ခွေးသတိပြု

ကွန်မင့်တခု ရပါတယ်။ အသံထွက်ကိုယူပြီး အတိုရေးတာပေါ့ဆရာရယ်။ ရှယ်ပါရစေအစား ရှယ်ပြစီဆိုတော့ နဲနဲတိုသွားတာပေါ့။ တချို့ကတော့ စာလုံးပေါင်းတွေ တော်တော် မှားကြတာလည်း ဟုတ်ပါတယ်။ နောက်တခု ကျမ။ ကျွန်မလို့ရေးရတာ ရှည်လို့။ သွားနေကြ လုပ်နေကြ လို့ ရေးရလား။ သွားနေကျ လုပ်နေကျလား။ ဒီစာတွေကို ကျိုးစားပြီး ရှည်ရှည်ဝေးဝေး ရေးလိုက်တာပါရှင့် :)

မေးတာ သုံးမျိုး။

ရှယ်ပြစီကတော့ သွက်သွက်ခါအောင်မှားပါတယ်။ မြန်မာစာမှာ သံခိပ်ရေးနည်း ရှိတယ်။ အင်္ဂလိပ်စာမှာ ဆမ်မာရီရေးနည်း ရှိတယ်။ မူရင်းစာရဲ့ ဆိုလိုချက်ကို ငုံမိအောင် တိုတိုရေးရတယ်။ တိုတိုင်း ကောင်းသလား။ ပုဆိုးတိုတို၊ ထဘီတိုတို၊ ဆံပင်တိုတို၊ စိတ်တိုတို၊ အမြီးတိုတို။ တိုအောင်ဝတ်တတ်မှ ခေတ်ဆန်တယ်။ မဟုတ်ရင် ခွေးဟောင်မယ်။ ကန်တော့။

ကျွန်မနဲ့ ကျမ
မူရင်းက ကျွန်တော်၊ ကျွန်တော်မဖြစ်ပါတယ်။ ကျနော်၊ ကျမလို့သာရေးသူတွေကို အပြစ်မမြင်ပါ။ တချို့က ကျွန်စော်နံလို့ ကျနော် ကျမလို့သာရေးချင်တယ်တဲ့။ ကျွန်စိတ်ကြောင့်တော့ မဟုတ်ပါ။ ခေတ်ကာလအရ ပိုလွယ်ပြီး မူရင်းဆိုလိုချက်လည်း မပျက်စေလို့ပါ။ ကျွန်တော်က ကျွန်တော်လို့ရေးတာ နှိမ့်ချစိတ်နဲ့ ရေးတာ။

ကျ နဲ့ ကြ
ကျကျနနဝတ်စားလာတဲ့ စားနေကျကြောင်ဖား၊ မြန်မာစာဘာသာ ကျသွားရှာတယ်။ ကျပန်းစကားပြောပွဲမှာ ခေါင်းစဉ်နဲ့ အံဝင်ခွင်ကျ၊ ကြုံရာကျဘန်းပြောတတ်တဲ့လူ။ လူကြီးမင်းကို ပြောရမှာ အားနာတယ်ဗျာ။ မတင်မကျမလုပ်ပါနဲ့၊ လုပ်နေကျအလုပ်အတိုင်း မလုပ်ပါနဲ့။ စိတ်တိုင်းကျ သုံးဆောင်ပြီးရင်တော့ ကျသင့်ငွေပေးချေပါ။ သွားလာကြနေရာ၊ စားသောက်ကြဆိုင်မှာ အချိန်မကုန်ပါစေနဲ့။ ကျွန်တော် မြန်မာစာအနာဂတ်အတွက် အတော်ကို ကြောင့်ကြမိပါတယ်။ သူတို့တတွေ ကျွန်တော်တို့ကို ခွဲခွာ၍သွားကြလေပြီ။

ကျိုးနဲ့ ကြိုး
ချိုး၍ကျိုး၊ မသိကျိုးကျွန်ပြု၊ ကျိုးတိုးကျဲတဲ၊ ကျိုးနွံ၊ ကျိုးပဲ့၊ ကျိုးပေါက်၊ ကျိုးယုတ်ရှက်ကွဲ ကိုယ်ကျိုးနည်း၊ ချိုကျိုးနားရွက်ပဲ့၊ ငယ်ကျိုးငယ်နာ၊ ဈေးပေါင်ကျိုး၊ တဝက်ကျိုး၊ ထောင့်မကျိုး၊ နှုတ်ကျိုး၊ မီးကျိုးမောင်းပျက်၊ မာန်စွယ်ကျိုး၊ မျက်မုန်းကျိုး၊ မြစ်ကျိုးအင်း၊ ရိုကျိုး၊ ကိုယ်ကျိုးနည်း၊ လုပ်ရကျိုးနပ်၊ အကျိုးယုတ်၊ အပိုးကျိုး၊ အိုနာကျိုးကန်း။

ကြိုးနဲ့ချည်၊ ကြိုးကိုင်၊ ကြိုးကုတ်၊ ကြိုးကြာငှက်၊ ကြိုးကြားကြိုးကြား၊ ကြိုးကြီးချိတ်လုံချည်၊ ကြိုးကွင်းစွပ်၊ ကြိုးခုန်၊ ကြိုးစား၊ ကြိုးဆွဲချ၊ ကြိုးပမ်း၊ ကြိုးဝိုင်းသစ်တော၊ ကြိုးသီချင်း၊ စည်းကြိုး၊ ဆွဲကြိုးတန်ဆာ၊ ဖိနပ်သည်းကြိုး၊ မုန့်ကြိုးလိမ်၊ မျဉ်းကြိုး၊ မြင်းဇက်ကြိုး၊ မျှော့ကြိုး၊ ဝရဇိန်မိုးကြိုး၊ လက်ပြန်ကြိုးတုပ်၊ လွန်ကြိုး၊ သံကြိုးစာ၊ သက်စွန့်ကြိုးပမ်း၊ အရုပ်ကြိုးပြတ်၊ အားကြိုးမာန်တက်၊ အုန်းဆံကြိုး၊ မိုးကြိုးပစ်။

မြန်မာစာ ခွေးဟောင်မခံရပါစေတည်း။ ကန်တော့။

ဒေါက်တာတင့်ဆွေ
၁၇-၆-၂၀၁၈
၁၇-၆-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး