Football Penalty Shootouts ပင်နယ်လ်တီ စိတ်ပညာ

ကမ္ဘာ့ အမျိုးသမီး ဘောလုံးပွဲစဉ်တွေ ကစားနေကြတယ်။ ကနေ့ ၂ ပွဲမှာ နိုင်ကြတဲ့ ယူအက်စ်အေ နဲ့ ဆွီဒင်အသင်းတွေ ကွာတားဖိုင်နယ် တက်သွားကြပြီ။

နှစ်ပွဲလုံးမှာ ပင်နယ်တီ ကန်ရတယ်။ ယူအက်စ်အေက ပင်နယ်တီဝင်လို့ စပိန်ကိုနိုင်တယ်။ ကနေဒါရတဲ့ ပနယ်တီကို ဆွီဒင် ဂိုးသမား  Hedvig Lindahl လင်းဒါးလ်က ကာကွယ်နိုင်လိုက်တယ်။

ရှုံးထွက်ပွဲတွေမှာ အချိန်ပြည့်သာမက အချိန်ပိုမှာလည်း သရေဖြစ်နေရင် ပင်နယ်လ်တီကန်ကြရတယ်။ ကစားတဲ့ဘောလုံးသမားတွေမပြောနဲ့ မိုင်းပေါင်း ထောင်သောင်းအဝေးက ကြည့်ရတဲ့ပရိတ်သတ်တွေပါ စိတ်လှုပ်ရှားမှုအတော်အားကြီးတယ်။ ဘယ်အခက်အခဲကိုမဆို ရင်ဆိုင်ကျော်လွှားရတိုင်း စိတ်တည်ငြိမ်မှုကအခရာကျပါတယ်။ လေ့ကျင့်သင်ကြားမှုလည်း လိုတယ်။ စိတ်ပညာဆရာဝန်တွေက သည်လိုပြောထားပါတယ်။

ဘောလုံးပွဲမှာ ပင်နယ်လ်တီကန်ရချိန်မှာဖြစ်ပေါ်လာတဲ့ Anxiety စိတ်ဖိစီးမှုကနေ အလွန့်အလွန် အရေးပါတဲ့ရလဒ်ကို ဖြစ်ပေါ်စေပါတယ်။ နိုင်ရင်လုံးလုံးရမယ်။ ရှုံးရင်ဗုံးဗုံးကျမယ်။ ကျွမ်းကျင်မှုလိုအပ်တဲ့ ဂေါက်သီးကျင်းစိမ်တာမျိုးမှာလည်း အဲလိုဖြစ်တတ်တာကို Choking effects ခေါ်တယ်။ ဘောလုံးပင်နယ်လ်တီကန်ရင် ကန်တဲ့သူရော ဖမ်းတဲ့ဂိုးသမားပါ အဲတာမျိုးရကြတယ်။ ဒီလိုအခြေအနေကို ထီထိုးတာနဲ့နှိုင်းပြောလေ့ရှိတယ်။ ဆိုလိုတာက Skill ကျွမ်းကျင်မှု + Luck ကံတရား လိုအပ်တယ်။

အဲလိုဖြစ်စဉ်ကို စိတ်ပညာဆရာဝန်တွေက လေ့လာမှုနဲ့ စမ်းသပ်မှု နှစ်မျိုးလုပ်ထားပါတယ်။ ၂ဝဝ၇ ခုနှစ်က Jordet ကနေ အဓိကပြိုင်ပွဲတွေထဲက ပင်နယ်လ်တီ (၄ဝဝ) ကို လေ့လာခဲ့တယ်။ ဘောလုံးသမားတွေဟာ သာမန်ပင်နယ်လ်တီကို ၉၂% ဝင်အောင်ရှူးနိုင်ကြပေမယ့်၊ ပင်နယ်လ်တီကနေ ပွဲအရှုံးအနိုင်ဆုံးဖြတ်မှာမျိုးမှာ ဂိုးဝင်အောင်ရှူးနိုင်တာ ၆ဝ% ထက် နည်းတယ်။ သူတို့ရဲ့ စွမ်းဆောင်မှုကို ယုံကြည်ခြင်းက Competence ဖြစ်တယ်။ ကံကိုသာအားကိုးခြင်းဟာ Contingency ဖြစ်တယ်။ ဂိုးသမားရဲ့ ကျွမ်းကျင်မှုဆိုတာထက် လှုပ်ရှားမှုကို Cognitive anxiety symptoms ခေါ်တယ်။

စမ်းသပ်လေ့လာမှုအရပြောရရင် Visual attentional control အမြင်အာရုံစူးစိုက်မှုကို ထိန်းနိုင်စွမ်း လိုအပ်တယ်။ Visual strategy အမြင်အာရုံစူးစိုက်မှုဗျူဟာ (၃) မျိုးရှိတယ်။ ၂ဝ၁ဝ ခုနှစ် Wood & Wilson တို့ရဲ့တွေ့ရှိချက်အရ -

၁။ Keeper-independent ဂိုးသမားကိုပမာမထားပဲ ဘောလုံးသာဂိုးရှုးနည်း။

၂။ Keeper-dependent ဂိုးသမားကိုသေချာကြည့်ပြီး ဘယ်ဖက်ကန်မလည်းဆုံးဖြတ်နည်း။

၃။ Opposite-independent တဖက်ကိုဟန်ပြပြီး တခြားဖက်ရှူးနည်း။

ဂိုးသမားကို ပမာမထားနည်းသုံးတာက ပိုပြီးတိကျတာတွေ့ရတယ်။ ချိန်ရွယ်မှုသတိထားခြင်း၊ အမြင်ဗျူဟာနဲ့ တိကျမှုကို စိုးရိမ်စိတ်များလေးလေ အနှောင့်အယှက်ပိုလေလေဖြစ်တယ်။ စိုးရိမ်စိတ်ဟာ ဂိုးသမားကို ပမာထားလေလေ ကဲပိုလေလေ ဖြစ်တယ်။ အဲတော့ သူကန်တာက ဂိုးသမားဆီကိုရောက်သွားတတ်တယ်လို့ ၂ဝဝ၉ မှာ Wilson ကတွေ့ရှိထားတယ်။

၂ဝ၁၂ ခုနှစ် Wood and Wilson တို့ကနေလေ့လာတော့ ကိုယ်ကန်သွင်းမဲ့ဘောလုံး ဘယ်ဆီကိုရောက်စေမလဲကို အရင် မြင်ထားရမယ်လို့ အကြံပေးပါတယ်။ Gaze control element လို့ခေါ်တယ်။ Jordet နဲ့အဖွဲ့ရဲ့ ၂ဝ၁ဝ မှာတွေ့ရှိချက် နောက်တခုက ကန်သွင်းသူတွေဟာ သရေကျနေလို့ ပင်နယ်လ်တီကနေ အဆုံးအဖြတ်ပေးမှာဖြစ်ရင် ဂိုးဝင်အောင် ကန်သွင်းအပြီးမှာ ကစားသမားတွေက ပိုပြီးအောင်ပွဲခံကြရင် အဲဒီအသင်းက ၈၂% အနိုင်ရတယ်။ အဲတော့ ဝင်အောင်ရှူးနိုင်တာကို အောင်ပွဲခံမှုလုပ်သင့်ကြတယ်။

ပွဲပြီးတိုင်း ပြန်လည်ဆန်းစစ်မှု လုပ်သင့်တယ်။ ဒီအခြေအနေမှာ ပိုကောင်းအောင် ဘယ်လိုလုပ်သင့်သလဲ အဖြေရှာရမယ်။ အထူးသဖြင့် ဂိုးဝင်အောင်မရှူးလိုက်တဲ့ ကစားသမားကို ဘယ်လိုနှစ်သိမ့်မလဲ။

ပင်နယ်လ်တီကန်တဲ့ဗီဒီယိုတွေကို လေ့လာတဲ့အခါ ကစားသမားတွေဟာ ဘောလုံးတည်တာ ၁ စက္ကန့်ထက်မကြာရင် ၅၈% ဂိုးဝင်အောင်ရှူးနိုင်ကြတယ်။ အချိန်ပိုယူသူတွေက ၈ဝ% ဂိုးဝင်ကြတယ်လို့ ၂ဝဝ၉ မှာ Jordet ကတွေ့ရှိတယ်။ အလားတူ ဒိုင်လူကြီးခရာမှုတ်ပြီးနောက် အချိန်ယူတာကြာလေလေ ဂိုးဝင်အောင်ရှူးနိုင်တာ ပိုလေလေဖြစ်တယ်။ အဲတော့ ပင်နယ်လ်တီကန်ဘို့ရာ အချိန်ယူပါ။

ဒေါက်တာတင့်ဆွေ
၂၄-၆-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး