Ischemic Heart Disease နှလုံးသွေးကြောကျဉ်းရောဂါ

၁။ ဆရာ  ကျမအဖေ အသက်၆၀ သည် နှလုံးသွေးကြောကျဉ်းနေသည်ဟု  ဆေးစစ် ချက်များ အရ ပြောပါသည် ဘယ်လို နေထိုင်စားသောက် သင့်သည် ကျေးဇူးပြီး ညွှန်ကြားပေးပါရှင့်။

၂။ အသက် ၃၆၊ ကျား။ လွန်ခဲ့တဲ့ ၂နှစ်ကဘယ်ဘက်ရင်ဘတ်ကအောင့်ပြီး ဘယ်ဘက်လက်တခြမ်းလေးသလိုဖြစ်။ ပြီးခဲ့တဲ့နှစ်က ဆေးရုံကြီးပြင်ပလူနာဌာနမှာ သွားပြ ဆေးစစ်သွေးစစ် နှလုံးစစ်တော့ ပုံမှန်လို့ဘဲပြော အခုနောက်ပိုင်း တခါတလေ အသက်ရှူမဝ ညပိုင်းအိပ်ပျော်ခါနီ လန့်သလိုဖြစ် တခါတလေ ရင်ဘတ်အရှေ့အနောက်နဲ့ညှပ်ပြီး ကြပ်နေသလိုဘဲ ဘာဖြစ်လို့လဲဆရာ ရင်ဘတ်အောက်တာ မနက်ပိုင်း အိပ်ယာထတဲ့အချိန်တွေအများဆုံးဖြစ်တယ်။ တခါတလေမဖြစ်ဘူး။ အရမ်းမခံနိုင်အောင်အောက်လာရင် ဒီဆေးတပြား လျှာအောက်ထည့်ငုံထားပြီး စုပ်နေလိုက်ရင် ၅ မိနစ်ဆို ပြန်သက်သာသွားတယ်။ ဒီဆေးက ဆရာဝန်ညွှန်ကြားချက်နဲ့သောက်တာတော့ မဟုတ်ပါဘူး။ ဆေးဆိုင်က ဝယ်သောက်တာပါ။ သောက်ခွင့်ရောရှိရဲ့လားဆရာ။ အလုံး၁၀၀ ဗူးဟာ ဆေး ၈ပြားဘဲကျန်တော့တယ်။ ကျွန်တော် ရင်ဘတ်အောင့်လာတာ ၂နှစ်အတွင်း အခါ ၁၀၀ ကျော်ပြီ။ ကျေးဇူးအထူးတင်ပါတယ်။ ဆရာ ကျန်းမာပါစေ။

သွေးတိုး မသိ။ ဆီးချို မသိ။ ကိုလက်စထော မသိ။ ဆေးစစ်ချက် မသိ။ ဆြာ ၇ လုံးကို ပြင်လိုက်တယ်။ ဆောရီး။

၃။ ဆရာ သမီးကို ဆေးစာရွတ်လေး ကြည့်ပေးပါရှင့်။ လေးစားစွာဖြင့်။ ရင်ဘတ်အောင့် အသက်ရှုကျပ်ပြီးမူးလို့ ECG ရိုက်ထားတာပါ။ နှလုံးသွေးကြောကျဉ်းနေတယ်လို့ပြောပါတယ်ဆရာ။

နှလုံးဟာ ခန္ဓာကိုယ်တခုလုံးကို သွေးလည်ပတ်စီးဆင်းဘို့ လုပ်ဆောင်ပေးတဲ့ သွေးညှစ်စက်တခုပဲဖြစ်ပါတယ်။ တရက်မှာ ပျမ်းမျှ အကြိမ် ၁ဝဝ,ဝဝဝ ခန့် ခုန်ရပြီး သွေးထုထည် ဂါလံ ၂,ဝဝဝ ခန့် ညှစ်ထုတ် ပေးနေရပါတယ်။ လူ့သက်တမ်း တလျှောက်လုံး မရပ်မနား စည်းချက်မှန်မှန် ညှစ်ထုတ်ပေးနေတယ်။ ဒီလို အချိန်ပြည့် လုပ်ဆောင်နိုင်အောင် နှလုံးကြွက်သားအတွက် အောက်စီဂျင်နဲ့ အာဟာရကို ကိုရိုနရီ ခေါ် နှလုံးသွေးကြောလေးတွေက ထောက်ပံ့ပေးနေတယ်။ အကြောင်းအမျိုးမျိုးကြောင့် နှလုံးသွေးကြောတွေဟာ ကျဉ်းလာပြီး နှလုံးကြွက်သားအတွက် အောက်စီဂျင်နဲ့ အာဟာရကို လုံလောက်စွာ မထောက်ပံ့နိုင်တော့တဲ့အခါ နှလုံးသွေးကြောကျဉ်း လက္ခဏာတွေ ပေါ်လာတယ်။ ဆောရီး။

နှလုံးသွေးကြောကျဉ်းစေတဲ့ အဓိကအချက် (၃)ချက်ရှိတယ်။ သွေးတိုးရောဂါ၊ ကိုလက်စထရောများခြင်းနဲ့ ဆေးလိပ် သောက်ခြင်း။ နှလုံးသွေးကြောကျဉ်းစေသော တခြားအကြောင်းတွေက ဆီးချိုရောဂါ၊ စိတ်ဖိစီးမှုများခြင်း၊ အဝလွန်ခြင်း၊ လှုပ်ရှားမှုနည်းတဲ့ ထိုင်ပြီးအလုပ်လုပ်ကိုင်ရခြင်းတို့ဖြစ်တယ်။

အဲဒီအကြောင်းတွေကြောင့် သွေးလွှတ်ကြောရဲ့ အတွင်းနံရံဟာ အနည်ကျ စုပုံ ထူအမ်းလာပြီး ကျဉ်းမြောင်းလာတယ်။ ပလိပ်ခေါ်တာဖြစ်လာလို့ပါ။ ကိုလက်စထရော၊ ကယ်လ်စီယမ်၊ ဆဲလ်သေအစအနတွေ၊ သွေးမွှားဥတွေပါတယ်။ အဲတာက သွေးကြောနံရံက ပြုတ်ထွက်ပြီး သွေးကြောတနေရာမှာပိတ်တတ်တယ်။ နှလုံးပုပ်တာ၊ ဦးနှောက်သွေးကြောပိတ်ရင် Stroke ခေါ် လေဖြတ်တာ၊ ခြေလက်သွေးကြောပိတ်ရင် နာကျင်တာ၊ အသားပုပ်တာတွေဖြစ်တတ်တယ်။

Angina Pectoris နှလုံးသွေးကြောကျဉ်း ရောဂါလက္ခဏာများ
ရင်ဘတ်အလယ်တင်းကျပ်စွာ ခံစားရခြင်း၊ လေးလံနေခြင်း၊ ရင်ပူခြင်း ရံဖန်ရံခါ ဘယ်ဘက် ပုခုံးနဲ့ ဘယ်ဘက် လက်မောင်း၊ လည်ပင်းနှင့် မေးစေ့တဝိုက် ပြန့်နှံ့နာကျင်တယ်။ ရုတ်တရက်ပြေးလွှားတာ၊ အားစိုက် အလုပ်လုပ်ရတာကြောင့် ဖြစ်တတ်ပြီး အများအားဖြင့် စက္ကန့် (၃ဝ) ကနေ (၅) မိနစ်ထိ ကြာတတ်တယ်။ အသက်ရှူမြန်ခြင်း၊ အသက်ရှူကြပ်သလိုခံစားရခြင်း၊ မူးဝေခြင်း၊ ပျို့အန်ခြင်း၊ အလွန်အမင်းချွေးထွက်လာခြင်း၊ ရင်ဘတ်အောင့်ခြင်း မသက်သာပါရင် နှလုံးသွေးကြောပိတ်ခြင်းနဲ့ Heart Attack ဖြစ်နိုင်တယ်။ ဆောရီး။

ရောဂါစမ်းသပ်စစ်ဆေးချက်များ
• Exercise Electrocardiogram (ECG) ရိုက်ခြင်း၊
• Cardiac Catheterization ပိုက်အသေးစား တမျိုးအား ခြေထောက် (သို့) လက်မောင်း သွေးကြောမှတဆင့် နှလုံးသွေးကြောသို့ ရောက်အောင်လုပ်ပြီး ဆိုးဆေးတမျိုး ထုတ်လွှတ်ပြီး ဓါတ်မှန်ရိုက်ကြည့်ခြင်း၊
• ရင်ဘတ်ဓါတ်မှန် ရိုက်ခြင်းဖြင့် နှလုံးအခြေအနေကို ကြည့်ခြင်း၊
• သွေးတွင်း ကိုလက်စထရော စစ်ဆေးခြင်း၊ ဆီးချိုသွေးချို စစ်ဆေးခြင်း၊ တို့ ပြုလုပ်ရန် လိုအပ်တယ်။

ဆေးတွေကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း လိုက်နာသောက်နေရပါမယ်။
• Nitrates (Nitroglycerin), Betablockers (Propranolol, Metoprolol.), Calcium channel blockers (Amlodipine, diltiazem) စတဲ့ နှလုံးသွေးကြောကျယ်စေရန်နှင့် နှလုံးခုန်နှုန်း၊ အောက်စီဂျင်လိုအပ်မှုကို ထိန်းချုပ်ပေးတဲ့ဆေးများ၊
• သွေးခဲခြင်းကို တားဆီးပေးတဲ့ဆေးများ Aspirin (Aspilet) ဆေး၊
• ကိုလက်စထရောများတာအတွက်ဆေးများ Statins (Atorvastatin, Simvastatin) ဆေး၊
• နှလုံးသွေးကြောလမ်းလွှဲတည်ဆောက်ခြင်း (Coronary Bypass) နှလုံးသွေးကြောချဲ့ခြင်း (Angioplasty) စတဲ့ ခွဲစိတ်နည်းတွေရှိတယ်။

နှလုံးသွေးကြောပိတ်နေတာကို ကုသနည်း ၂ နည်းရှိတယ်။ Thrombolytic therapy နဲ့ Angioplasty with stenting တွေဖြစ်တယ်။ Activase (t-PA), Streptokinase, Urokinase, or Anistreplase ဆေးတွေက သွေးခဲနေတာကို ပျော်သွားစေမယ်။ ၅ဝ% နီးပါးအောင်မြင်တယ်။ ဆေးကို စောစောပေးနိုင်လေ ကောင်းလေ ဖြစ်တယ်။ ဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေရှိတယ်။ သွေးယိုမယ်။ Rapid angioplasty နဲ့ Stenting စတန့် ထည့်တာကို ပိုလုပ်လာတယ်။ ၈ဝ% အောင်မြင်တယ်။ ဘယ်နည်းရွေးရွေး ပိတ်နေတာကိုပွင့်သွားဘို့ဖြစ်တယ်။

တခြားလုပ်စရာတွေ ရှိသေးတယ်။ Aspirin အက်စပရင်ဆေးသောက်ရမယ်။ သွေးမှုံလေးတွေရဲ့ စေးကပ်မှုကို နည်းစေမယ်။ Heparin (ဟက်ပါရင်) ဒါမှမဟုတ် တခြား သွေးကျဲဆေး သွေးကြောထဲထိုးပေးခြင်းကို ပဌမ ၂၄ နာရီအတွင်း လုပ်ပေးတယ်။ သွေးမခဲဆေးခေါ်တယ်။ (ဘီတာဘလော့ကား) ဆေးက Adrenaline ကိုသက်ရောက်လို့ အထောက်အကူပေးတယ်။ ဒါပေမဲ့ အဆုပ်ရောဂါ၊ နှလုံးဆိုးဆိုးဝါးဝါး အလုပ်မလုပ်နိုင်တော့တာနဲ့ နှလုံးခုန်နှေးရောဂါ ရှိနေသူတွေကိုတော့ မပေးရပါ။ ပေးရင် (အတက်ခ်) ရပြီးနောက်နေ့ကနေစပေးမယ်။ ACE Inhibitors ဆေးကို ၂၄ နာရီအတွင်းပေးတယ်။ Statins (စတာတင်) ဆေးကို ဆေးရုံမဆင်းခင်မှာ စပေးတယ်။ နှလုံးသွားသွေးကြောရောင်တာ သက်သာစေမယ်၊ Artery plaques သွေးခဲပြားကို တည်ငြိမ်စေမယ်။

လိုက်နာရမည့်အချက်များ
တိရိစ္ဆာန်အဆီ၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ကြက်ဥ၊ မလိုင်ပါ နွားနို့နှင့် နို့ထွက်ပစ္စည်းများစတဲ့ အစားအစာတွေကို ရှောင်ပါ၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ မလိုင်ထုတ်ထားတဲ့နွားနို့၊ ငါး၊ ကြက်ဘဲအသား၊ ဂျုံ၊ ပြောင်း၊ လူးဆပ်၊ အနှံတွေ စားသုံးပါ။ ဆေးလိပ်ဖြတ်ပါ။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။ သွေးတိုးနဲ့ ဆီးချိုရှိရင် စနစ်တကျကုသနေပါ။ စိတ်ဖိစီးမှုတွေ နည်းပါစေ။ ကိုယ်အလေးချိန် လျှော့ချပါ။ ကံတရားလည်း အားကိုးပါလေ။

အရေးအပါဆုံးဟာ ၂၄ နာရီဖြစ်ပါတယ်။ ဒိနောက်တော့ နှလုံးရပ်သွားမှာကို ကာကွယ်ရမယ်။ နှလုံးကြွက်သားတွေကို ဆက်မပျက်စီးအောင် ကာကွယ်ရမယ်။ နောက်ထပ်သွေးခဲမှာကို ကာကွယ်ရမယ်။ တခါကို ကျော်လွှားခဲ့နိုင်ပေမဲ့ လူနေမှုပုံစံပြောင်းတာနဲ့ ဆေးနဲ့သာနေရမယ်ဆိုထာ လိုက်နာပါ။

မြန်မာပြည်သားတွေ ဘယ်မှာနေနေ ဦးနှောက်သွေးကြောရောဂါဘေးက ဝေးကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး