Bangali ဘင်္ဂါလီ

အခုပဲတွေ့တဲ့ ပို့စ်တခု = ကျနော်နားလည်တဲ့ ပဌာန်းတရားရဲ ထူးခြားချက် ကုသိုလ်လုပ်ရင် ကုသိုလ်ဖြစ်တဲ့ နှလုံးသွင်း မကောင်းရင် အကုသိုလ်ဖြစ်တဲ့ အကုသိုလ်လုပ်ရင် အကုသိုလ်ဖြစ်တယ်။ နှလုံးသွင်းကောင်းရင် ကုသိုလ်ဖြစ်တဲ့ အားလုံးသော Facebook ဘော်ဒါများ မိတ်ဆွေများအားလုံး နှလုံးသွင်းမှန်နိုင်ကြပါစေ။

ဘင်္ဂါလီအသုံးမမှန်ကြောင်းရေးခဲ့ဘူးပါတယ်။ တချို့က အဲလိုခေါ်လိုက်ရတာနဲ့ ကျေနပ်နေကြတယ်။ ပို့စ်တင်တဲ့ Rajib Chowdhury က ဘင်္ဂါလီ-မြန်မာဖြစ်ပါတယ်။ ကိုလ်ကတ္တား (ယခင် ကာလကတ္တား) မှာနေတယ်။ ၁၉၉၆ ကျောင်းသား အရေးအခင်းမှာ ထွက်လာရသူဖြစ်ပါတယ်။

Bengali ဘင်္ဂါလီဟာ ကနေ့ ဘင်္ဂလားဒက်ရှ်နဲ့ အိန္ဒိယ အနောက်ဘင်္ဂလားပြည်နယ်မှာနေထိုင်သူတွေ ပြောနေတဲ့ စကား ဖြစ်တယ်။ Bangala ဘင်္ဂလားဆိုတာ ပြောတဲ့ဘာသာစကားနဲ့ နေရာဒေသကိုပါ ခေါ်တယ်။ Bengal ဘင်္ဂေါလ် ဆိုတာက ဒေသ။ အခုက တနေရာတည်းမဟုတ်တော့ပါ။ အိန္ဒိယ အနောက်ဘင်္ဂလားပြည်နယ်နဲ့ အရှေ့ဘင်္ဂလားကနေ Bangladesh ဘင်္ဂလားဒက်ရှ်ဖြစ်သွားပြီ။ ပထဝီစာအုပ်နဲ့ မြေပုံတွေမှာ Bay of Bangal ကို ဘင်္ဂလားပင်လယ်အော်လို့ ရေးတယ်။ Bengali ဘင်္ဂါလီလူမျိုးတွေဟာ အိန္ဒိယ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒက်ရှ်မှာ နေထိုင်ကြတယ်။ West Bengal အနောက်ဘင်္ဂလားပြည်နယ်မှာနေထိုင်သူတွေက ဟိန္ဒူဘာသာကို အများဆုံးကိုးကွယ်ကြပြီး ဘင်္ဂလားဒက်ရှ်မှာ နေထိုင်သူတွေက မွတ်ဆလင်တွေအများစုဖြစ်ကြတယ်။ ဘင်္ဂါလီလူမျိုးဆိုတာ အိန္ဒိယ အရှေ့ပိုင်းနဲ့ ဘင်္ဂလားဒက်နိုင်ငံတွေမှာသာမက အိန္ဒိယနိုင်ငံထဲက ပန်ဂျပ်၊ ဟာရီယာနားနဲ့ ဥတ္တရာပရာဒက် ပြည်နယ်တွေမှာလည်း နေတယ်။

ဘင်္ဂလားဒက်နိုင်ငံမှာ (ဘင်္ဂါလီ) လူမျိုးဟာ ၉၈% ဖြစ်တယ်။ (ဘင်္ဂါလီ) စကားပြောသူဟာလည်း ၉၈% ရှိတယ်။ ကိုးကွယ်တဲ့ဘာသာမှာ ၈၉့၅% က မွတ်ဆလင်တွေဖြစ်တယ်။ ဟင်ဒူ ၉့၅%၊ ဗုဒ္ဓဘာသာ ဝ့၇% နဲ့ ခရစ်ယန် ဝ့၃%၊ ရှိတယ်။ ဘင်္ဂလားဒက်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသမှာ တခြားလူမျိုးတွေပါ နေထိုင်ကြပါတယ်။ Chakma (Changhma) ချက်ကမာက အများစုဖြစ်တယ်။ သူတို့က တိဘက်တို-ဘာမင်းလူမျိုးနွယ် ဖြစ်ကြတယ်။ ချက်ကမာနဲ့ တူတာကို မြန်မာပြည်မှာ Daingnet ဒိုင်းနက်လူမျိုးလို့ခေါ်တယ်။ ထေရဝါရဗုဒ္ဓဘာသာကို ကိုးကွယ်ကြတယ်။ ရခိုင်လူမျိုးကနေ ဆင်းသက်ပြီး နောက်မှသာ ဘင်္ဂလားကို ရွေ့တယ်လို့ယူဆကြတယ်။ သူတို့ကို Saks or Theks သက်လူမျိုးလို့ခေါ်တယ်။ အိန္ဒိထဲက တရိပူရ၊ မီဇိုရမ်နဲ့ အရူနာချာပရာဒက်ပြည်နယ်တွေမှာလဲ ချက်ကမာတွေနေကြတယ်။ ခရစ်ယန်ကိုးကွယ်တဲ့ ဇိုမီးလူမျိုးတွေလည်းရှိတယ်။

Bengali ဘင်္ဂါလီ၊ Bangla ဘင်္ဂလားနဲ့ Bangalore ဘန်ဂလို မတူကြပါ။ ဘန်ဂလိုဆိုတာ အိန္ဒိယတောင်ပိုင်း ကနာတာကာ ပြည်နယ်မြို့တော်ဖြစ်ပြီး အိန္ဒိယရဲ့ စီလီကွန်ဗယ်လီလို့တင်စားခေါ်တယ်။ IT နည်းပညာ ထွန်းကားရာဖြစ်လို့ပါ။ ဘာသာပြန်စာအုပ်တအုပ်မှာ ဘင်္ဂလားနဲ့ မှားပြန်တာတွေ့ပါတယ်။ Bangladesh ဘင်္ဂလားဒက်က တိုင်းပြည်။ Bangladeshi ဘင်္ဂလားဒက်ရှီဆိုမှ လူမျိုး။

(ဗကပ) ရဲဘော်ဘတင် နာမည်ရင်းက ဂိုရှယ်၊ ဘင်္ဂါလီဖြစ်ပါတယ်။ ကဗျာဆရာကြီး ရာဘန္ဒြာ နတ်သ် တဂိုးနဲ့ နိုဗယ်ဆုရ စီးပွါးရေးပညာရှင် အမာတီယာဆန်တို့က အိန္ဒိယနိုင်ငံသား ဘင်္ဂါလီတွေဖြစ်ကြတယ်။ ဘင်္ဂလားမောင်နှမဆိုတဲ့ အသုံးအနှုန်းကို တချို့နေရာတွေမှာ သုံးတယ်။ မစစ်တဲ့သဘောကို ပြောချင်တာပါ။

ဒေါက်တာတင့်ဆွေ
၁၆-၁ဝ-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး