Moving forward ရှေ့သို့

မြန်မာပြည်ကလာနေသူတွေအများစုတက်တဲ့ ကျောင်းတကျောင်းမှာ ဘာသာပြန်ဆရာလုပ်နေရင်း လူရွယ်တွေနဲ့ ထိတွေ့ဆက်ဆံလာရတယ်။ အစကတော့ ကျွန်တော့်ကို ဘယ်သူဘယ်ဝါရယ်မသိကြပါ။ သိသိလာတော့ မေးခွန်းတွေ လာတယ်။ တချို့လည်း မြန်မာပြည်အခြေအနေကိုမေးတယ်။ ဖါသိဖါသာနေသူကများတယ်။ ကနေ့ ကျောင်းကအပြန်မှာ ကားတစီးတည်းစီးတဲ့ ကချင်ပြည်နယ်က ကျောင်းသားတယောက်မေးတယ်။ ဆရာ တရုပ်နဲ့ အမေရိကန် ဘယ်သူက ချမ်းသာသလည်းတဲ့။

၁၅ မိနစ်အတွင်းမှာ အတော်ကြိုးစားဖြေရပါတယ်။ အမေရိကန်တွေ နှစ် ၁ဝဝ ကျော်လုပ်ထားတာကို ချုပ်ပြောရတယ်။ တရုပ်တွေ နှစ် ၂ဝ လောက်လုပ်ထားတာကိုပါထည့်ပြောရတယ်။ မေးတဲ့သူ ဘယ်လောက်အခြေခံထိ သိသလည်း စူးစမ်းရင်း အဖြေရွေးရတာက ပညာပါတယ်။ ချမ်းသာတယ်ဆိုတာဘာလည်း ပြန်မေးပြီး ကိုယ့်ဖါသာပဲ ပြန်ဖြေရတယ်။ တရုပ်ဆီကနေ အမေရိကန်ကနေ ငွေတွေချေးယူထားတာနဲ့ အမေရိကားမှာ တရုပ်ရဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ ပမာဏ ကြီးမားတာ ပြောပြတယ်။ ဒါပေမယ့် စစ်အင်အား၊ နည်းပညာ၊ နိုင်ငံရေးပါဝါ၊ စတာတွေမှာ အမေရိကားကို ဘယ်သူမှ မမီကြတာကို နည်းနည်းလေးပြောပြလိုက်တယ်။ စစ်သုံးလက်နက်ဆန်းတွေ အမေရိကန်ကို ဘယ်သူမှ မမီတာကိုတော့ မေးတဲ့ကျောင်းသားကိုယ်တိုင်က ပြောပါတယ်။

အရင်ရက်ကလည်း ကားမောင်းတဲ့ ချင်းပြည်နယ်ကကျောင်းသားကို ဥရောပနိုင်ငံတွေက ဘာလို့ချမ်းသာနေကြလည်းကို ကျောင်းအပြန်မှာ ပြောပြခဲ့ရသေးတယ်။

အင်ဒီယာနာတက္ကသိုလ်မှာ (ဆင်မက်စတာ) တခုမှာတခါ မြန်မာပြည်အကြောင်းသွားပြောရတာကို သူငယ်တန်း ပြန်ဆင်းရခြင်းလို့ ရေးထားပါတယ်။ အခုအဖြစ်ကတော့ သူငယ်တန်းစာရော၊ အလယ်တန်းနဲ့ အထက်တန်းစာတွေကိုပါ ဖဲချပ်အစုံကို ကုလားဖန်ထိုးသလိုရောထွေးပြီး အမြန်ဆုံးနှုန်းနဲ့ တထိုင်တည်းပြီး စာသင်ရသလိုပဲ။ အတတ်ပညာ (အသိ) ပေးရတာနဲ့ သင်ကြားနည်းရွေးရတာက ဆတူခက်တယ်။ ဘယ်လောက်ထိလိုချင်သလည်းကိုပါ မှန်းဆနေရသေးတာ။

သိချင်သူတွေရှိရင် မမောမပမ်းဖြေချင်တယ်။ ကိုယ့်မြန်မာပြည် ဘာလို့ မွဲတေနေသလည်း၊ အောက်တန်းနောက်တန်း ကျနေသလည်းကိုတော့ မမေးကြလို့ တော်သေးတယ်။ လူရွယ်တွေ ရှေ့ကိုရှုနေကြပုံရတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၃-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ