Risk of having a baby with Down Syndrome ဒေါင်းဆင်ဒရုမ်းကလေးရနိုင်ချေ

ဆရာရှင့် သမီးအသက် ၃၅ နှစ်၊ အသက် ၃၁ နှစ်မှာ အိမ်ထောင်ပြုပါတယ်။ ၃၂နှစ်မှာ အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်မို့ ကိုယ်ဝန်၂ လနဲ့ ပျက်ခဲ့ပါတယ်။ ၃၃ နှစ်မှာ နောက်ထပ်ကိုယ်ဝန်ရတော့ သေချာဂရုတစိုက်ကို နေထိုင်ခဲ့ပါတယ်။ဒါပေမယ့် မွေးလာတဲ့ သမီးလေးက မွေးရာပါ down syndrome  ရောဂါသည်လေးဖြစ်နေပါတယ်။ အရမ်းကို ဂရုတစိုက်နဲ့ သေချာပြုစုခဲ့ပေမယ့်လည်း သူရဲ့မွေးရာပါ နှလုံးရောဂါနဲ့ အသက် ၄ လ အထိပဲရှင်ခဲ့ပါတယ်။ အမျိုးသားကလည်း သက်တူရွယ်တူပါ။ ၂ ဖက်မျိုးရိုးမှာလည်း ဒီလို down syndrome ရောဂါသည် မရှိခဲ့ကြပဲ ၊ သမီးတို့ ၂ယောက်မှာ ပထမဦးဆုံးပါ။ တစ်ခါမှမကြုံခဲ့ဖူးကြလို့ အားလုံးအံ့သြထိတ်လန့်ပြီး သေချာကိုဝိုင်းဂရုစိုက်ခဲ့ကြတာပါ။ အခုသမီးလေး ဆုံးတာ ၁ နှစ် နှင့် ၄ လရှိပါပြီ။ နောက်ထပ်ကလေးယူရင် သမီးလေးလိုမျိုး ထပ်ပြီးမွေးလာနိုင်လားဆိုတာ သိချင်ပါတယ်။ နောက်ထပ်ရလာမယ့်ကလေးအတွက်လည်း အရမ်းစိတ်ပူနေမိလို့ ကျေးဇူးပြုပြီးဖြေကြားပေးပါရှင့်။

ဒေါင်းဆင်ဒရုမ်း ဘာလို့ဖြစ်သလည်း တိတိကျကျမသိသေးပါ။ ကိုယ်ဝန်ကတည်းကတော့ စစ်လို့ရတယ်။ ခရိုမိုဇုမ်း ၂၁ မှာ ချို့ယွင်းနေမယ်။ ဒေါင်းဆင်ဒရုမ်းကလေးတွေ ၃-၄% မှာ ကော်ပီအပို ၂ ခုနဲ့ တဝက်တပျက်တခုပါနေတာတွေ့ရတယ်။ မိသားစုရာဇဝင် မလိုက်ဖူးလို့ ယူဆရတယ်။ ဆရာဝန်တွေက (ဘိုင်ချန့်စ်) ပြောတာကို ကံတရားလို့သာဘာသာပြန်ရမယ်။

မျိုးဗီဇ (၃) မျိုးဖြစ်နိုင်တယ်။ Trisomy 21က ၉ဝ% ရှိတယ်။ Trisomy 21 က ၂% သာရှိတယ်။ Translocation Trisomy 21-Sometimes က ၃-၄% ရှိတယ်။ Trisomy 21 ကလေးမျိုးမွေးဖူးရင် နောက်ကိုယ်ဝန်မှာလည်းထပ်ဖြစ်ကောင်း ဖြစ်နိုင်တယ်။ မိဘတယောက်ယောက်မှာ ကယ်ရီယာဖြစ်နေလို့ပါ။ ဖခင်က ကယ်ရီယာဖြစ်နေရင် နောက်ကိုယ်ဝန်မှာ ၃% ထပ်ဖြစ်စရာအလားအလာရှိတယ်။ မိခင်ကကယ်ရီယာဖြစ်နေရင် ၁၂% အလားအလာရှိတယ်။ ယေဘုယျ ၁% သာ ရှိပါတယ်။

အိမ်ထောင်ပြုတဲ့အသက်က အချက်တခုဖြစ်တယ်။ ၂၅ နှစ်မှာအိမ်ထောင်ပြုရင် ဒေါင်းဆင်ဒရုမ်းကလေးမွေးဖို့ အခွင့်အလမ်း ၁၂ဝဝ မှာ ၁ ရှိတယ်။ ၃၅ နှစ်ဆိုရင် ၃၅ဝ မှာ ၁ ယောက်၊ အသက် ၄ဝ ဆိုရင် ၁ဝဝ မှာ ၁ ယောက်။ ၄၉ နှစ်ဆိုရင် ၁ဝ ယောက် ၁ ယောက်အလားအလာရှိတယ်။

နောက်လေ့လာမှုတခုအရ အသက် ၂ဝ = ၁၆ဝဝ မှာ ၁ ယောက်၊ အသက် ၂၅ = ၁၃ဝဝ မှာ ၁ ယောက်၊ အသက် ၃ဝ = ၁ဝဝဝ မှာ ၁ ယောက်၊ အသက် ၃၅ = ၃၆၅ မှာ ၁ ယောက်၊ အသက် ၄ဝ = ၉ဝ မှာ ၁ ယောက်နဲ့ အသက် ၄၅ = ၃ဝ မှာ ၁ ယောက် အလားအလာရှိတယ်။ ဒါပေမယ့် ဒေါင်းဆင်ဒရုမ်းကလေး ၈ဝ% ဟာ မိခင်အသက် ၃၅ နှစ်ထက်မကြီးသေးသူတွေကနေ မွေးလာကြတာဖြစ်တယ်။

မိဘတွေမှာ ချို့ယွင်းချက်ရှိနေရင်လည်း ကလေးမရတတ်ပါ။ Trisomy 21 အမျိုးသမီးကနေ ကိုယ်ဝန်ရနိုင်ဘို့ ၁၅-၃ဝ% သာရှိပြီး ၅ဝ% အဲလိုကလေးမွေးလာနိုင်တယ်။ ယောက်ျားမှာ ဒေါင်းဆင်ဒရုမ်းရှိရင် ကလေးမမွေးပါ။

ကိုယ်ဝန်ဆောင်ချိန် Prenatal genetic screening မျိုးဗီဇစစ်ဆေးခြင်းလုပ်နိုင်ပါတယ်။ ကိုယ်ဝန် ၁၁ ကနေ ၁၄ ပတ်မှာ သွေးစစ်မယ်။ အာလ်ထွာဆောင်းရိုက်မယ်။ ကလေးဂုတ်ပိုးနေရာ အထူအပါး ကြည့်ရတယ်။ nuchal translucency ခေါ်တယ်။ ၈၂ ကနေ ၈၇% ကိုစစ်ဆေးတွေ့နိုင်တယ်။

Chorionic villus sampling (CVS) ကို ၉-၁၄ ပါတ်မှာစလုပ်နိုင်တယ်။ ကိုယ်ဝန်ပဌမ ၁၁-၁၄ ပါတ်မှာ စစ်ဆေးမှု ၂ ဆင့် လုပ်မယ်။ သွေးစစ်တာနဲ့ အာလ်ထွာဆောင်း။ Quad Marker Screen သွေးစစ်နည်းကို ၁၅-၂ဝ ပါတ်မှာလုပ်တယ်။ Triple Screen ကို ၁၆-၁၈ ပါတ်မှာလုပ်မယ်။ ကလေးကနေထုတ်တဲ့ Alpha-fetoprotein (AFP) ကိုစစ်မယ်။ human chorionic gonadotropin (hCG) နဲ့ unconjugated estriol အချင်းထုတ်တာတွေစစ်မယ်။ Amniocentesis ကို ကိုယ်ဝန် ၁၅ ပါတ် နောက်မှာသာ သေချာစေဘို့လုပ်မယ်။ Percutaneous umbilical blood sampling (PUBS) ကို ၁၈ ပါတ်မှာလုပ်တယ်။

အသက် ၃၅ နှစ်ရောက်မှကိုယ်ဝန်ဆောင်သူတွေက fetal DNA test စမ်းနည်းစစ်ဆေးနိုင်တယ်။ MaterniT21 or Harmony လို့ရောင်းတယ်။ ကိုယ်ဝန်ပဌမ ၃ လအတွင်းစစ်နိုင်တယ်။ ၉၉% တိကျတယ်လို့ဆိုတယ်။ ဒုတိယ ၃ လပိုင်းမှာ သွေးထပ်စစ်မယ်။ multiple marker screening (သို့) quad screening လို့ခေါ်တယ်။ ၈ဝ% သေချာတယ်။

မွေးလာတဲ့ကလေးကို ဒေါင်းဆင်ဒရုမ်းရှိ မရှိ မျက်နှာသွင်ပြင်ကြည့်ရတယ်။
• Short neck လည်ပင်းတိုမယ်။
• Abnormally shaped ears နားရွက်ပုံစံမူမမှန်ပါ။
• Protruding tongue လျှာတစ်လစ်ထွက်မယ်။
• Small head ခေါင်းအရွယ်အစားသေးမယ်။
• Deep crease in the palm of the hand with relatively short fingers လက်ဝါးအရေးအကြောင်းတွေ နက်မယ်။ လက်ချောင်းလေးတွေ တိုမယ်။
• Small hands and feet ခြေရောလက်ပါ သေးနေမယ်။
• White spots in the iris of the eye မျက်စိသူငယ်အိမ်မှာ အဖြေူစက်လေးတွေရှိမယ်။
• Poor muscle tone, loose ligaments, excessive flexibility ကြွက်သား (တုန်း) အားနည်းမယ်။ အရွတ်တွေ ချောင်မယ်။ ကွေးနိုင်စွမ်း လွန်ကဲနေမယ်။

လိုတဲ့ကလေးကို chromosomal karyotype test စစ်မယ်။ chromosome 21 အပိုတွေ့ရင် ဒေါင်းဆင်ဒရုမ်းဖြစ်မယ်။ တခြားတွဲပါနေနိုင်တဲ့မွေးရာပါချို့ယွင်းချက်တွေကိုလည်း စစ်ဆေးရမယ်
• Congenital heart disease မွေးရာပါနှလုံးရောဂါ၊
• Hearing problems နားအကြားမကောင်းတာ၊
• blocked small bowel or esophagus အူလမ်းကြောင်းပိတ်တာ၊
• Celiac disease ဆီးလိယက်ရောဂါ၊
• cataracts မျက်စိအတွင်းတိမ်၊
• Thyroid dysfunctions လည်ပင်းကြီးအလုပ်မမှန်ခြင်း၊
• Skeletal problems အရိုးရောဂါ။
• Dementia similar to Alzheimer’s မှတ်ဉာဏ်ချို့ယွင်းချက်တွေဖြစ်တယ်။ ခုခံအားစနစ်အားနည်းလို့ ရောဂါပိုးဝင်လွယ်လို့ Pneumonia နူမိုးနီးယားကိုလည်းသတိထားရမယ်။

အမေရိကားမှာ ကလေး ၈ဝဝ မွေးတိုင်းတယောက်မှာ အဲဒီရောဂါပါလာတယ်။ တနှစ်မှာ ၆ဝဝဝ ရှိတယ်။ အဲလိုကလေး ၈၅% ဟာ ၁ နှစ်သာအသက်ရှင်တယ်။ ၅ဝ% ဟာ အသက် ၅ဝ အထိရှင်ကြတယ်။ လက်ရှိ လူဦးရေ ၃၅ဝဝဝဝ မှာ ဒေါင်းဆင်ဒရုမ်းရှိကြတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၃-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး