Capitalism and Liberalism ကက်ပီတယ်လစ်ဇင် နှင့် လစ်ဘရယ်လစ်ဇင်
အသက် ၂၅၊ အမည့့် ပါ။ လစ်ဘရယ်ဝါဒ နှင့် အရင်းရှင်ဝါဒအကြောင်းပါ။ လစ်ဘရယ်ဝါဒက အရင်းရှင်စနစ်နဲ့ တူတူဘဲလားဆရာ။ မကွဲလို့ပါ။ စာအုပ်အချို့က တူတူလို့ပြောကြပြန်တယ်။ တချို့စာအုပ်တွေက မတူဘူးတဲ့ နိုင်ငံရေးနားလည်တဲ့ အသိမိတ်ဆွေကလည်း တူတူလို့ ပြောတဲ့သူကပြော၊ မတူဘူးဆိုပြီး ငြင်းတဲ့သူကငြင်းနဲ့။ ကျွန်တော် နားမလည်တော့လို့ပါ။
စိတ်ဝင်စားတာ ကောင်းတယ်။ အားပေးတယ်။ ကျွန်တော်တယောက်တည်းဆီကသာမက တခြားသူတွေဆီကလည်း လေ့လာသင့်တယ်။ ကက်ပီတယ်လစ်ဇင်ကို အရင်းရှင်စနစ်လို့ခေါ်ကြတယ်။ လစ်ဘရယ်လစ်ဇင်ကို ပွင့်လင်းဝါဒလို့ ခေါ်ကြတယ်။ မြန်မာဘာသာပြန်မှာ မတူတာတွေရှိတယ်။ အဲဒီအယူအဆတွေ၊ သီအိုရီတွေကို နိုင်ငံရေး ဒေါက်ခရင်းတွေလို့ ဆိုပါတယ်။ အရင်းရှင်စနစ်ရဲ့ ဆန့်ကျင်ဖက်ကို ကွန်မြူနစ် သို့ ဆိုရှယ်လစ် သို့ လက်ဝဲအယူအဆလို့ ပြောလေ့ရှိကြတယ်။ အဲလို မယူဆတာလည်း ရှိတယ်။
လစ်ဘရယ်နဲ့ အရင်းရှင် မတူကြဘူးပြောနိုင်တယ်။ တူတဲ့အချက်တွေလည်း ရှိတယ်။ အခြေခံက စီးပွါးရေးစနစ်ကိုကြည့် အရင်းရှင်စနစ်လို့ သုံးတယ်။ အတွေးအခေါ်၊ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေး၊ တခြားအခွင့်အရေးအမျိုးမျိုးကို ပြောတဲ့အခါ လစ်ဘရယ်နဲ့ ကွန်ဆာဗေးတစ်လို့သုံးတယ်။ ကွန်ဆာဗေးတစ်ကို ရှေးရိုးစွဲလို့ အလွယ်ပြောလေ့ရှိကြတယ်။ ရှေးရိုးဆိုပေမဲ့ ဟိုရှေးရှေးတုန်းကလို့ ပြောတာထက် အစဉ်အလာ ဒါမှမဟုတ် ရှိနေပြီးသားတန်ဖိုးကို ဆက်ထိန်းချင်တာ ဖြစ်ပါတယ်။
တိကျအောင်ပြောရရင် ကက်ပီတယ်လဇင်က စီးပွါးရေး + နိုင်ငံရေးစနစ်တခုဖြစ်တယ်။ ကုန်သွယ်ရေးနဲ့ စက်ရုံတွေကို အစိုးရထိန်းချုပ်မှု နည်းလွန်းလှပြီး ပုဂ္ဂလိကပိုင်ဆိုင်ထိန်းကြောင်းမှုအောက်မှာရှိစေတယ်။ စွန့်ဦးတီထွင်မှု၊ သဘာဝရင်းမြစ်၊ အလုပ်သမား၊ ကုန်ပစ္စည်းတွေလည်း ပုဂ္ဂလိကစီမံခန့်ခွဲတယ်။ လူတဦးချင်းဟာ သူ့လုပ်အားသူပိုင်ဆိုင်တယ်။ ထုတ်လုပ်မှုနဲ့ ဝင်ငွေကို ပိုင်ဆိုင်တယ်။ အမြတ်များများရရေးကို ဦးတည်းတယ်။ ပြိုင်ဆိုင်တယ်။ ဥပဒေအရ အပိုင်စီးလုပ်ငန်းဖြစ်အောင် လုပ်လို့ရတယ်။ ဖရီးအင်တာပရိုက်စ်၊ ဖရီးမားကက်၊ အင်တာပရိုက်စ် ကာလ်ချာစသဖြင့်လည်း ခေါ်တယ်။
အဲဒီစနစ်မှာ အစိုးရက ပြိုင်ဆိုင်မှုကို ညီမျှစေအောင်သာထိန်းတယ်။ တဖက်သတ်ဦးစားပေးခြင်းတွေဖြစ်တဲ့ မိုနိုပိုလီနဲ့ အိုလီဂါခီမဖြစ်အောင်ထိန်းပေးရတယ်။ တိုင်းပြည်ကာကွယ်ရေးကိုတော့ အစိုးရက အစီအစဉ်ကျအောင်လုပ်တယ်။ နိုင်ငံတကာဥပဒေတွေလိုက်နာစေရတယ်။ တိုင်းပြည်ရဲ့အခြေခံအဆောက်အအုံကိုထိန်းတယ်။ အခွန်ကောက်ယူတယ်။ လိုအပ်တဲ့ဥပဒေပြဋ္ဌာန်းပေးတယ်။
အရင်းရှင်စနစ်မှာ အားသာချက်တွေက လူတွေသဘောကျတဲ့ထုတ်ကုန်ကို ဖြစ်စေတယ်။ အထက် ခေါ် အုပ်ချုပ်သူ ခေါ် ပါတီတခုကနေ ချပေးတာမျိုးမဟုတ်။ တီထွင်မှုကို အားပေးတယ်။ အားနည်းချက်တွေက ထုပ်လုပ်မှု မကျွမ်းကျင်သူတွေ နေရာမရနိုင်။ အသက်ကြီးသူတွေ၊ ငယ်ရွယ်သူတွေ၊ ကိုယ်ကာယချို့ယွင်းသူတွေ အလုပ်မရနိုင်ကြ။ အဲတာကို ဖြည့်ပေးဘို့ အစိုးရကလုပ်ပေးရတယ်။ အခွင့်အလမ်းတူ မရနိုင်တာများတယ်။ ပညာနည်းသူတွေက အနိမ့်စားအလုပ်သာရနိုင်တယ်။ အရင်းအနှီးနည်းသူက အသေးစားသာလုပ်နိုင်တယ်။ အဲတာလည်း ဝါးမျိုခံရနိုင်တယ်။ နိုင်ငံရေးစနစ်၊ တရားဥပဒေစိုးမိုးမှု၊ ပညာရေး စတာတွေ ကောင်းမွန်မှသာ အောင်မြင်မယ်။
တချို့ပညာရှင်တွေက ဆိုရှယ်လစ်စနစ်ဆိုတာ အရင်းရှင်စနစ်ကနေဆက်ဖြစ်တယ်လို့ဆိုကြတယ်။ ဆိုရှယ်လစ်နိုင်ငံတွေမှာ အရေးပါတဲ့ လောင်စာစတဲ့ အရင်းအမြစ်တွေကို အစိုးရကပိုင်ဆိုင်ထားကြတယ်။ အခွန်ကောက်ယူတာ မတူကြဘူး။ ကော်ပိုရိတ်အခွန်အစား ပရောဖစ် ခေါ် အမြတ်ကိုကောက်တယ်။
ကွန်မြူနစ်စနစ်ဟာလည်း အရင်းရှင်စနစ်ကရော ဆိုရှယ်လစ်စနစ်ရောကနေ ဆက်ဖြစ်တယ်လို့ တချို့သီအိုရီတွေက ဆိုကြတယ်။
ဒီမိုကရေစီဟာ အရင်းရှင်စနစ်မှာသာဖြစ်နိုင်တယ်လို့လည်းဆိုပါတယ်။ ဆိုရှယ်လစ်နိုင်ငံတွေမှာ ဒီမိုကရေစီစနစ်သုံးတယ်။ ကွန်မြူနစ်နိုင်ငံတွေ (တရုပ်နဲ့ ဗီယက်နမ်) မှာလည်း ရွေးကောက်ပွဲစနစ်သုံးတာရှိတယ်။ အဲဒီမှာ စီးပွါးရေးလုပ်ကိုင်ရာမှာ အရင်းရှင်ပုံစံကြောင့်လည်းဖြစ်ပါမယ်။
လစ်ဘရယ်လစ်အယူအဆ အာရှအုပ်စုနဲ့ လက်တွဲပြီး အစည်းအဝေးတွေ တက်ခဲ့ဘူးတယ်။ ကမ္ဘောဒီယား အတိုက်အခံ ခေါင်းဆောင် ဆမ်ရင်ဆေးတို့လင်မယားလည်းပါတယ်။ အယူအဆ တူ မတူဆိုတာထက် ခင်မင်စရာကောင်းတယ်။ သူတို့က ခဏခဏပြည်ပြေးဖြစ်နေကြရတယ်။
ယူအက်စ်အေကို အရင်းရှင်စနစ်လို့ ရာခိုင်နှုန်းအရပြောနိုင်ပေမယ့် ၁ဝဝ% အမှတ်ပေးမခံရပါ။ တရုပ်ကလည်း ကပြား။ အမည်ဝေါဟာရကို လေ့လာတာက တမျိုး။ နှစ် ၅၀-၁၀၀ သူတို့ဘာတွေလုပ်လို့ တိုင်းပြည်မှာ ဘာဖြစ်လာသလဲက တမျိုး။
ဒေါက်တာတင့်ဆွေ
၁၈-၆-၂၀၁၇
၁၈-၆-၂၀၁၉

Comments
Post a Comment