Acer laptop တိုင်းပြည်သစ်
လူတိုင်းလိုလိုက နာမည်သစ်တွေကိုသာ စိတ်ဝင်စားနေချိန်မှာ ကြားညှပ်ပြီး အကြောင်းအဟောင်းလေး ရေးပါရစေ။
Kyaw Ngwe အမျိုးသားလွှတ်တော်မှာ Acer laptop များတစ်ယောက်တစ်လုံး ထုတ်ပေးရာ မကွေးတိုင်း အဖွဲ့ကလည်း အုပ်စုလိုက်ထုတ်ခဲ့ကြပါပြီ။
ဆရာကျော်ငွေ့ ၁၉၉ဝ မော်ဒယ်ကော ဝေအုန်းမယ်လို့ မကြားဘူးလားဗျ။
ကျွန်တော်တို့ခေတ်တုန်းက (လက်ပတော့) မပြောနဲ့၊ (ဝှိုက်) ဘုတ်တောင် ကောင်းကောင်းမပေါ်သေးဘူး။ (ဘလက်ဘုတ်) နဲ့ မြေဖြူခေတ်ပေါ့။ ပြည်ပထွက်ပြီး ၁၉၉၃ အကုန်လောက် ဘန်ကောက်ရုံးရောက်မှ ကွန်ပြူတာကို စကိုင်ရတယ်။ အဲတာလည်း (ဘလက်-အင်-ဝှိုက်) (ဆခရင်) နဲ့ (ဒက်က်စ်တော့ပ်) ခေတ်ပေါ့။ (ဝင်းဒိုး) တောင်မှ မပေါ်သေးဘူး။ DOS ဆိုတဲ့အဆင့်၊ (ကွန်မင့်) တွေကို အလွတ်မှတ်ထားပြီး (ကော်ပီ စီ ကိုလုံ အေ) စသဖြင့်ရိုက်ရတယ်။ (ပရင်တာ) ကလည်း (ဒေါ့-မက်ထရစ်) စာတရွက် (ပရင့်) ထုတ်ရင် ရက်ကန်းယက်သလို တချောင်းချောင်းနဲ့ လွန်းသွား ဘယ်ညာပြေးသလိုပဲ။
ဒေလီကနေ ဘန်ကောက်ရုံးနဲ့ ဝါရှင်တန်ရုံးတွေဆီ ဖုန်းဆက်ရင် (ကွိုင်) စေ့တွေကို လက်တဖက်ကနေ ဖုန်းခွက်ထဲကို အဆက်မပြတ် ထည့်ပေးနေရတာ။ ပြည်တွင်းဆက်သွယ်ရေးလျှို့ဝှက်လုပ်ဖို့ (ဆက်တလိုက်) ဖုန်းစပေါ်တော့ ရူးပီး တသိန်းကျော်တောင်ပေးရတယ်။
ကွယ်လွန်သူ ရေဦး NLD အမတ် ဦးဝင်းကိုကနေ ကျွန်တော့်ဆီ ဒေါ်လာ ၅ဝဝ လှမ်းပို့တုန်းက ၁ ဒေါ်လာကို ၂၅ ရူးပီးနဲ့ လဲရတယ်။ အခုတော့ ၆၇ ရူးပီးတောင်ကျော်နေပြီ။ ကျွန်တော့်အသက်လိုပဲပေါ့။
ကျွန်တော်တို့ခေတ်ကုန်ပြီ။ အမတ်သစ်တွေ လက်ပတော့အသစ်တွေနဲ့ တိုင်းပြည်သစ်တည်ကြစို့လား။
မှတ်ချက်။ ဒေါက်တာကျော်ငွေက ရေစကြိုကနေတက်တဲ့ အမျိုးသားလွှတ်တော်အမတ်ဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
၁ဝ-၃-၂ဝ၁၆

Comments
Post a Comment