Pregnancy right after your period ရက်ရှောင်နည်းမှာ သတိထားစရာ
ရာသီလာပြီးပြီးချင်း ၁ ရက်မြောက်နဲ့ ၂ ရက်မြောက်မှာ အမျိုးသားနဲ့ အတူတူနေပါတယ်။ ကိုယ်ဝန်ရှိသွားပါတယ်။ ကျမ အမျိုးသားမှလွဲပြီး အိမ်ထောင်ရေး မဖောက်ပြန်ခဲ့ပါဘူးရှင့်။ လင်မယားချင်းလဲ အရမ်း အဆင်မပြေဖြစ်နေပါတယ်။ အမျိုးသားက အဝေးမှာ စီးပွားရှာပြီး ၃ လမှတခါ ပြန်လာတတ်တာပါရှင့်။ ကျမလိုခြေအနေမှာ ကိုယ်ဝန်ရတာ ဘာကြောင့်ပါလဲ။
တိုတိုနဲ့ဖြေရရင် ကိုယ်ဝန်မရဘူးလို့ ရာနှုန်းပြည့် အာမမခံပါ။
အဲဒီလို အတူနေချိန်မှာ မ-မျိုးဥ မထွက်သေးပါ။ မထွက်ခင် ၃-၄ ရက်ကြိုရှိနေတဲ့ သုက်ပိုးနဲ့တွေ့ရင် ကိုယ်ဝန်ဖြစ်နိုင်လို့ Calendar method ပြက္ခဒိန်နည်း ထဲမှာ ဒီလိုရေးထားပါတယ်။
• ရာသီလာရက်ရဲ့ ရှေ့ ၇ ရက်၊ ရာသီလာပြီး နောက် ၇ ရက်တွေမှာ အတူနေတာ စိတ်ချရတယ်လို့ ပြောကြတယ်။ ဒါကအကြမ်းပြောကြတာသာ ဖြစ်တယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း ၁၁့၉% ကိုယ်ဝန် ရကြတယ်။
• မျိုးဥထွက်ရက်အတိမှာ ဆက်ဆံသူတွေ ၈-၁ဝ% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၅ ရက် အလိုမှာ ဆက်ဆံသူတွေ ၄% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၄ ရက်အလိုမှာ ဆက်ဆံသူတွေ ၁၅% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၂ ရက်အလိုမှာ ဆက်ဆံသူတွေ ၂၅-၂၈% ကိုယ်ဝန်ရကြတယ်။
• WHO Family Planning Handbook for Providers, 2007 ကိုယ်ဝန်ရစေနိုင်သည့်နှုန်း တနှစ်တာ သုတေသနအရ ရက်ရှောင်နည်းကနေ ၅-၁၂% ကိုယ်ဝန်ရတယ်။
ဘာလို့ အဲလိုလာဖြစ်ရသလဲ
မ-မျိုးဥမထွက်ခင် စောရောက်နေတဲ့ ယောက်ျားသုက်ပိုးဟာ သားအိမ်ပြွန်ထဲမှာ အများဆုံးနေနိုင်တဲ့ ၃-၅ ရက်ထက်ပိုပြီး ရှင်သန်နေနိုင်ခဲ့လို့ ဖြစ်မယ်။ ၇ ရက်ထက်တော့ မနေနိုင်ဘူးလို့ ယူဆတယ်။ နောက်တချက်က အမျိုးသမီးဟာ ရာသီလာပြီး မကြာခင် မျိုးဥထွက်လာလို့ဖြစ်မယ်။ မျိုးဥက ထွက်လာပြီးနောက်မှာ ၂၄-၄၈ နာရီအထိ ရှင်သန်နေတယ်။ အမျိုးသမီးတွေ ကလေးရစေနိုင်တဲ့ အကောင်းဆုံးရက်တွေဟာ ရာသီမလာခင် ၃-၄-၅ ရက်တွေနဲ့ ရာသီလာပြီးနောက် ၃ ရက်တွေဖြစ်တယ်။ တလမှာ တပတ်ကြာတယ်။
၂ဝဝ၅ NIH သုတေသနတခုမှာ အသက် ၂၅ ကနေ ၃၅ နှစ်ရှိတဲ့၊ ရာသီလဲမှန်ကြတဲ့ အမျိုးသမီးပေါင်း ၂၁၃ ယောက်ကို လေ့လာခဲ့တယ်။ ကိုယ်ဝန်ရစေနိုင်တဲ့ရက်ဟာ ပြောနေကြထက် စောတာတွေ့ရတယ်။ ရာသီလာပြီးတဲ့ရက်ကနေစတာလဲ တွေ့ရတယ်။ ၁၇% ဟာ ၄ ရက်မြောက်ကတည်းက ကလေးရနိုင်ကြပြီ။
မျိုးဥထွက်တယ်ဆိုတာ ပြီးခဲ့တဲ့လအတွက် ရာသီဆင်းတာနဲ့မဆိုင်ဘဲ အခုလနဲ့သာဆိုင်တယ်။ အဲဒါကကြိုတွက်မရ ဖြစ်တတ်တယ် မဟုတ်ပါလား။ မိန်းကလေးငယ်ရင် ပိုမရေရာဘူး။ စိတ်အပြောင်းအလဲ၊ ဥတုအပြောင်းအလဲ၊ နေမကောင်း ဖြစ်တာတွေကနေ သက်ရောက်နိုင်တယ်။
ကိုယ်ဝန်ဆိုတာ မရချင်သေးသူတွေအဖို့ တားရခက်တတ်တယ်။ တချို့က ဆက်ဆံပြီးတာနဲ့ (ဗဂျိုင်းနား) ကို ကောင်းကောင်း ဆေးပြစ်ရင် ရမယ်ထင်တယ်။ တချို့ဆိုရင် (ကိုကာကိုလာ) နဲ့ဆေးရင် သုက်ပိုးတွေ သေသွားမယ် ယူဆတယ်။ အာမမခံပါ။ စမ်းသပ်ခန်းထဲမှာ စမ်းသပ်ဖန်ပြွန်ထဲက စမ်းသပ်ခံရသူတယောက်သာ ဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment