Generals in politics ဗိုလ်ချုပ်တွေနဲ့ နိုင်ငံရေး
အခုပဲ VOA ကမေးလို့ ဖြေရပါတယ်။ တပ်မတော်ကတင်တဲ့ ဒုသမ္မတသတင်း။
အငြိမ်းစား ဗခက မြင့်ဆွေရဲ့ အမှုထမ်းဘဝအချုပ်ကို ၅၉ (စ) ကို နည်းနည်းလေးပြင်ချင်ခဲ့တာဘာလို့လည်းကို ရေးထားပါတယ်။
ဗခက (ငြိမ်း) ဦးမြင့်ဆွေကို ဒုသမ္မတအဖြစ် တပ်မတော်ကနေရွေးတယ်ဆိုကတည်းက လူထုက မေးလာကြတယ်။ အလိုမကျဖြစ်နေကြတယ်။ ဗခက (ငြိမ်း) ဦးမြင့်ဆွေဟာ ရန်ကုန်တိုင်းမှာ တိုင်မှူး၊ (တဝတ) ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် တာဝန်ထမ်းစဉ်က လူထုဖက်ကအမြင်မှာ နာမည်ကောင်းမရတဲ့အပြင် နာမည်ဆိုးထွက်ထားသူဖြစ်ပါတယ်။
အရင်တုန်းက ၅၉ (စ) နဲ့ငြိနေလို့ ဒုသမ္မတမလုပ်ရတာလို့ အားလုံးကသိထားတယ်။ မနေ့တနေ့ကတော့ ငြိခဲ့တယ်၊ အခု မငြိတော့ဘူးဆိုတာက မေးခွန်းအကြီးစားဖြစ်တယ်။ အဲလောက်လွယ်ပါသလား။ ဥပဒေဟာ ဘယ်သူ့လက်ထဲမှာလည်း။ အဲလိုမျိုးတွေလုပ်လို့ရအောင် ပြည်ထဲရေးဝန်ကြီးနေရာကို စစ်တပ်ကယူချင်တာလား။
အစိုးရသက်တမ်းကုန်ကာနီး ရက်ပိုင်းအတွင်းမှာ ရန်ကုန်ကနေထွက်တဲ့သတင်းတွေမှာ စီးပွါးရေးလုပ်ငန်းတွေ၊ မြေသိမ်း၊ မြေငှား စတာတွေဟာ အတော်ကို လောဘဇောတိုက်လွန်းတယ်။ ဒါ့ပြင် ဗခက (ငြိမ်း) ဦးမြင့်ဆွေဟာ အမေရိကန် ပြည်ထောင်စုကလည်း သူ့ကို OFAC ခေါ်တဲ့ နိုင်ငံခြားပိုင်ဆိုင်မှုပစ္စည်းထိန်းချုပ်ရေးဌာနရဲ့ SDN ခေါ်တဲ့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ အရေးယူဖို့ အထူးသတ်မှတ်ထားတဲ့ နိုင်ငံတွေနဲ့ လူပုဂ္ဂိုလ်တွေစာရင်းထဲမှာ ပါနေတယ်။ အဲတော့ အဂတိလိုက်စားမှုနဲ့ တရားဥပဒေစိုးမိုးမှုအရလည်း တိုင်းပြည်ပါ နာမည်ထပ်ပျက်ရစရာပါတယ်။
ဒေါ်အောင်ဆန်းစုကြည့်ကတော့ ဒုသမ္မတ ၂ ဦးကို ဘာကြောင့် ရွေးချယ်ခဲ့သလည်း ရှင်းလင်းတင်ပြပြီးဖြစ်ပါတယ်။ အခု ဗခမက မင်းအောင်လှိုင်ကနေ ဗခက (ငြိမ်း) ဦးမြင့်ဆွေကို ဘာကြောင့် ရွေးသလည်းဆိုတာ ပြည်သူလူထုသိအောင် ရှုင်းပြသင့်ပါတယ်။ ဒါပေမယ့် စစ်သားကောင်းတယောက်ဖြစ်တယ်လို့နဲ့တော့ မရပါ။ အခုစစ်ထဲမှာ တာဝန်ထမ်းရမှာ မဟုတ်ပါ။ ကမ္ဘာမှာ စစ်မှုထမ်းတုံးကထူးချွန်ခဲ့ပြီး နိုင်ငံရေးမှာမအောင်မြင်တဲ့ ဗိုလ်ချုပ်ကြီးတွေရှိတယ်။
ထိုင်းဗိုလ်ချုပ်ကြီး (ဆူရာယွတ် ချူလာနော့) ကလည်းဝန်ခံထားတာရှိတယ်။ စစ်ဗိုလ်ချုပ်တွေ နည်းနည်းလောက်သာ နိုင်ငံရေးမှာ အောင်မြင်တယ်လို့။ ၁၉၉၁ ပင်လယ်ကွေ့စစ်ပွဲမှာ နာမည်ကောင်းရပြီး ထူးချွန်တဲ့ အမေရိကန်ဗိုလ်ချုပ်ကြီး (ကော်လင် ပါဝဲလ်) ဟာ သမတဖြစ်မလာပါ။ မြန်မာ့တပ်မတော် လူရွေးမတော်ပါလို့ မပြောပါရစေနဲ့ဗျာ။
ဒေါက်တာတင့်ဆွေ
၁၂-၃-၂ဝ၁၆
Photo = In transit by Banyan- As Aung San Suu Kyi sits down with the generals, Myanmar’s political future remains unclear- Dec 12th 2015

Comments
Post a Comment