုချင်ရင် ရနိုင်ပါတယ်။
၂ဝဝ၉ မှာစဖွဲ့ထားတဲ့ BRICS ဟာ အမေရိကန်အုပ်စီးထားတဲ့ IMF ကိုယှဉ်ဘို့ရည်ရွယ်ပြီးဖွဲ့ထားတာဖြစ်ပါတယ်။ BRICS ထိပ်သီးတွေမှာ အနောက်အုပ်စုဆန့်ကျင်အမြင်ရှိတယ်။ မြန်မာ့ဒီမိုကရေစီရေးကြိုးပမ်းမှုမှာက အနောက်နိုင်ငံတွေကသာ ကူညီခဲ့တယ်။ BRICS ထဲက တောင်အာဖရိကဆိုရင် ကုလလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးအဆိုကို ၂ဝဝ၇ တုန်းက ကန့်ကွက်မဲပေးခဲ့တယ်။
ဒီခရီးစဉ်ကို အများက အများကြီးအာရုံစိုက်မထားတဲ့ခရီးကနေ ဒေါ်စုဟာ စိတ်အေးလက်အေးနဲ့ အိန္ဒိယကနေ ရနိုင်တာတွေကို အရယူခဲ့နိုင်ဘို့ အခွင့်ကောင်းရပါမယ်။ စိုက်ပျိုးရေး၊ ဆေးဝါးနဲ့ကျန်းမာရေး၊ အိုင်တီနည်းပညာ စတာတွေအတွက် နောက်အဆင့်တွေ တိုးစေနိုင်ပါတယ်။
ဒေါက်တာတင့်ဆွေ
၁၆-၁ဝ-၂ဝ၁၆

Comments
Post a Comment