ဆရာ့မွေးနေ့

ကျောင်းနေဘက်သူငယ်ချင်းက တင်ထာလို့ သိရတယ်။ ကျေးဇူး။

ဆရာနဲ့ ကျောင်းသား ဆက်ဆံရေးဟာ ခေတ်ကာလအရ ပြောင်းတယ်။ သိပ္ပံမောင်ဝခေတ်က ဆရာစောနဲ့ သူ့တပည့်တွေ ဆက်ဆံရေးနဲ့ ကျွန်တော်တို့ မူလတန်း၊ အထက်တန်းကျောင်းသားခေတ် မတူတော့ပါ။ ကိုယ့်သားသမီးတွေခေတ်လည်း ပြောင်းတယ်။ ခုခေတ်တော့ သိပ်မသိလှပါ။

ဆရာတွေဟာ ကျောင်းသားတိုင်းအပေါ် တူညီတဲ့စိတ်ထားနိုင်အောင်ကြိုးစားကြမှန်း သိတယ်။ တပြေးညီစိတ် ထားရတယ်ဆိုပေမဲ့ မတူနိုင်ပါ။ လိမ္မာလို့တမျိုး၊ ပြောရဆိုရ ဆုံးမရခက်လို့လည်းတမျိုး။ ကျွန်တော်က ကျောင်းဆရာတော့ မလုပ်ဖူးပါ။

လူတဦးနဲ့တဦးဆက်ဆံရေးမှာ နေ့နံသင့်တယ်လို့ ပြောနိုင်တာမျိုးလည်းရှိတယ်။ တည့်ကြတယ်၊ မတည့်ကြဘူး။

ကျွန်တော် ၁၈ နှစ်ကြာကျောင်းသားလုပ်ခဲ့ရတော့ ဆရာအရေအတွက် မနည်းလှပါ။ အခုထိအမှတ်ထင်ထင် သတိရနေတဲ့ ငယ်တုန်းက ဆရာဆရာမတွေ အရေအတွက်က သိပ်မများပါ။ ကန်တော့။ ဆရာဆရာမတွေမှာလည်း အဲလိုရှိကြမယ်။

ကျွန်တော်တို့ကျောင်းသားခေတ်က ဆရာ့ဝတ် တပည့်ဝတ် ညီခဲ့တယ်လို့ ထင်မိတယ်။ ခုခေတ်လည်း ရှိတဲ့ကျောင်းတွေမှာ ရှိကြမှာပါ။ ကောင်းတယ်။

ကနေ့ မွေးနေ့ကျရောက်တဲ့ဆရာက ဓါတုဗေဒသင်ပါတယ်။ ဆရာများနေ့တနေ့က ရေးခဲ့တယ်။ ရုပ်ပြောင်းလဲခြင်းတော့ မြင်နေရပြီဆရာ၊ ဓါတ်ပြောင်းလဲခြင်းကို စောင့်ရဦးမယ်လို့။

လေထဲမှာ လူတွေအတွက် အသုံးကျတဲ့ အောက်စီဂျင်က ငါးပုံတပုံသာရှိတယ်လို့ သင်ခဲ့ရတာ အခုထိ မှန်နေဆဲပါဆရာ။ အရောင်အဆင်း အနံ့ အရသာမရှိတဲ့ဓါတ်တွေကလည်း များတယ်။ ပေါ်လူးရှင်းကလည်း တနေ့တခြား ဆိုးလာတယ်။

ဆရာဟူသည် အရှိကို အရှိအတိုင်း သင်ပေးကြ၏။ မရှိကို အရှိ၊ အရှိကို မရှိအောင်လုပ်သူတွေက အာစရိယ မဟုတ်ကြ။

ဒေါက်တာတင့်ဆွေ
၂၇-၆-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ