Fracture Femur ပေါင်ရိုးကျိုးခြင်း

ကျွန်တော့ အမ အသက် ၇၁ နှစ်ပါဆရာ ချော်လဲပြီး ပေါင်ရိုးအက်သွားပါတယ်။ နာမည်ကြီး ပုဂ္ဂလိက ဆေးရုံကြီး သွားပြတော့ ခွဲစိတ်ကုရင် ခြောက်သိန်းကျော်ကုန်မယ်။ မခွဲချင်ရင် အိမ်မှာခဲဆွဲလို့ရတယ်လို့ပြောပါတယ်။ မခွဲစိတ်ပဲ အိမ်မှာ ခဲဆွဲ (အုတ်နီခဲတချပ်)ဆွဲပါတယ်။ ဆရာဝန်ညွှန်းတဲ့ဆေးလဲ တိုက်တယ်ဆရာ။ ဒီနေ့ တလခွဲပြည့်လို့ ပြန်ပြတော့ ကျိုးတဲ့ခြေထောက်ကို အပေါ်မြှောက်ခိုင်းတယ်ဆရာ မမြှောက်နိုင်ရင် မဆက်သေးဘူးဆိုပြီး ၁ လ ကြာပြန်ပြဘို့ ပြောတယ်ဆရာ။ တလခွဲလောက် ခဲဆွဲပြီး ဆန့်ထားတဲ့ခြေထောက်က ချက်ချင်း မြှောက်နိုင်ပါ့မလားဆရာ။ လိုအပ်ရင် ဓာတ်မှန်ရိုက်ထားတာ ပို့ပေးလို့ရပါတယ်ဆရာ။

Bone fracture အရိုးကျိုးခြင်း https://doctortintswe.blogspot.com/2016/03/bone-fracture.html

ပေါင်ရိုးကျိုးရင် ခဲဆွဲရတာ ဟုတ်တယ်။ ပေါင်မှာရှိတဲ့ကြွက်သားတွေက သန်မာလို့ သူတို့ဆွဲတာကြောင့် ပေါင်ကို တိုနေစေတယ်။

ကျွန်တော် တိုက်နယ်ဆရာဝန်လုပ်ရတော့ ပေါင်ရိုးကျိုးလူနာတွေ အတော်လာတယ်။ အဲဒီခေတ်မှာ ဆေးတွေ၊ ဆေးရုံးသုံး ပစ္စည်းကရိယာတွေပါရှားတယ်။ ဓါတ်မှန်ရိုက်ချင်ရင် မန္တလေး မုံရွာသွားရတယ်။ ပြင်ပဓါတ်မှန် ဓါတ်ခွဲခန်းဆိုတာတွေလည်း ရှားတယ်။ ဆရာဝန်ကလည်း ဖြစ်ကာစ။ တိုင်းပြည်က သောင်ပြင်၊ တောဆရာဝန်က အဲဒီကိုလွှတ်ခံရတဲ့ သတ္တဝါ။

ဆရာဝန်ပေါက်စအတွက် အားကိုးစရာ ခွဲစိတ်ကုပညာစာအုပ်လေး တအုပ်ယူလာရတယ်။ ကေဒတ်စ် ခေါ်တယ်။ ဝဏ္ဏဗောဓနသတ်အင်း သတ်ပုံစာအုပ်လိုပဲ အားကိုးရတယ်။ ဆိုရှယ်လစ်ခေတ်မှာ အကုန်ရှားလို့ ဆေးစာအုပ်လည်း ဝယ်ချင်တိုင်းမရ။ လက်ဆင့်ကမ်းကြရတာ။

တောမှာ ပန်းဘဲကို အားကိုးရတယ်။ လှည်းမီးထောက်လို့ခေါ်တယ်။ လက်ညှိုးလုံးလောက်သံချောင်းကို ဖြတ်တောက်စေပြီး အနေတော် အဝိုင်းတခုလုပ်စေတယ်။ အနေတော်ဆိုတာ ပေါင်တချောင်းကောင်းကောင်းဝင်နိုင်တာ။ အဝိုင်းမှာ လက်တံနှစ်ဖက်တပ်ရတယ်။ ခြေထောက်တချောင်းထက် တည်းနည်းပိုရှည်ထားရတယ်။ ထိပ်ဖျားကို ဆက်တာမှာ အချိုင်းလေးတခုပါလုပ်စေတယ်။ ကြိုးချစရာနေရာလေး။

ဒူးရိုးကို ဖေါက်စရာရှာရတယ်။ ဟိုရှေးကသုံးတဲ့ ကိုယ်ဝန်ဆောင် ဗိုက်တိုင်းတဲ့ကရိယာမှာ သံချောင်းရှည်ရှည် ၂ ခု ပါတာ တွေ့တယ်။ ကောက်ခုံးနေတယ်။ သည်တခါ သံဖြူဆရာအလှည့်။ ဖျောင့်စေပြီး အဖျားချွန်ခိုင်းတယ်။

ဂုံညင်းရိုးအောက်နားမှာ ထုံဆေးထိုးပြီး သံချွန်နဲ့ခေါက်တယ်။ တောသာတွေက ဆရာဝန်လိုပဲ သတ္တိကောင်းတယ်။

ကြိုး။ နဖါးကြိုးအသစ် ဘယ်နှစ်ချောင်းယူမလဲတဲ့။ အုတ်ခဲ။ လူနာကိုယ်ခန္ဓာ ကြည့်ရတယ်။ ၃ ခဲလား ၄ ခဲလား။ နောက်ထပ် ၄ ခဲ လိုသေးတယ်။ ကုတင်ခြေရင်း မြှင့်ဖို့။ အဆင်သင့်ဖြစ်ပြီ ခဲဆွဲပေတော့။ အဝိုင်းကို ဂွမ်းတွေခံပြီး ပတ်တီးနဲဖုံးတယ်။ ပေါင်ရင်းအထိကပ်ထားတယ်။ စသဖြင့်။

ပေါင်ရိုးကျိုးတာ အချိန်ပိုယူလို့ ၂ လ ထားရတယ်။ ကျောက်ပတ်တီးတွေ သံချောင်းတွေဖြုတ်ပြီး လေ့ကျင့်ခန်း လုပ်စေရတယ်။ အချိန်ယူမယ်။ အစားအစာ ရှောင်စရာမရှိ။ အရိုးဆိုတာ ရိုးရိုးကျိုးရင် အလိုလိုဆက်တယ်။ ဆက်ဆေး မရှိ။ တည့်အောင် ငြိမ်အောင်လုပ်ပေးရတယ်။ ပေါင်းရိုးဆိုရင် မတိုအောင်လုပ်ရတယ်။ ပိုးဝင်စရာရင်သာ ပိုးသေဆေး လိုတယ်။ အနာသက်သာဆေးလိုတယ်။ အရိုးကျိုး နောက်မှကုရင် ပိုခက်တယ်။ တချို့ဆို ပြင်မရတော့ပါ။

ကျွန်တော် ရှိတာလေးတွေနဲ့ ကြံဖန်ကုသပေးခဲ့ရတဲ့ တောကလူနာတွေကို တောင်းပန်အပ်ပါတယ် နေကောင်းကြပါစေ။

ပုံတွေ ကိုယ်ပိုင် မဟုတ်ပါ။ အဲဒီခေတ်က တိုက်နယ်ဆရာဝန်မှာ ကင်မရာမရှိပါ။

ဒေါက်တာတင့်ဆွေ
၂၂-၆-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး